အရှင်ဘုရား..
၁။ ၃၁ ဘုံမှာ ဗြဟ္မာပြည်က အမြင့်ဆုံးဖြစ်ပါလျက် ဘာကြောင့် အရူပဗြဟ္မာဘုံ မှာ တရားနာလို့မရ၊ တရားထူးမရနိုင်တဲ့ ရပ်ပြစ်ရှစ်ပါးထဲ ရောက်နေတာလဲဘုရား၊
၂။ ဘုရားရှင်က ဆံတော်မပယ်ဘူး လို့ ကြားဖူးပါတယ်၊ .. ရဟန်းတွေကျတော့ ဘာလို့ပယ်ရတာလဲဘုရား၊ ကျေးဇူးပြု၍ ရှင်းပြပေးပါဘုရား။
မရတနာ (စင်္ကာပူ)
မေးခွန်း (၁) အနေနဲ့ လူတိုင်း ပါးစပ်ဖျားမှာ ရပ်ပြစ်ရှစ်ပါး အကြောင်း ကြားဖူးနေကြတာ ကြာပါပြီ၊ အဲဒီထဲမှာ လူ့ပြည် ထက် မြတ်သော အသညသတ်ဗြဟ္မာ့ဘုံ တစ်ဘုံနှင့် အရူပ ဗြဟ္မာ(၄) ဘုံများ လဲ ပါဝင်နေပါတယ်၊ မေးခွန်းရှင်က ဒီသဘောကို ရည်ရွယ်မေးတာ ထင်ပါရဲ့၊ ဒါကြောင့် ဗြဟ္မာ့ဘုံများအကြောင်း၊ ဗြဟ္မာဖြစ် ကြောင်း ကျင့်စဉ်များစသည်ကို လက်လှမ်း မှီသလောက် တင်ပြလိုက်ပါသည်။
အသညသတ်ဗြဟ္မာများ အကြောင်း နှင့် ကျင့်စဉ်
အသည- သညာစေတသိက် မရှိသော(တကယ်က နာမ်ဝိဥာဉ်ကောင်၊ လိပ်ပြာကောင် spirit or soul ဟု လူတိုင်း သိထားကြသော စိတ်များ၊ စေတသိက်များ အားလုံးမရှိပါဘဲ သညာ တမျိုးကိုသာ ခေါင်းစဉ်တပ်ကာ အသညဟု ခေါ်ဝေါ် ကြသည့် ) သတ္တ - ဗြဟ္မာများ၊
နားလည်လွယ်အောင် အဓိပ္ပါယ်ရှင်းပြရလျင် ဒီလူ့ဘ၀မှာ သမထကမ္မဋ္ဌာန်းတမျိုးမျိုးကို အားထုတ်ကာ ပထမဈာန် ဒုတိယ ဈာန် စသဖြင့် ဈာန်အဆင့်ဆင့်ကို ရရှိပြီးသော သူတယောက်သည် အထက်ပိုင်း စတုတ္ထဈာန်အဆင့် ထိပ်ဆုံးအဆင့်ထိ ရောက်လာပြီ ဆိုလျင် လောကကြီးကိုငြီးငွေ့ခြင်း၊ ခန္ဓာကိုယ်ကို ငြီးငွေ့ခြင်း၊ စသည်ဖြင့် ငြီးငွေ့စိတ်များ ဖြစ်လာတတ်သည်၊ ထိုအခါ ငြီးငွေ့ခြင်းရဲ့ လက်သည်တရားခံကို လိုက်ရှာရင်း လိုချင်တပ်မက်မှု တဏှာစိတ်ကြောင့် ဆိုတာကို သတိထားမိ တော့သည်။
သတ္တ၀ါတိုင်းမှာ လောဘစိတ် တဏှာစိတ် ရှိနေကြလို့သာ သံသရာလည်နေကြရတယ်၊ ဟိုဟာ လိုချင်၊ ဒီဟာ လိုချင် စိတ်ဖြစ်လာပြီးတော့ လိုချင်တာကို ရအောင် အားထုတ်ရပြန်တယ်၊ အားထုတ်ကြရင်းနဲ့ အကုသိုလ်တွေ လုပ်မိကြ ပြန်တယ်၊ ဒီလိုနဲ့ သံသရာလည်နေကြတာပဲ ဆိုတာကို တွေ့မြင်ကာ သံသရာလည်ခြင်း တရားခံက လောဘစိတ်ပဲ ဆိုတာ သိမြင်လာတာကြောင့် အဲဒီ နာမ်ဝိဥာဉ်စိတ်တွေ မရှိအောင် တောင့်တလာတယ်၊
