" ပရမာနံ ကမ္မံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့အတွက်သာဖြစ်၏ "

Thursday, May 10, 2012

ရှမ်းပြည်နယ်မှ ထန်စမ်းဂူ

လှိုဏ်ဂူအတွင်းမှ အလွန်လှပသော သဘာဝကျောက်ခက် ပန်းဆွဲများ
                                                 
 

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလထဲမှာ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့အပါအ၀င် ထိုမှ ၁၂ မိုင်ခန့်ဝေး ကွာသော ကျောက်တလုံးဒေသရှိ ဟိုပုံးမြို့နှင့် ထန်စမ်းဂူ ဆိုတာကို ရောက်ခဲ့တယ်၊သွားဖြစ် ကြွဖြစ်ခဲ့တဲ့ ခရီးတွေကတော့ အများ သား၊ သို့ပေမယ့်အကြောင်းကြောင်းတွေကြောင့် ခရီးက ပြန်ရောက်ရောက် ချင်းမှာ စာမရေးဖြစ်တော့ရင် နောက်ကြာမှ သတိရတဲ့အခါ ရေးလို့ အဆင်မပြေတော့ဘူး ကိုယ်ရော စိတ်ရော နှစ်ပြီး ရေးလို့ မရတော့ဘူး လို့ ထင်ပါ တယ်၊

အခုလဲမနှစ်ကသွားဖြစ်ခဲ့တဲ့ ခရီးကို အခုမှ ဓာတ်ပုံမှတ်တမ်းများ ကျန်သေးတာမို့ ရေးဖြစ်လိုက်တယ်၊ ထန်စမ်းဂူ ဆိုတာ မြန်မာတွေ အခေါ်ပါ၊ တကယ်က ပအိုဝ့်တိုင်းရင်းသားတို့ စကား ဖြစ်မယ် ထင်တယ်၊ (ထမ်းဆိုတာ ပအိုဝ့်စကားအရ လှိုဏ်ဂူ၊ စင်-က ရွာ၊ ပေါင်းလိုက်တော့ ပအိုဝ့်ရွာနားမှာ ရှိနေတဲ့ ဂူလို့ အဓိပ္ပါယ်ရမယ် ထင်တယ် )  လွန်ခဲ့တဲ့ ၅ နှစ် ကျော် ၆ နှစ်လောက်ကမှ ရှာဖွေတွေ့ရှိခဲ့တယ် လို့ သိရ တယ်၊

အရင်ငြိမ်းချမ်းရေး မယူခင်ကတော့ ပိန်းပိတ်အောင်မှောင်နေတဲ့ ချုံနွယ်တွေနဲ့ အဲဒီနားရောက်ရင် လူတွေ ပျောက်ပျောက် သွားကြတယ် လို့ ဆိုတယ်၊  တောင်ကြီးကနေ ၂၄ မိုင်၊ ဟိုပုံးမြို့ကနေ ၁၂ မိုင်လောက် ဝေးလံတဲ့ တောင်ကြိုတောင်ကြား ထဲမှာ တည်ရှိနေပြီး  သက်တမ်းကြာလွန်ခဲ့ပြီ ဆိုတာ ကို လှိုဏ်ဂူထဲမှာ တွေ့ခဲ့ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေအရ ခန့်မှန်းမိပါတယ်၊  ကြားဖူးခဲ့တဲ့ သတင်းအရ ပအိုဝ့်တိုင်းရင်း သားတွေ ငြိမ်းချမ်းရေး မယူခင်က အဲဒီ လှိုဏ်ဂူမှာ ခိုအောင်းပြီး တပ်စခန်းချခဲ့ကြတယ် လို့ ဆိုတယ်၊

အခုတော့ သမိုင်းဝင် လှိုဏ်ဂူ ဖြစ်အောင် ယဉ်ကျေးမှုနှင့် မြန်မာ့အနုပညာလက်ရာများ၊ သဘာဝကျောက်ဖြစ်ရုပ် ကြွင်းများ ဖြင့် ဘုရားဖူးလာသူ လူအများကို ဆွဲဆောင်ရာ နေရာတခု ဖြစ်နေပါပြီ၊ Tourist Attraction Site တခုအနေနဲ့ ဘုရားဖူး ကားများကလဲ တောင်ကြီးမှ တဆင့် ပို့ဆောင်ပေးနေပါပြီ၊ ယခုလက်ရှိအချိန်မှာတော့ ဟိုပုံးကိုရင်လေး လို့ အဲဒီနယ် တ၀ိုက်မှာ နာမည်ကြီးနေတဲ့ ဆရာတော်တပါး( အသက်ပြည့်သော်လည်း ရဟန်းမခံပဲ ကိုရင်ဘ၀ဖြင့်ပင် ဆက်နေသည့် )ကိုရင်တပါး ယခုတော့ ၃၆ နှစ်လောက်ရှိပြီထင်သည်၊ ထိုကိုရင်က ဦးစီးကာ လှိုဏ်ဂူအတွင်းရော အပြင်ဘက်မှာပါ ငွေအား လူအားဖြင့်   ပြန်လည်မွန်းမံ နေဆဲပါ၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့က ပိတ်ချင်းမြှောင် လှိုဏ်ဂူသဘောမျိုး လှိုဏ်ဂူအတွင်းမှာ ဘုရားဆင်းတုေ တ်ာများ၊ မီးပန်း မီးဆိုင်းများ၊ ရေတံခွန်လေးများ စမ်းချောင်းလေးများဖြင့် ကြည့်ချင်စဖွယ်ဖြစ်အောင် မွန်းမံနေပါတယ်၊

