Gurugyi S.N.Goenka and His Students From Western
မေး ။ ။ လောကနဲ့ အဆင်မပြေလို့ နေရထိုင်ရခက်နေသူတွေအဖို့ ကမ္မဌာန်းအားထုတ်တာ အကျိုးရှိတယ်ဆိုတာကို နားလည်နိုင်ပါတယ်။သို့ သော်လည်း နေသားတကျနဲ့ ကျေနပ်ပျော်ရွင်နေတဲ့သူအဖို့ ကမ္မဌာန်းအားထုတ်စရာလိုပါဦးမလား။
ဖြေ ။ ။ နေသားတကျနဲ့ ကျေနပ်ပျော်ရွှင်နေသူဆိုတာဟာ ဘ၀ရဲ့ သာယာမှုတွေကို အဟုတ်ကြီးထင်ပြီးတော့ ကျေ နပ်နေတာဖြစ်ပါတယ်။ သူ့ ရင်ထဲမှာ မပြေလည်နိုင်တဲ့ အကြိတ်အခဲတွေရှိနေတာကို သူမသိသေးလို့ သာဖြစ်ပါတယ်။ သူ့ ကိုယ်သူ ပျော်နေတယ်လို့ ထင်နေတာဟာ သူ့ ကိုယ်သူ လှည့်စားမှန်းမသိ လှည့်စားနေတာပါ။ ဘာကြောင့်လဲဆိုတော့ သူပျော်ပိုက်နေတဲ့ ဘ၀ရဲ့ သာယာမှုတွေဟာ တည်မြဲခြင်းမရှိတဲ့အတွက် စိတ်ထဲမှာ တထင့်ထင့်နဲ့ ဘယ်တော့များ ဒါတွေကွယ်ပျောက် သွားပါလိမ့်မလဲလို့ စိုးရိမ်ကြောင့်ကြမှုက ရှိနေပါတယ်။
ဒီကြောင့်ကြမှုကို မသိလိုက် မသိဘာသာ အကြာကြီးနေလို့ မရနိုင်ပါဘူး။ တစ်ချိန်ချိန်တော့ စိတ်ထဲမှာ သိသိသာသာကြီး စနောင့်စနင်းဖြစ်လာမှာ သေချာပါတယ်။ အဲဒီ စိတ်မငြိမ်မှု ၊ စိုးနှောင့်မှုတွေ သိသိသာသာကြီး ခံစားလာရတဲ့ တစ်နေ့ မှာ သူဟာ အလွန်စိတ်ဆင်းရဲရပါလိမ့်မယ်။ ဒီအခြေအနေမျိုး ဖြစ်မလာခင်မှာလည်း အခုကတည်းကစပြီး တရားအားထုတ် ဖို့ မကောင်းပေဘူးလား။
မေး ။ ။ ဆင်းရဲခြင်းသည် အစစ်ပကတိဖြစ်မြဲသဘောပင် မဟုတ်ပါလား။ ဆင်းရဲမှ လွတ်မြောက်ရေးကို ဘာကြောင့် ရှာဖွေဖို့ အကြောင်းရှိပါသလဲ။
ဖြေ ။ ။ ကျွှန်ုပ်တို့ တစ်တွေမှာ ဒုက္ခနှင့်ရောထွေးယှက်တင်ဖြစ်နေကြတဲ့အတွက် ဒုက္ခကလွတ်မြောက်ရေး ဆိုတာ ဖြစ်မြဲသဘောနဲ့ ဖီလာနေသလို ထင်ရတာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် စိတ်ရဲ့ ဖြူစင်သန့် ရှင်းမှုကြောင့်ခံစား ရတဲ့ ချမ်းသာမှုအစစ်ကိုတွေ့ ကြုံရတဲ့အခါမှာတော့ အေးငြိမ်းရွှင်ပျနေတဲ့စိတ်ဟာ စိတ်ရဲ့ ပကတိသဘာဝဖြစ်ကြောင်း သိနိုင်ပါ လိမ့်မယ်။
မေး ။ ။ ဒုက္ခကို ခံစားရတဲ့အတွက် လူ့ စိတ်ဟာ ပိုမိုမြင့်မြတ်လာပြီးတော့ အကျင့်စာရိတ္တ ရင့်သန်လာနိုင်မယ် မဟုတ် ပါလား။
ဖြေ ။ ။ မှန်ပါတယ်။ ဒီဝိပဿနာနည်းကလည်း တစ်ကယ့်တော့ ဒုက္ခကို အရင်းခံထားပြီးတော့ သူတော်ကောင်း များ ဖြစ်ရေးကိုလုပ်တာပဲ ဖြစ်ပါတယ်။ သို့ သော်လည်း ဒုက္ခကို ဓမ္မဓိဌာန်ကျကျ ရှုမြင်နိုင်မှသာ သူတော်ကောင်း ဖြစ်လာပါလိမ့်မယ်။ ဒုက္ခကို "ငါ့ဒုက္ခပဲ" လို့ ငါစွဲနဲ့ သုံးသပ်နေသရွေ့ တော့ သူတော်ကောင်းစိတ်မ၀င်ပါဘူး။ စိတ်ဆင်းရဲခြင်း က လွတ်မြောက်မှာ မဟုတ်ပါဘူး။