တောင့်တတဲ့ အတိုင်း နာမ်တရား စိတ်တွေကို အပြစ်မြင်လာတယ်၊ မုန်းလာတယ်၊ နောက်တော့ မရှိအောင် ကြိုးစားတော့တယ်၊ ဒီအကြောင်းအရာတွေက အလွန်သိမ်မွေ့နက်နဲလေတော့ သမထ၊ ၀ိပဿနာတမျိုးမျိုးကို ကောင်းကောင်း အားထုတ်ဖူးသူမှ လမ်းစဉ်ကို နားလည် နိုင်ပါလိမ့်မယ်၊ အတွေ့အကြုံမရှိသေးသူများအတွက်တော့ မှန်းဆနားလည်ခြင်းဖြင့်သာ သိနိုင်ပါမည်။
ဒီလိုနဲ့ နှစ်ပေါင်းများစွာ အားထုတ်ပြီး ဈာန်မလျောပဲ သေလွန်ရင် သူတောင့်တခဲ့တဲ့ အတိုင်း သညာစိတ် နာမ်တရားများ လုံးဝမရှိတဲ့ အသညသတ် ဗြဟ္မာ့ဘုံကို ရောက်ရတော့သည်၊ဈာန်တရား၏ အရှိန်အဟုန်ကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ဗြဟ္မာ့ပြည် မှာ ရွှေတုံး ရွှေခဲကြီးတွေလို လှုပ်ရှားမှု မရှိတော့ဘူး၊ ငြိမ်သက်နေတယ်၊ ရုပ်တုကြီးတွေလို ဖြစ်နေကြတယ်၊ သက်မဲ့ရုပ်တုကြီးတွေထက် ထူးခြားပြီး ရုပ်ဇီဝိတ ဆိုတာတော့ ရှိနေသေးတယ်၊ အဘိဓမ္မာအကြောင်း နားလည်သူများတော့ သဘောပေါက်လွယ်ပါလိမ့်မည်။ ဒါကြောင့် တရားနာခွင့်၊ ဘုရားဖူးခွင့် လုံးဝမရနိုင်ဘူးပေါ့။ ဈာန်အရှိန် မကုန်သေး သမျှ ဗြဟ္မာ့ပြည်မှာ မလှုပ်မယှက် နေနေကြရ ပြီး သက်တမ်းက မဟာကပ်ကမ္ဘာပေါင်း (၅၀၀) ရှိတယ်လို့ ဆိုတယ်၊ လူ့ပြည်မှာ ဘုရားရှင်ပေါင်း ထောင် ဂဏန်း၊ သောင်းဂဏန်း ပွင့်နေပါစေ၊ သူတို့သက်တမ်းက မကုန်နိုင်သေးဘူး။
အခြားသော ဗြဟ္မာ့ဘုံများအကြောင်း
တစ်ခြား ဗြဟ္မာများမှာတော့ ပုံမှန်ပဲ၊ ဈာန်ရအောင် ကျင့်ပြီး ပထမဈာန်ရပြီး ဈာန်မလျောပဲသေလွန် လျင် ပထမ ဈာန်ဗြဟ္မာ့ဘုံ များဖြစ်တဲ့ ဗြဟ္မာ့ပါရိသဇ္ဇာဘုံ၊ ဗြဟ္မာ့ပုရောဟိတာဘုံ၊ မဟာဗြဟ္မာဘုံအားဖြင့် တဘုံဘုံမှာ ခန္ဓာကိုယ်ရော၊ ခံစားတတ်တဲ့နာမ် စိတ်ဝိဥာဉ်ရော နှစ်မျိုးလုံးပါတဲ့ဘုံကို ဘုံများကို ရောက်နိုင်ကြတယ်၊ ဒုတိယဈာန်ရပြီးသေလျင် ဒုတိယ ဈာန်ဘုံများဖြစ်တဲ့ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာဘုံစသည်ဖြင့်ရောက်ကြရတယ်၊