စာရေးသူ သွားတာ ဇန်န၀ါရီလထဲမှာ ဆိုတော့ အေးလိုက်ပုံများ၊ အနွေးထည်ကို  ထူနိုင်သလောက် ထူအောင် ၀တ်ထား ရတယ်၊ ကျမ္မာရေးတွေဖောက်၊ ၀မ်းတွေ မမှန်နဲ့ လူလဲ အာခေါင်တွေကွဲ၊ နှုတ်ခမ်းတွေကွဲနှင့် တော်တော် ဒဏ်ခံခဲ့ရတယ်၊ အဲဒီကနေ တဆင့် တောင်ကြီး၊ အင်းလေး တ၀ိုက် ရောက်ခဲ့ပြန်သေးတယ်၊ ဘယ်လိုပင် ပင်ပန်းကာ ရာသီဥတုဒဏ် ခံခဲ့ရသော်လည်း ရန်ကုန်ပြန်ရောက်တော့ ပင်ပန်းခဲ့သမျှ အားလုံး ပြေပျောက်ခဲ့ရတာမို့ ဒေသန္တရဗဟုဿုတတွေ အများကြီး ရခဲ့တဲ့ သဘာဝအလှအပ ကျောက်ပန်းများစွာဖြင့် လှပနေတဲ့ ထန်စမ်းဂူကို သတိတရ ရှိနေမှာပါ။


 လှိုဏ်ဂူ အ၀င်ဝမှ တွေ့မြင်ရပုံ
 ထမ်စန်းဂူ လှိုဏ်ဂူ အ၀င်ဝသို့ သွားရာလမ်း






















 လှိုဏ်ဂူဆုံးခါနီး ကျယ်ကျယ်ပြန့်ပြန့်နေရာတွင် ယခုလို ဘုရားပူဇော်ရန် ခမ်းခမ်းနားနား ပြုလုပ်ပေးထားပုံ


















 ဟိုပုံးကိုရင်လေးဆိုသူကို လှိုဏ်ဂူအ၀မှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့မြင်ရတာ ဖြစ်ပါတယ်၊
                                    
 လှိုဏ်ဂူ အ၀င်ဝ မြင်ကွင်းများ ဖြစ်ပါတယ်၊


 တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ကုံလုံ၊ မွေတော်ကက္ကူ ဘုရား စသော ရှေးဟောင်းသမိုင်းဝင် နေရာတော် တော်များများ ကိုသွားရောက်ရင်း တဆက်တည်း သွားရောက်နိုင်ပါတယ်၊ ကုံလုံဒေသ ဆိုရင် အရိယာ လို့ သတင်း ထွက်နေတဲ့ ကျေးဇူး တော်ရှင် ကုံလုံဆရာတော်ဘုရားကြီးဟာ ပျံလွန်တော်မူပြီးသော်လည်း စွန်းလွန်းဆရာတော် ဘုရားကြီးကဲ့သို့ ခန္ဓာကိုယ် ကြီး မပုပ်မသိုးပဲ ယနေ့ထက်ထိတိုင် ပူဇော်ခံယူနေဆဲ ဖြစ်ပါတယ်၊ ခန္ဓာကိုယ်ကြီးဟာ မပုပ်မသိုးပဲ အသား အရေတွေ ခြောက်ကပ်ပိန်ပြီး အရောင်အဆင်းက မည်းသွားတာကလွဲရင်  ယနေ့ထက်ထိ ရှိနေသေးတာ အံ့သြစရာပါ၊

စာရေးသူရဲ့ ဘ၀မှာ အဲလိုဆရာတော်ကြီးတွေ ( ၃ )ပါး ဖူးမြင်ခဲ့ရတယ်၊ မြင်းခြံမြို့က စွန်းလွန်းဆရာတော်ဘုရားကြီး ရုပ်အလောင်း၊ ကုံလုံဒေသက ကုံလုံဆရာတော်ဘုရားကြီး ရုပ်အလောင်းနဲ့ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်ဘုရားသို့ တက်ရာ လူသွားစကြံ လမ်းဘေး အရှေ့ဘက်ခြမ်းမှာ ဆရာတော်တပါး ရုပ်အလောင်းရှိပါတယ်၊ ဘွဲ့နာမည်တော့ မမှတ်မိ တော့ပါ၊   နှစ်ပေါင်းများစွာ ကြာသော်လည်း သက်သေပြနေဆဲ ထူးခြား ရုပ်ခန္ဓာများ ဖြစ်ပါတယ်၊ ဖူးမြင်ရခဲတမျှပါပေ..

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date.10.May.2012

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...