" ပရမာနံ ကမ္မံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့အတွက်သာဖြစ်၏ "

Sunday, October 16, 2011

သာသနာပြု ဟူသည်


အဖမြတ်စွာ၏ သာသနာတော်သည် ဘုရားရှင် လွန်တော်မူသည်မှနောက် ရေတွက်လာခဲ့ရာ ယခုဆို နှစ်ပေါင်း (၂၅၀၀)   ကျော်လွန်ခဲ့ပေပြီ။ ဤသို့သော နှစ်များအတွင်း သက်ရှိ သက်မဲ့ အရာဝတ္ထုတို့မှန်သမျှ သင်္ခါရတရား တို့ လမ်းစဉ်အတိုင်း အနိစ္စသဘောသို့ သက်ဆင်းရကာ ပျောက်ကွယ် ချုပ်ငြိမ်းရစမြဲပင် ဖြစ်၏ ။  ထူးခြားသည်ကား သက်ရှိ သက်မဲ့ အရာဝတ္ထု မှန်သမျှ မည်မျှပင် ပြောင်းလဲ ပျက်စီး သွားကြပါစေ မပျက်မစီး မပြောင်းလဲပဲ တည်နေသောတရားကား သစ္စာတရား ပရမတ္ထဓမ္မတစ်မျိုးသာဖြစ်၏ ။ ထို့ကြောင့် “ ဓမ္မဟူသည် ကြာလေ ကောင်းလေ၊ ဟောင်းလေ သစ်လေ ” ဟုပင် ပညာရှိ များက ဆိုစမှတ်ပြုကြရ၏။
  
ထိုပရမတ္တတရားတို့သည်လည်း  အကျယ်အားဖြင့် ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀) ရှိပြီး ထိုတရားတော်တို့ကို အကျဉ်းချုံးလိုက် လျင် ဗောဓိပက္ခိယတရား ( ၃၇ ) ပါးပင်ရှိတော့၏၊ ထို့ထက် ချုံးပြန်လျင် မဂ္ဂင် (၈) ပါး၊ ထို့နောက် သစ္စာ ( ၄ )ပါး၊သိက္ခာ ( ၃ )ပါးအားဖြင့် နောက်ဆုံး အကျဉ်းဆုံး တရားကား အပ္ပမာဒ ခေါ် သတိ တစ်လုံးပင် ကျန်တော့၏။ ဤမျှအထိ ကျစ်လစ် သိပ်သည်းသော အဖမြတ်စွာ၏ တရားတော်တို့ကို  တောင်ပိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ ဟူသော လမ်းစဉ်အောက်၌ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြသော ရဟန်းရှင်လူ အားလုံးကိုပင်  သာသနာပြု ပုဂ္ဂိုလ်များ ဟု ခေါ်ဆိုရ ပြန်လေသည်။

M.M.W.A.I နှင့် ရည်ရွယ်ချက်များ

အနာဂါတ်သာသနာရေး ကို Modern Education ပညာရေး နှင့် တွဲဖက်ကာ  တာဝန်သိ စိတ်အပြည့်ဖြင့်ု အဆင့်မီမီ အထက်တန်းကျကျ သစ်လွင်အောင် ခေါင်းဆောင်မှု လမ်းညွှန်မှု ပေးနိုင်ရန်-ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့  အနာဂါတ် လမ်းစကို ရှာဖွေ ကြရင်း M.M.W.A.I အဖွဲ့အစည်း ကြီးမှာ ပေါင်းဆုံကြရတာကို တွေးမိရင်း မဟာအခွင့်အရေးအဖြစ် ၀မ်းသာကြည်နူးဖြစ်မိပါတယ်။ တနည်းအားဖြင့် အနာဂါတ် ထေရ၀ါဒ သာသနာပြု အာဇာနည်လောင်းလျာများ အသင်း လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။
  
မမဝေ နှင့် ပက်သက်တာကို တွေးနေဆဲ “ မြန်မာပြည်က ဒေါက်တာဘွဲ့ ရပြီးသားရဟန်းတော်များနှင့်တကွ ကြိုးစားဆဲ သံဃာများ အပါအ၀င်( ၆၀၀) ကျော်သော ရဟန်းတော် တွေဟာ အနာဂါတ် ရည်ရွယ်ချက် ပျောက်ဆုံးနေကြတယ် ” လို့ သီတဂူ ဆရာတော် ဘုရားကြီးရဲ့ မှတ်ချက်စကားကို ကြားမိတော့ တကယ်ပဲ ပျောက်ဆုံးနေကြသလား လို့ စိုးရိမ်စိတ် ဖြစ်ရတယ်၊