တတိယဈာန်ရထားလျင် တတိယဈာန်ဘုံများဖြစ်တဲ့ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာဘုံအားဖြင့် တဘုံဘုံ ကို ရောက်နိုင်တယ်၊ အလွယ်မှတ်လိုရင်တော့ ကိုယ်ရရှိထားတဲ့ ဈာန်တွေ အဆင့်မြင့်လျင် မြင့်သလောက် ဘုံတွေလဲ အမြင့် ကိုရောက်ကြရ၊ ခံစားကြရတယ်၊ သက်တမ်းတွေကလဲ အထက်ဘုံရောက်လေ ရှည်ကြာလေ၊ သက်တမ်းရှည်လေပါပဲ၊ အသညသတ် ဘုံကတော့ စတုတ္ထဈာန်အထိ ရရှိထားမှ ရောက်နိုင်ပါမယ်။
ဗြဟ္မာများ၏ ခန္ဓာကိုယ်
ဗြဟ္မာများမှာ ယောကျားအင်္ဂါ၊ မိန်းမအင်္ဂါအားဖြင့် ကွဲပြားစွာ မပါတတ်တာ ထူးခြားချက်ပါ၊ ယောကျား လို့လဲ ခေါ်မရ၊ မိန်းမလို့လဲ မဆိုသာဘူးပေါ့၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ လူ့ဘ၀ကတည်းက ဈာန်တွေ အဘိဥာဉ်တွေ ရအောင် ကျင့်ပြီး သေခဲ့
တာကြောင့် ကိလေသာစိတ်၊ တဏှာစိတ်တွေ ကင်းနေကြတယ်၊
ဗြဟ္မာဖြစ်ပြန်တော့လဲ ကိုယ်ရရှိပြီးသား ဈာန်တွေကို အမြဲ ၀င်စားပြီး အေးချမ်းစွာ နေလေ့ရှိကြတယ်၊ ကမ္ဘာပေါင်း၊ နှစ်သန်းပေါင်း များစွာ ဘယ်လောက်ကြာသည်ဖြစ်စေ ဈာန်ချမ်းသာခံစားပြီး အပူအပင်သောက ကင်းဝေးစွာနေလေ့ရှိကြ တယ်၊ လူတွေလို ကျင်ကြီး ကျင်ငယ် စွန့်တာတွေ ၊ ချွေးသလိပ်ထွက်တာတွေ၊ အစာရှာဖွေရတာတွေ ဘာမှ မရှိဘူး၊ ဒါကြောင့်လဲ ဗြဟ္မာဘ၀ကေ န သေလွန်ပြီး လူ့ပြည့်ရောက်လာသူဟာ နှစ်ပေါင်းများစွာ ဈာန်နဲ့ နေလာတာကြောင့် အထုံပါလာပြီး ကိလေသာစိတ်၊ တဏှာစိတ် ကုန်ခမ်းနေတတ်တယ်၊ အထုံပါလာတဲ့သဘောလို့ ဆိုရပါမယ်။
သို့သော်လည်း သူတို့ဟာ သောတာပန် မဖြစ်သေးတာကြောင့် ဗြဟ္မာဘ၀သက်တမ်း၊ကုန်တာနဲ့ လူ့ပြည်လဲ ရောက်နိုင် တယ်၊ တိရိစ္ဆာန်လဲ ဖြစ်နိုင်တယ်၊ ဘာမှ ဘ၀အာမခံချက် မရှိသေးဘူးလို့ ဆိုနိင်ပါတယ်။ လူ့ဘ၀ကို ပြန်ဆင်း လာရင် အရင်ဘ၀က မိန်းမဖြစ်ခဲ့ရင် မိန်းမသားဘ၀ကိုပဲ ပြန်ရတတ်တယ်၊ ဘာကြောင့်ဆို သူက ဘ၀ချင်းနီးစပ်ခဲ့လေတော့ ဒီဘ၀ ကိုပဲ မှတ်မိပြီး
ပြန်ရောက်ရတယ် လို့ သိရပါတယ်၊ ယောကျာ်းများမှာလည်း အတူတူလို့ ဆိုရပါမည်။
