" ပရမာနံ ကမ္မံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့အတွက်သာဖြစ်၏ "
Saturday, March 24, 2012
မှတ်စုမှတ်ရာ အတိုအထွာ
မေး ။ ။ တရားအားထုတ်လျှင် ရှေးဘ၀ နောင်ဖြစ်မည့် ဘ၀တွေကို သိမြင် နိုင်ပါသလား ။
ဖြေ ။ ။ သိမြင်နိုင်တာလည်းရှိတယ် ။ မသိ မမြင် နိုင်တာလည်းရှိပါတယ် ။ ဘယ်လိုလဲဆိုလျှင် သမထ ဘာဝနာ ကို အားထုတ်လျှင် ဈာန်ရိုးရိုး လောက် ရတာလည်းရှိပါတယ် ။အဘိညာဉ်ပါ ရတာလည်း ရှိပါတယ် ။
မေး ။ ။ လူ့ဘ၀ က သေပြီးတဲ့နောက်မှာ တစ်ဖန် ဘ၀ သစ်ဖြစ်တယ်ဆိုတာ ဟုတ်ပါသလား ။ ဘယ်လိုဖြစ်ပါသလဲ ။
ဖြေ ။ ။ လောဘ ဒေါသ စသော ကိလေသာ မကင်းသေးတဲ့ သူဟာ သေပြီးတဲ့နောက်မှာ
ဘ၀သစ်ဖြစ်ရပါတယ် ။ဖြစ်ပုံကတော့ စိတ်ဆိုတာ ရုပ်ကိုယ် ကို မှီပြီး တော့ တစ်ခုပြီးတစ်ခု မပြတ်ဖြစ်နေတယ်
 ဓာတ်မီးလုံးထဲမှာ လျှပ်စစ်ဓာတ်အားတွေ အသစ်သစ်လာပြီး လင်းနေသလိုပါပဲ
အကယ်၍ ဗတ်သီး ( မီးလုံး ) က ပျက်သွားလျှင် အဲဒီ ဗတ်သီး (မီးလုံး ) ထဲမှာ မီးမလင်းတော့
ဘူး ။ ဒါပေမယ့် ဓာတ်ကြိုးထဲမှာ ဓာတ်အားကတော့ ရှိနေလျက်ပဲ ။ အဲဒီ ပျက်နေတဲ့မီးလုံး
ကိုဖယ်ပြီး ဓာတ်မီးလုံးအသစ်ကို ထည့်ပေးလိုက်၇င် အဲဒီ မီးလုံး အသစ်ထဲမှာ မီးဟာ ယခင်
ကလိုပဲ လင်းမြဲ လင်းနေပြန်ပါတယ် ။
ဒါလိုပဲ ရုပ်ကိုယ် အဟောင်းက ပျက်သွားတဲ့အခါမှာစိတ်က အဲဒီကိုယ်ထဲမှာ မဖြစ်နိုင်တော့ဘူး ။ အဲဒါကို သေတယ်လို့ခေါ်ကြပါတယ် ။ဒါပေမယ့်စိတ်ကတော့ လုံးလုံး ပျောက်သွားတာ မဟုတ်ပါဘူး ။ တခြား ကိုယ်ရုပ်အသစ်ထဲမှာ သွားဖြစ်ပြန်တယ် ။ မီးလုံး အသစ်ထဲမှာ မီးလင်းမြဲ လင်းနေပြန်သလိုပဲ ။
ဆက်လက်ပြီးဖြစ်ပေါ်ပုံက ဘယ်လိုလဲဆိုရင် စိတ်ဆိုတာ အာရုံတစ်ခုခုကို စွဲလမ်းပြီး မပြတ်ဖြစ်နေတယ် ။ အာရုံ ကို လုံးလုံး စွန့်လွှတ် မေ့ပျောက် မပစ်နိုင်ဘူး ။
သစ်ပင်ပေါ်ကမျောက်ဟာ သစ်ကိုင်းကို လုံးလုံး စွန့်လွှတ် မထားနိုင်သလိုပဲ ၊ ဒါကြောင့် သေခါနီးမှာ ကိုယ်
ပြုခဲ့တဲ့ အမှုကိစ္စ တစ်ခုခု ကို စွဲလမ်းနေရင်းနဲ့သေသွားတယ် ။  သေတယ်ဆိုတာကလည်းလက်ရှိ ရုပ်ဟောင်းထဲမှာ စိတ်အသစ် ပြန်မဖြစ်ပေါ်လာတော့တာပဲ ။ ပြတ်စဲသွားတာကိုခေါ်ပါတယ် ။ ဒီလိုပြတ်စဲသွားတဲ့အခါမှာ သေခါနီး စွဲလမ်းခဲ့တဲ့ အာရုံကိုပဲ စွဲပြီးတော့ရုပ်ကိုယ်အသစ်ထဲမှာ စိတ်အသစ်ဖြစ်ပေါ်လာပါတယ် ။အဲဒါကို ဘ၀ အသစ်ဖြစ်တယ်လို့ခေါ်ပါတယ် ။
ဥပမာ အိပ်မက်ထဲက စွဲလာတဲ့ အာရုံကို နိုးလာသည့်တိုင်အောင် မပျောက်ပဲစွဲလမ်းနေတာနှင့်တူပါတယ် ။အလှူပေးခြင်း စသော ကောင်းမှုကိုစွဲလမ်းပြီး သေလာခဲ့လျှင်မြင့်မြတ်တဲ့ ဘ၀ မှာဖြစ်ပါတယ် ။ သတ်ဖြတ်ခြင်းစသော မကောင်းမှုကိုစွဲလမ်းပြီးသေလာခဲ့လျှင် ယုတ်ညံ့တဲ့ ဘ၀ မှာ ဖြစ်ပါတယ် ။ ဒီလိုဖြစ်တာကို ကုသိုလ်ကံ ကကောင်းကျိုးပေးတယ်အကုသိုလ် ကံ က မကောင်းကျိုးပေးတယ် လို့ခေါ်ရပါတယ် ။ ကံ ဆိုတာ ပြုမှုပဲ ၊ ပြုတာရှိလျှင်