တဆက်တည်းမှာပဲ   ရန်ကုန်မြို့ ထေရ၀ါဒ ဗုဒ္ဓသာသနာ့ တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာ ဘိဝံသရဲ့ “ သာသနာပြု ပုဂ္ဂိုလ်ဖြစ်လိုသူဟာ Fundamental of Abhidhamma အဘိဓမ္မာအကြောင်းကို ဖြစ်စေ၊  Inside Meditation  ၀ိပဿနာ အကြောင်းကို ဖြစ်စေ ကမ္ဘာသုံးစကားနဲ့  နားလည်အောင် ရှင်းပြနိုင်စွမ်း ဟောပြောနိုင်စွမ်းရှိရမယ်၊ အဲဒီ နှစ်မျိုးမှာ တစ်မျိုးမျိုးနဲ့  ဟောပြောနိုင်ရင်ပဲ သာသနာပြု ကြွလိုသော နိုင်ငံကို စေလွှတ်ပေးပါမည် ” လို့ တဆင့်စကား ကြားသိရတော့ အလိုအပ်ဆုံး၊ အရှားပါးဆုံး၊ အမွန်မြတ်ဆုံး အရည်အချင်းတွေပါတကား လို့ အလိုလို ထောက်ခံမိတော့၏။

ဘာသာတရား၏ အရေးပါပုံ

ဘာသာတရား ဟူသည် ဆင်းရဲခြင်း သောက ဝေဒနာတွေကို ဖြေရှင်းပေး သော နည်းစနစ်တစ်ခု ဖြစ်၏။ တကမ္ဘာလုံး၌ ထင်ရှားသော ဟိန္ဒူဘာသာ၊ ခရစ်ယာန်၊ မွတ်စလင်၊ ဆစ်၊  မဟာယာန၊ တာအို၊ အမိတာဘာ၊ ယောဂါစာရ၊ ၀ဇိရယာန၊ ဈင်ဗုဒ္ဓဘာသာဆိုပြီး ကိုးကွယ်စရာ ဘာသာ အယူဝါဒ အမျိုးမျိုးရှိသော်လည်း အားလုံး၏ တူညီသော ရည်ရွယ်ချက်ကား အထက်ပါ ဒုက္ခမှန်သမျှကို ဖြေရှင်းပေးစေလိုခြင်းကြောင့်သာလျင် ကိုးကွယ်နေကြခြင်းဖြစ်၏။

အကယ်၍သာ ကမ္ဘာပေါ်မှာ ကိုယ်စိတ်ဆင်းရဲမှုတွေ လုံးဝ မရှိတော့ဘူး ဆိုရင် ဘယ်ဘာသာ မှ ပေါ်ပေါက်လာစရာ အကြောင်းမရှိပေ။ ခရစ်ယာန်သာသနာပြု၊ မွတ်စလင်သာသနာပြု၊ ဟိန္ဒူသာသနာပြု၊ စသည်ဖြင့် မျိုးကွဲပေါင်း မြောက် များစွာ ရှိသော်လည်း ကျွနုပ်တို့ ဗုဒ္ဓဘာသာ၌ စိတ်ချမ်းသာကြည်လင်အောင် ကြိုးစားအားထုတ်ခြင်း စသော ကောင်းမှု ကုသိုလ် တရားတွေ များလာလျင် လိုရာကို ရောက်နိုင်ပါလိမ့်မည်။ ဥပမာအားဖြင့်  လေသည် ပြန့်ကျဲနေလျင် ဘာမှ စွမ်းအင် မရှိသော်လည်း တနေရာတည်း စုဝေးထားလျင် မထင်မှတ်နိုင်သော တွန်းကန် အားတစ်ခုကို ရသကဲ့သို့ ကုသိုလ် စွမ်းအားတွေ များလာလျင် နိဗ္ဗာန်နှင့် နီးနိုင်သလို ဘာသာတရား၏ အဆုံးအမကို မခံယူပဲ Non religion ဘာသာမဲ့ ဖြစ်နေလျင်ကား သံသရာဝယ် မျောရအုံးမည်မှာ အသေအချာ ပင် ဖြစ်ပေသည်။