ရူပဗြဟ္မာ့အားလုံးမှာ ထူးခြားချက် (၃)မျိုးရှိတယ်၊ နှာခေါင်းတော့ ရှိတယ်၊ ဃာနပသာဒရုပ် မရှိတဲ့ အတွက် အနံ့ခံနိုင်စွမ်း မရှိကြဘူး၊ လျှာ ရှိပေမယ့် ဇိဝှါပသာဒရုပ်မရှိတဲ့အတွက် ဘာအရသာကိုမှ မခံစားနိုင်ဘူး၊ လူတွေရဲ့ လျာမှာ အရသာခံ အကြောပေါင်း တစ်ထောင်ကျော် ရှိတယ်လို့ စာပေမှာ ဆိုထားတယ်၊ နောက်ပြီး ခန္ဓာကိုယ် ရှိနေပေမယ့် ကာယပသာဒရုပ် မရှိတဲ့အတွက် ဖောဋ္ဌဗ္ဗာရုံ အတွေ့အထိကို မခံစားတတ်ကြဘူး။ ဒီသုံးချက်က ဗြဟ္မာတိုင်းရဲ့ ထူးခြားချက်ပါပဲ။
အခု အသညသတ်ဗြဟ္မာတွေမှာတော့ အထက်ပါ သုံးချက်အပြင် စောစောက နာမ်စိတ်spirit တွေပါ မရှိတဲ့အတွက် တရားကို ဘာမှ မသိနိုင်တော့ဘူးပေါ့။ ဒါကြောင့် ရပ်ပြစ်ရှစ်ပါးမှာ ထည့်ရပါတယ်။
အရူပဗြဟ္မာများအကြောင်း
ဒီဗြဟ္မာများကတော့ ပိုပြီး အဆင့်မြင့်သွားပါပြီ၊ အ- မရှိခြင်း၊ ရူပ -ရုပ်ခန္ဓာကိုယ်။ တိုက်ရိုက် ဘာသာပြန်ရရင် အံ့သြစရာ ကောင်းတာက သူတို့က အသညသတ်နဲ့ ပြောင်းပြန်ပေါ့၊ စိတ်ဝိဥာဉ်spirit or soul တော့ ရှိတယ်၊ mater ဆိုတဲ့ ရုပ်ခန္ဓာ ကိုယ်မရှိပြန်ဘူး၊ ခန္ဓာကိုယ်ကြီး မရှိမှတော့ ဘုရားကို ဘယ်လိုဖူးမလဲ၊ ဘုရားကို ဖူးမြင်ဖို့ မျက်စိကိုမရှိ၊ တရားနာဖို့ နားရွက်တွေ ၊ ဘာတွေ ဘာမှ မရှိတော့ဘူး၊
တရားထူးရတယ် ဆိုတာ ဘုရားရှင်ကို တိုက်ရိုက် မဖူးမြင်ရတောင် သံဃာတော်များထံ၊ လူအချင်းချင်း၊ နတ်အချင်း ချင်း၊ ဗြဟ္မာအချင်းချင်း ဟောကြားတဲ့ တရားဒေသနာကို နာယူခွင့်ရရင်တောင် ကျွတ်တမ်းဝင်နိုင်တယ်၊ ဒါကိုပဲ စာလိုကျတော့ ပရတောဃောသ ပစ္စယ လို့ ခေါ်ရတယ်ပေါ့၊ သူတပါးဆီက တရားစကား နာကြားခွင့်အကြောင်းကို ခန္ဓာကိုယ်ကြီး တောင် မရှိမှတော့ မျှော်လင့်ချက် မရှိနိုင်တော့ဘူး လို့ ဆိုရပါမယ်။
အရူပဗြဟ္မာဖြစ်ကြောင်း ကျင့်စဉ်
သူတို့လဲ သူတို့ကျင့်စဉ်အရ ဖြစ်ကြရတာပါ၊ ဒီဘက် လူ့ဘ၀မှာ စောစောကလို သာသနာပမှာဖြစ်စေ၊ သာသနာတွင်းမှာ ဖြစ်စေ ဈာန်တရားများ အားထုတ်ရင်း အဆင့်မြင့်လာတဲ့အခါ သူလဲပဲ ခန္ဓာကိုယ်ကြီးကို အပြစ်မြင်လာတယ်၊
“ အော် ဒီခန္ဓာကိုယ်ကြီး ရှိနေလို့သာ ပူလို့မို့ အဲယားကွန်း ပန်ကာတွေလိုအပ်နေတာ၊ အအေးဒဏ်ခံရပြန်တော့ အနွေးထည်၊ စောင်၊ အပူပေးစက် ဟီတာ စသည်ဖြင့် ဒုက္ခများရပြန်တယ်၊ နာတာ၊ ကျင်တာ အောင့်တာ၊ ကိုက်တာ ခဲတာ၊ စသည်ဖြင့် ရောဂါမျိုးစုံ ဖိစီးနှိပ်စက်မှုကိုလဲ ခံနေရတယ်၊ အိုနာသေ ဘေးတွေကိုလဲ မလွန်ဆန်နိုင်ကြဘူး၊ ဒီရုပ်ခန္ဓာကြီး မရှိရင် တော်တော် အေးချမ်းမှာပဲ ” လို့ တွေးပြီး အပြစ်မြင်လာပါရော၊