မေး။ ။ကျွှန်တော့်မှာသူတစ်ဖက်သားကို အထင်သေးတတ်တဲ့ ဥာဉ်ကလေးရှိပါတယ်။ အဲဒါ ဘယ်လိုများ ပျောက် အောင် လုပ်နိုင်ပါ သလဲ။
ဖြေ။ ။ ကမ္မဌာန်းအလုပ်နဲ့ ပဲဖျောက်ပါ။ အတ္တစွဲသန်တဲ့အခါမှာ "ငါဆိုမှငါ" ဆိုတဲ့သဘောနဲ့ တစ်ဖက်သားကို အထင်သေးတတ်ပါတယ်။ အထင်သေးတဲ့ ကိုယ်နှုတ်အမူအရာတွေပေါ်တတ်ပါတယ်။ ကမ္မဌာန်းရှုမှတ်တဲ့အလုပ် လုပ်တော့ကာ အတ္တစွဲဟာ ပျောက်သွားပါတယ်။ အတ္တစွဲပျောက်ပြီဆိုရင် သူတစ်ဖက်သားကိုနစ်နာစေလိုမှုကို မလုပ်တော့ ပါဘူး။ ကမ္မဌာန်းအလုပ်သာလုပ်ပါ။ ခင်ဗျားပြဿနာ အလိုလိုပျောက်သွားပါလိမ့်မယ်။
မေး။ ။ တစ်ခါတစ်လေ ကိုယ်လုပ်ခဲ့တဲ့ အမှားတွေအတွက် စိတ်မသန့် တာမျိုးဖြစ်ရပါတယ်။
ဖြေ။ ။ မိုက်မှားမိခဲ့တာတွေ ပြန်တွေးပြီး စိတ်မကောင်းဖြစ်တာဟာ ဘာမျှအကျိုးမရှိပါဘူး။ တရားလမ်းစဉ်မှာ အဲဒီ (ကုက္ကုစ္စ)စိတ်ဟာ တရားကျင့်ရာမှာ မပါသင့်ပါဘူး။ မသင့်လျော်တဲ့ အမှုတစ်ခုခုပြုခဲ့မိလို့ သိလိုက်တဲ့အခါမှာ "သြော်...ငါ တော့ အဲဒီမှာနေရာမှာ မှားသွားခဲ့ပြီ" လို့ ကိုယ့်လုပ်ရပ်ကို မှန်တဲ့အတိုင်း ၀န်ခံထားပါ။ မှားတာကို ဆင်ခြေတက် ဖို့ မကြိုးစားပါနဲ့ ။ ဖုံးကွယ်ဖို့ လည်းမကြိုးစားပါနဲ့ ။
ကိုယ်က လေးစားထိုက်တဲ့ပုဂ္ဂိုလ်တစ်ဦးဦးဆီသွားပြီး "ကျွှန်တော်တော့ ဒီနည်းဒီပုံမှားတာလုပ်ခဲ့ပြီ။ နောင်ကို ဒီလိုမလုပ်မိ အောင် ဆင်ခြင်ပါ့မယ်" ဆိုပြီး ဖွင့်ဟ၀န်ခံလိုက်ပါ။ ပြီးတော့ ကမ္မဌာန်းအလုပ်ပဲဆက်လုပ်ပါ။ ခင်ဗျားရဲ့ စိတ်အနှောင့် အယှက်ဟာ ပြေပျောက်သွားတာ တွေ့ ရပါလိမ့်မယ်။
မေး။ ။ အတ္တဟာ ဘာကြောင့် ဒီလောက်တောင်ကြီးထွားနေရပါသလဲ။ ဘာကြောင့် တငါငါနဲ့ ဖြစ်နေရပါသလဲ။
ဖြေ။ ။ အတ္တ လို့ အမြင်မှောက်မှားအောင် အ၀ိဇ္ဖာက တစ်ချိန်လုံးစေ့ဆော်ပေးနေလို့ ဖြစ်ပါတယ်။ အတ္တစွဲကြီးနေတာကို ၀ိပဿနာနဲ့ ချွေချွတ်ပေးနိုင်ပါတယ်။ ၀ိပဿနာရဲ့ ကျေးဇူးကြောင့် ကိုယ့်ဖို့ ကိုယ့်အကြောင်းချည်း စဉ်းစားနေရာကနေပြီး သူတစ်ပါးအကြောင်းများကို စဉ်းစားတတ်လာပါလိမ့်မယ်။
မေး။ ။ ဘယ်လို ဘယ်လိုဖြစ်လာမှာပါလဲခင်ဗျာ။