စံပြ သာသနာပြု အီတာလျံဘုန်းတော်ကြီး

ဤနေရာဝယ် သာသနာပြုသမိုင်းတစ်လျောက်၌ ဒုတိယကမ္ဘာစစ်အတွင်း အပါအ၀င် ခက်ခဲကြမ်းတမ်း  သော ကာလများ ကို မမှုပဲ နိုင်ငံပေါင်းစုံ လှည့်လည်ကာ ကမ္ဘာကို သုံးကြိမ်ပတ်၍ ဓမ္မများကို ဖြန့်ဖြူးခဲ့သော  ကမ္ဘာ့သာသနာပြုဆရာတော်  ဦးလောကနာထ ၏ သာသနာပြုပုဂ္ဂိုလ်များ ရှိသင့်သော အရည်အချင်းနှင့် စိတ်ဓာတ် များ၊ နိုင်ငံခြားသားတို့အား တရား ဟောပြောနည်း စည်းရုံးနည်း စသည်တို့ကို  အကျဉ်းချုံးကာ ဖော်ပြလိုပါသည်။

ယင်းဆရာတော်ကြီးသည် ရောမ ဗရင်ဂျီဘာသာဝင်အဖြစ်မှ အင်္ဂလိပ်လို ပြုစုထားသော ဓမ္မပဒဘာသာပြန်ကို ဖတ်ရှုရင်း အလိုလို ဗုဒ္ဓဘာသာခံယူလာသူ ဖြစ်၏။ နောက်တွင် အီတလီမှ အင်္ဂလန်၊ အိန္ဒိယ ဗုဒ္ဓဂါယာမှ တဆင့် မြန်မာပြည်သို့   ရောက်အောင်   ခြေလျင်ခရီးလျောက်ရင်း သာသနာ့ဘောင်သို့ ၀င်ရောက်လာသူဖြစ်ရကား အံ့ဖွယ်မဟာလူသား ဟူ၍ပင် ဆိုရပါတော့မည်၊  သူ၏ ဘ၀တလျောက်လုံး ခံယူ ချက်ကား …

The water is pure that flows. The monk is pure that goes.
ရေဆိုတာ အမြဲစီးဆင်းနေမှ ကြည်လင် သန့်ရှင်းလတ်ဆတ်တယ်။ အဲဒီလိုပဲ သာသနာပြုရဟန်းဟာလဲ ခရီးကြွကာ သာသ နာပြုနေမှ အနှောင်အဖွဲ့ကင်းကာ စင်ကြယ်နေတတ်တယ် ဟူ၏။

သိပ္ပံ နှင့် ဗုဒ္ဓဘာသာ 

ယနေ့ သိပ္ပံပညာသည် -
၁။ စမ်းသပ် စစ်ဆေးလို့ရခြင်း၊
၂။ ယုတ္တိရှိပြီး ကြောင်းကျိုး ဆီလျော်ခြင်း၊
၃။ သဘာဝကျခြင်း၊
၎။ နိယာမ တရားကို မလွန်ဆန်နိုင်ခြင်း၊

စသော စံထား တိုင်းတာစရာများနှင့် ပြည့်စုံသလို ဗုဒ္ဓမြတ်စွာ၏ တရားတော်တို့သည်လည်း မည်သူမဆို၊ မည်သည့် နည်းနှင့်မဆို စမ်းသပ်စစ်ဆေး ခံနိုင်၏။ ထို့ကြောင့်လဲ သိပ္ပံ ပညာရှင်များတို့သည်  --

It’s a Scientific Religion for Scientific Minds.
သိပ္ပံနည်းကျတာကိုမှ လက်ခံလိုကြတဲ့ သူတွေအတွက်  ဗုဒ္ဓဘာသာဟာ သိပ္ပံနည်းကျတဲ့ ဘာသာပါပဲ လို့  တခဲနက် ထောက်ခံကြရတာပါ။

ဆရာတော်ကြီး မိန့်ကြားသော သာသနာပြု အရည်အချင်း( ၈ )မျိုး

၁။ တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရပြီးဖြစ်ကာ သိပ္ပံစသော လောကီပညာရပ် ကိုလည်း တတ်သိနားလည်ထားသင့်သည်။ သို့မှ သာ နိုင်ငံရပ်ခြား၌ အမေးအဖြေ ကိစ္စများကို ကောင်းစွာ ရှင်းပြနိုင်ခြင်းဖြင့် အောင်မြင်နိုင်ပါမည်၊ သိပ္ပံနည်းကျ ဟောပြော တတ်ရမည်။
၂။ ဥပဓိရုပ် အင်္ဂါကောင်းပြီး တက်ကြွနိုးကြားသော အမူအရာနှင့် အင်အားပါသော ဆွဲဆောင်မှုရှိရမည်၊ ဆွဲဆောင်မှု မရှိ သော ဥပဓိရုပ်သည် အင်အားမပါသောကြောင့် အားနည်းချက်ဖြစ်နေတတ်၏။ လူအများ စိတ်ဝင်စားမှု နည်းတတ်၏။