တန်ပြန်မှုရှိတယ် ။
တောအုပ်ထဲ မှာဖြစ်စေ ၊ လိုဏ်ခေါင်းထဲမှာဖြစ်စေ ဟေး လို့ အော်လိုက်ရင် အဝေကနေပြီး ဟေး ဆိုတဲ့ ပဲ့တင်သံ ပြန်လာပါတယ် ။ မြေကြီးပေါ်ကို ဘောလုံးပေါက်လိုက်ရင် အထက်ကိုပြန်တက်လာတယ် ။ တစ်စုံတစ်ခုကို တုတ် နှင့် ရိုက်လိုက်ရင် အရိုက်ခံရတဲ့ ၀တ္ထု က အသံမြည်လာတယ် ။ ဒါတွေ ဟာ တန်ပြန်မှု တွေပဲ ။
အခါးမျိုးစေ့ စိုက်လျှင် အခါးသီး သီးတယ် ၊ အချိုမျိုးစေ့စိုက်လျှင် အချိုသီး သီးတယ်၊ ခွေးကို ခဲ နှင့် ပေါက်လျှင် အဲဒီ ခွေးကပြန်ဟောင်တယ် ၊ ခွေးကို ချိုချိုသာသာ ခေါ်ပြီးကျွေးလျှင် အဲဒီခွေး က အမြီးနှံ့ပြီးအရိုအသေပြုတယ်၊
လူတစ်ယောက်ကိုဆဲလိုက်လျှင်အဲဒီလူက ပြန်ဆဲတတ်တယ် ။ ပြုံးရွှင်ပြီး ချိုချိုသာသာ နှင့် နှုတ်ခွန်းဆက်လျှင် အဲဒီလူကလည်းပြုံးရွှင်ပြီး ချိုချိုသာသာနှင့်ပြန်ပြီး နှုတ်ခွန်းဆက်တယ် ။ ဒါတွေလည်း တန်ပြန်လာတဲ့အကျိုး
တွေပဲ ။ထို့အတူ ကောင်းသောပြုမူရှိလျှင် ကောင်းသော ဘ၀အကျိုး တန်ပြန်လာတယ် ။
မကောင်းသောပြုမှုရှိလျှင် မကောင်းသော ဘ၀အကျိုး တန်ပြန်လာတယ် ။ ဒီနည်းဖြင့်သတ္တ၀ါ တွေဟာ ကိလေသာ မကင်းသေးသမျှ ကာလပတ်လုံး တစ်ဘ၀က သေပြီးလျှင်အခြား ဘ၀မှာ မိမိပြုထားတဲ့အမှု ကံ အားလျော်စွာ အသစ်ဖြစ်ဖြစ်သွားပါတယ် ။
ဝိပဿနာ ဘာဝနာ အလုပ်ကို အားထုတ်ပြီး ရဟန္တာ ဖြစ်သွားတဲ့အခါမှာကိလေသာတွေ လုံးဝ ကင်းစင်သွားပါတယ် ။ အဲဒီလို ကိလေသာ လုံးလုံးကင်းစင်သွားတဲ့ရဟန္တာပုဂ္ဂိုလ် မှာတော့ ပရိနိဗ္ဗာန်စံသည်၏ အခြားမဲ့မှာ ဘ၀သစ် မဖြစ်ရတော့ပဲ အစဉ်ထာဝရ ငြိမ်းအေး သွားပါတယ် ။
မေး ။ ။ နောက်တမလွန်ဘ၀မှာ ဘယ်မှာဖြစ်မယ် ဆိုတာသိပါသလား ။
ဖြေ ။ ။ ဘယ်မှာ ဖြစ်မယ်လို့တော့ မသိပါဘူး ။ ဒါပေမယ့် ဗုဒ္ဓဘာသာတရားတော်အရ ကိလေသာ မကင်းသေးလျှင် ဘ၀သစ် ဖြစ်ဦးမယ် လို့တော့ ပြောနိုင်ပါတယ် ။သီဟိုဠ်မှာလည်း ဖြစ်နိုင်ပါတယ် ၊ မြန်မာပြည်မှာလည်း ဖြစ်နိုင်ပါတယ် ၊ အင်ဒိုနီးရှားမှာလည်းဖြစ်နိုင်ပါတယ် ။ ဥရောပ အမေရိကန် တို့မှာလည်း ဖြစ်နိုင်ပါတယ် ။ဗုဒ္ဓဘာသာတရားတော်
အရ ဘယ်နိုင်ငံက လူမျိုးပဲ ဖြစ်ဖြစ် ၊ ဘယ်ဘာသာ အယူရှိတဲ့ လူပဲ ဖြစ်ဖြစ် ကောင်းမှုကုသိုလ်ကံ ရှိလျှင် ကိုယ်ဖြစ်လိုရာ နိုင်ငံ ၊ ကိုယ်ဖြစ်လိုရာ အရပ် မှာဖြစ်နိုင်ပါတယ် ။
ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အင်ဒိုနီးရှားပြည်သူများနှင့်အမေးအဖြေများ ဟု မှတ်သားဖူးပါသည်။
No comments:
LinkWithin
Related Posts Plugin for WordPress, Blogger...