ဒီတော့ တရားခံက ဒီရုပ်ခန္ဓာကိုယ်ကြီးပဲ လို့ သိတာနဲ့ တပြိုင်နက်ထဲ မလိုချင်တော့ဘူး၊ မတွယ်တာတော့ဘူး၊ ဒီခန္ဓာ ကိုယ်ကြီး မရအောင်သာ တောင့်တတော့တယ်၊ ဒီနေရာမှာ ဈာန်တရားကလဲ သမာပတ်ရှစ်ပါးထဲမှာ အမြင့်ဆုံးရောက်နေမှ စိတ်ကူးထား တဲ့အတိုင်း ရောက်နိုင်မှာ ဖြစ်ပါတယ်။ များသောအားဖြင့် သာသနာပ ကာလမှာ နိဗ္ဗာန်ရောက်ကြောင်း တရားတွေကို မကြားဖူး၊ မနာဖူးကြလေတော့ ကိုယ်အား သန်ရာကို တွေးတော ကြံဆပြီး ကျင့်ကြံကြရာက လမ်းမှား ရောက်သွားတယ် လို့ ဆိုနိုင်တယ်။
နောက်ဆုံးတော့ သူတောင့်တတဲ့အတိုင်း ဈာန်မလျောပဲ သေလွန်ရင် ရုပ်ခန္ဓာကိုယ် မရှိပဲ စိတ်ဝိဥာဉ် နာမ်တရားများသာ ရှိတဲ့ အထက်ဆုံး အရူပဘုံကို ရောက်ကြရတော့တယ်၊ လူ့ပြည်မှာ ဘုရားတစ်ဆူပွင့်တော်မူပြီ တဲ့၊ တရားဦးဟောကြား နေပြီတဲ့၊ ပရိနိဗ္ဗာန်စံတော်မူပြီ တဲ့ ဆိုတဲ့ သတင်းစကားများကို သက်တမ်းရှည်ကြတဲ့ နတ်ဗြဟ္မာတစ်ချို့ ကြားသိကြရ ပါတယ်၊
သို့သော်လည်း သူတို့သက်တမ်းနဲ့ တွက်လေတော့ အခုခေတ်လို ပြောရရင် စက္ကန့်ပိုင်း၊ မိနစ်ပိုင်းမျှသာ အချိန်ကြာမြင့် လိုက်တာမို့ တော်တော်ကြီး ကံကောင်းမှ တရားနာယူခွင့် ဘုရားဖူးခွင့်ရနိုင်ကြမှာပါ၊ ဒါတောင်မှ ရုပ်ခန္ဓာကိုယ်ရော၊ နာမ်စိတ်တွေရော လူတွေလို နှစ်မျိုးစုံ ရှိကြတဲ့ နတ်ဗြဟ္မာများသာ အခွင့်အရေးရနိုင်ကြတာ ဖြစ်တယ်။
ဤအချက်များကို ထောက်သောအားဖြင့် ရုပ်ခန္ဓာသာ ရှိ၍ နာမ်စိတ် မရှိသော အသညသတ် ဗြဟ္မာများအားလုံး နှင့်၊ နာမ်စိတ်သာ ရှိ၍ ရုပ်ခန္ဓာ လုံးဝမရှိသော အရူပဗြဟ္မာ့ဘုံ (၄) ဘုံ၊ စုစုပေါင်း ၅ ဘုံမှာ ရှိကြတဲ့ ဗြဟ္မာများကို ရပ်ပြစ်ရှစ်ပါးမှာ ထည့်သွင်း ထားခြင်း ဖြစ်ပါသည်။
မေးခွန်း ၂ တွင်ပါသော ဆံတော်ပယ်ခြင်း မပယ်ခြင်း
ဘုရားရှင်တိုင်း၏ ထူးခြား ဆန်းကြယ်သော အံ့သြဖွယ်များ မရေမတွက်နိုင်အောင် ရှိပါသည်၊ တစ်ချို့အကြောင်းအရာ များက တန်းခိုးအဘိဥာဏ် ကြောင့် ဖြစ်ရသလို တစ်ချို့ကတော့ သဘာဝဖြစ်စဉ်အားဖြင့် ဘ၀အဆက်ဆက် ပါရမီတော်များ ဖြည့် ဆည်းခဲ့မှုကြောင့် ဒီဘက် ဘုရားအလောင်းဘ၀၊ ဘုရားရှင်ဘ၀မှာ နောက်ဆုံးအကြိမ် အကျိုးပေးကြခြင်း ဖြစ်ပါသည်။