၃။ မေတ္တာ ကရုဏာစိတ် ထားရှိရမည်၊ စိတ်ဆတ် ဒေါသကြီးသူ မဖြစ်ရပါ၊ ဒေါသကြီးသူသည်  မအောင်မြင်တတ်ပေ။  မြတ်စွာ ဘုရား၏ လမ်းစဉ်သည်  သန္တိရသ ငြိမ်းအေးသော လမ်းစဉ်ဖြစ်၍ ငြိမ်သက် တည်ငြိမ်စွာသာ တရားဟော သင့်တယ်။   မေတ္တာဖြင့်   ဟောပြောလျင်   ကိုယ့်စကားကို လက်ခံတတ်ကြပါတယ်။
၎။ အဟောအပြော ကိစ္စ၌ လိမ္မာတတ်ကျွမ်းခြင်း ရှိရမည်၊ အဟောအပြော ညံ့ဖျင်းသူသည် အကြောင်းအရာ ကောင်းနေပါ လျက် မအောင်မြင်တတ်ပေ၊

၅။ မိမိကိုယ်တိုင်လည်း သီလ သမာဓိ ပညာဖြင့် သိက္ခာရှိရှိ နေထိုင်ရမည် ငါပြောသလို လုပ်၊ ငါလုပ်သလို လိုက်၍လုပ် လို့ ပြောနိုင်အောင်နေပြသင့်သည်၊ ဒါမှ အများက ယုံကြည် ကိုးစားပြီး လိုက်နာကြပါလိမ့်မည်။
၆။ တရားတော် အပေါ်မှာ မိမိကိုယ်တိုင် သံသယကင်းမှ သူတပါးကိုလည်း ယုံယုံကြည်ကြည် ရှင်းပြ နိုင်လိမ့်မည်၊ သံသယ ရှိနေရင် ယုံကြည်မှု မရှိတဲ့အတွက် မအောင်မြင်တတ်ပါ။

၇။ သုတ် ၀ိနည်း အဘိဓမ္မာ တို့ကို ကျကျနန စုံလင်စွာ လေ့လာ သင်ယူထားမှ သူတပါးကို ရှင်းပြ ဟောပြ နိုင်ကာ  လိုရင်းအနှစ်သာရကို ဟောပြော ဖော်ထုတ်ပြနိုင်ပါမည်။
၈။ ဘာသာစကား တစ်ခုခု တတ်ကျွမ်းရပါမည်၊  ဒါမှသာ သူတို့ ကို နားလည်အောင် ရှင်းပြနိုင်မည်၊ ဘာသာစကား တတ်မှ သာ သာသနာပြုကောင်းတစ်ယောက် ဖြစ်နိုင်ပါမည်။

အတုယူဖွယ် ဟောပြော စည်းရုံးနည်း

နိုင်ငံခြားသားတို့သည် တရားသေ ရိုးရိုးကြီး ဟောပြောနေလျင်၎င်း၊ အလွတ်ကျက် မှတ်ထား တာကို ဟောနေလျင်၎င်း မနှစ်မြို့တတ်ကြပေ။ အကြောင်းအရာတစ်ခုကို ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစားကာ စနစ်တစ်ခု တီထွင်ကြံဆပြီး အကြောင်း အကျိုး ဆီလျော်စွာ ဟောပြောတတ်မှသာ လက်သင့်ခံလိုကြ၏။

ဆရာတော်ကြီး၏ အတွေ့အကြုံအရ သာသနာပြုပုံစနစ်မှာ နာယူသူ၏ အလုပ်အကိုင် အဆင့်အတန်း ပညာရပ်ကို ကြည့်ပြီး ဆီလျော်သောတရားကိုသာ တိုတိုတုတ်တုတ် ဟောပြောလေ့ရှိပါသတဲ့၊ ဥပမာ - ဆရာဝန်ဒေါက်တာကို ဆေးပညာ ခန္ဓာ ဗေဒပညာ နဲ့ နှီးနှော ဆက်နွယ်ပြီး ဟောကြားပေးတတ်တယ်၊ ရှေ့နေများကို ဟောကြားရာတွင် ဥပဒေစကား များများ အသုံးပြုပြီး ဟောကြားပါတယ်၊ နောက်ဆုံး လက်သမားဆရာကို ဟောကြားရာတွင် လက်သမားပညာ၊ ဝေါဟာရတွေ တွင်တွင်သုံးပြီး ဟောကြားပေး လေ့ရှိပါသတဲ့၊ ဒါဟာလဲ ဘုရားရှင် အသုံးချခဲ့တဲ့ နည်းလမ်းကို ပြန်လည်အသုံးချကာ သာသနာပြုခြင်း တစ်မျိုးပါပဲ။