ဖြေ။ ။ ပထမခြေလှမ်းအနေနဲ့ ကတော့ "ငါဟာ တယ်ပြီး တစ်ကိုယ်ကောင်းဆန်လှချည်လား၊ အတ္တသန်လှပါတကားလို့ " ကိုယ့်ဟာကိုယ်သိရပါတယ်။ အဲဒီအမှန်သဘောကို မှန်တဲ့အတိုင်းမမြင်နိုင်သေးသမျှတော့ ကိုယ့်ကိုယ်ကို အရူးအမူး ချစ်ခင် နေမှာပါပဲ။ ၀ိပဿနာရှုမှတ်မှုကျင့်သားရလာတဲ့အခါ သူများအပေါ်မှာ ကိုယ်ချစ်နေတာကိုပဲ အမှန်အတိုင်းမြင်လာပါတယ်။ ဘယ်လိုမြင်သလဲဆိုတော့ ငါဘယ်သူ့ ကိုချစ်တာလဲ ၊ အဲဒီသူကို ချစ်တယ်ဆိုတာ သူ့ ဆီက တစ်ခုခုရချင်လို့ သာချစ်တာပဲ။ ငါကြိုက်တဲ့အတိုင်း လိုက်လုပ်ပေးနေလို့ သာ ချစ်တာပဲ။
ငါကြိုက်သလို သူက လိုက်မလုပ်တော့ဘူးဆိုတဲ့ တစ်နေ့ မှာ သူ့ အပေါ်ငါမချစ်နိုင်တော့ဘူး။ ဒီလိုဆိုတော့ ငါသူ့ ကိုချစ်တာ ဟာ သက်သက်သူ့ ကိုပဲချစ်တာလား။ ငါ့ကိုယ်ငါ ချစ်တဲ့အတွက် သူ့ ကို ငါချစ်တာမဟုတ်လား။ အဲဒီလိုစဉ်းစားတတ် လာတယ်။ အဲအခါမှာ အဖြေမှန်ပေါ်လာတယ်။ ပေါ်တဲ့အဖြေမှန်က သာမန်ဆင်ခြင်တွေးဆချက် ကြောင့် ပေါ်တာ မဟုတ်ဘူး။ ပိပဿနာလေ့ကျင့်တဲ့အတွက် ရတဲ့ဥာဏ်ပါ။ အဲဒီဥာဏ်ပေါ်တယ်ဆိုရင် ငါစွဲမထားတော့ဘူး။ တစ်ကိုယ်ကောင်းစိတ်ပျောက်ပြီး တစ်ပါးသူတို့ အပေါ်မှာ တစ်ကယ့်ကိုယ်ကျိုးမပါတဲ့စိတ်နဲ့ ချစ်တတ်လာမယ်။ သူများ ဆီက ရယူလိုစိတ်မပါတဲ့ ကိုယ်ကပေးချင် ကမ်းချင်စိတ်တွေဝင်လာမယ်။
မှတ်ချက်။ ။
ဦးတင်ဦး ( မြောင် ) ဘာသာပြန်ဆိုထားသော The Art of Living , Vipassana meditation as taught by S.N.Goenka , William Hart စာအုပ်ကို ကိုယ်တိုင်ဖတ်ရှု့ မှတ်သားပြီး သကာလ ပြန်လည်စာစီ စာရိုက်ခြင်းပြုကာ ကျွှန်တော့်မိတ်ဆွေသူငယ်ချင်းများ ဗဟုသုတတိုး ၊ မှတ်သားစရာများ မှတ်သားစေခြင်းအလို့ ဌာ ပြန်လည်ကုသိုလ်ပြုဖော် ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။ ကျွှန်တော်စာစီစာရိုက်၍ပြန်လည်မျှဝေခဲ့သော ဆရာကြီးဦးဂိုအင်ကာနှင့်အမေးအဖြေကောင်းများ ကိုလည်းအောက်ပါ Link များတွင်ပြန်လည်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
ဂုရုကြီး ဂိုအင်ကာ ၏ ၀ိပဿနာ ဆိုင်ရာ အမေးအဖြေများသည် လူအားလုံးတို့၏ တကယ့်လက်တွေ့ ဘ၀ထဲတွင် အခက်အခဲများကို ရင်ဆိုင်နည်း၊ သောက များကို ဖြေဖျောက်နည်း စသည်ဖြင့် အတုယူစရာ၊ လိုက်နာ ကျင့်ကြံအား ထုတ်စရာအချက်အလက်များ အများအပြား ပါဝင်နေတာမို့ ကြိုက်နှစ်သက်သောကြောင့် မှတ်တမ်းအဖြစ် ကူးယူ သိမ်းထားလိုက်ပါသည်။ မူရင်းဘာသာပြန်သူ ထူးတင့်နိုင် အား ကျေး၊ဇူးအထူး တင်ပါသည်။
အခြားသော အမေးအဖြေ များကိုလည်း ဤနေရာတွင် လေ့လာကြည့်ရှုနိုင်ပါသေးသည်။


No comments:
Post a Comment