ဥပမာပြရလျင် ဘုရားအလောင်း သိဒ္ဓတ္ထဘ၀တွင် ပညာမျိုးစုံကို ဘယ်ဆရာသမားဆီကမှ သင်ယူစရာမလိုပဲ တတ်ကျွမ်း ခြင်း၊ ဈာန်လေးပါးကို ဘ၀ပေါင်းများစွာ ၀င်စားခဲ့ခြင်းကြောင့် ဆရာမရှိပဲ ကိုယ့်ဘာသာ ၀င်စားနိုင်ခြင်း၊ မွေးဖွားခါစမှာပင် ခြေလှမ်း(၇) လှမ်း လှမ်းကာ လောကမှာ ငါအမြတ်ဆုံး၊ အသာဆုံး၊ ဒီဘ၀ဟာ နောက်ဆုံးပဲ၊ နောက်ဘ၀မှာ ပဋိသန္ဓေ နေရခြင်း ဆင်းရဲကို မခံစားရတော့ဘူး စသည်ဖြင့် စကားပြောခြင်း၊ လမ်းလျောက်ခြင်းစသော ထူးခြားအံ့ဖွယ်ရာများ၊ ဘုရားရှင်၏ ခန္ဓာကိုယ် တွင် ချွေးထွက်ခြင်း၊ သလိပ်ထွက်ခြင်း၊ ချေးညှော်များ မလိမ်းကပ်ပဲ အမြဲတမ်း သန့်ရှင်းနေခြင်း စသည်များသည်လည်း အံ့သြစရာ များပင်ဖြစ်ပါသည်။
မေးခွန်းရှင် မေးထားသော အချက်တွင် ဘုရားရှင်အတွက် ဆံတော် ရိတ်ပယ်ရခြင်းသည် တောထွက်ခါစ တစ်ကြိမ်တည်း သာ ဖြတ်ပယ်ရသည်မှာ အမှန်ဖြစ်ပါသည်။ ငါသည် ဒီဘ၀မှာ ဧကန်စင်စစ် ဘုရားဖြစ်မည် သေချာပါမူ ငါ၏ဆံပင်သည် မြေပေါ်သို့ မကျပဲ ကောင်းကင်၌ တည်နေပါစေသား ဟု အဓိဋ္ဌာန်ကာ သန်လျက်ဖြင့် ဆံပင်ကို ဖြတ်ကာ မြှောက်လိုက် သည်တွင် တစုံ တယောက်က ဆွဲကိုင်ထားသကဲ့သို့ တည်နေသည်၊ ခေါင်းပေါ်တွင် လက်လေးသစ်လောက်သာ ကြွင်းကျန် ရစ်သည်၊
ထိုဆံပင်ကို ယခုအခါ တာဝတိံသာနတ်ပြည်တွင် စူဠာမဏိစေတီ အဖြစ် တည်ထားသည် ဟု ဆိုပါသည်။ တဆက်ထည်း တွင် သာမန်လူတို့လို မဟုတ်မူဘဲ ဘုရားဘ၀ဖြင့် (၄၅)နှစ်ပတ်လုံး စံနေသော်လည်း ဆံပင်များသည် ပိုပြီးတိုသွားခြင်း၊ ရှည်ထွက်လာခြင်း လုံးဝ မရှိခဲ့ပါ၊ ပုံမှန် လက်လေးသစ်အနေအထားဖြင့် သဘာဝဖြစ်စဉ်တစ်ခုပမာ တည်ရှိနေပါသည်၊ ဤသည်တို့ကား လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိတိ ပါရမီတော်တို့ကို ဖြည့်ဆည်းပူးခဲ့ သောကြောင့် ရရှိလာသော အကျိုးရလဒ်တခုအနေဖြင့်သာ မှတ်သား သင့်ကြောင်း ဖြေကြားလိုက်ပါသည်။
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date.29.Oct.2011