ဆရာတော်ကြီး၏ ခံယူချက်များနှင့် အရည်အချင်းများကို သိရတော့ စာရေးသူတို့ သီရိလင်္ကာနိုင်ငံ ကေလနိယ တက္ကသိုလ်မှာ M.A တန်းတက်စဉ်က နိင်ငံခြားတက္ကသိုလ်များရဲ့ ပညာသင်ကြားပုံ နည်းစနစ်များကို သတိရမိတယ်။ သူတို့ဆီမှာ ၀ိနည်း သုတ္တန် အဘိဓမ္မာတွေကို မြန်မာပြည်မှာလို ဣသည် မလွဲ ကျက်မှတ် သင်ကြားစရာ မလိုပဲ ဗုဒ္ဓစာပေ လာ ပိဋကတ်သုံးပုံ  အလုံးစုံကို မွှေနှောက်ကာ ( အထူးအားဖြင့် သုတ္တန္တ ပိဋကတ်များကို သူတို့က ကျွမ်းကျင်ကြတယ် )  စာပေချဉ်းကပ်   လေ့လာ ပုံတွေကို သင်ယူခဲ့ရတာဟာဖြင့် တန်ဖိုး မဖြတ်နိုင်တဲ့ အသိတွေပါပဲ ၊

ဥပမာ  ဒီဃနိကာယ်၊ မဟာဝါပါဠိတော်၊ ပါထိကပါဠိတော်တို့၌လာသော  မဟာပရိ နိဗ္ဗာနသုတ်၊ မဟာဂေါဝိန္ဒသုတ်၊ မဟာ ပဒါနသုတ်၊ လက္ခဏသုတ် တို့ကို လေ့လာရခြင်းဖြင့် ဘုရားရှင်တို့၏ Biographies နှင့် ဘုရားအလောင်းတော် Bodhisattava တို့၏ ကျင့်စဉ်စသည်ကို သိရှိနိင် မှတ်သားနိုင်ပါတယ်၊ ဤနေရာ၌ ကျောင်းတက်စဉ်က မှတ်သား ထားခဲ့သော ကောင်းနိုးရာရာ သုတ္တန်စာရင်း တို့ကို   လေ့လာနိုင်သော ခေါင်းစဉ်တို့နှင့်တကွ ဖော်ပြလိုက်ပါသည် --

Buddha Biographies and Bodhisattava   အကြောင်းအရာများကို လေ့လာလိုပါက
၁။ မဟာပဒါနသုတ်         ( မဟာဝဂ္ဂပါဠိ ၊ ဒီဃနိကာယ် )
၂။ မဟာပရိနိဗ္ဗာနသုတ်    ( မဟာဝဂ္ဂပါဠိ ၊ ဒီဃနိကာယ် )
၃။ မဟာဂေါဝိန္ဒသုတ်       ( မဟာဝဂ္ဂပါဠိ ၊ ဒီဃနိကာယ် )
၎။ လက္ခဏသုတ်           ( ပါထိက၀ဂ္ဂပါဠိ ၊ ဒီဃနိကာယ် )

Religious and Philosophy    အကြောင်းအရာများကို လေ့လာလိုပါက
                   ၁။ ဗြဟ္မဇာလသုတ်        ( သီလက္ခန္ဓ၀ဂ္ဂပါဠိ ၊ ဒီဃနိကာယ် )
                ၂။ သာမညဖလသုတ်     (                       ။              ။        )
၃။ ပေါဋ္ဌပါဒသုတ်          (                     ။              ။        )
၎။ အမ္ဗဋ္ဌ သုတ်            (                      ။              ။        )

Buddhist Concept of Aesthetic
၁။  ကေ၀ဋသုတ်          ( သီလက္ခန္ဓ၀ဂ္ဂပါဠိ ၊ ဒီဃနိကာယ် )
               ၂။ သက္ကပဥှ သုတ်        ( မဟာဝဂ္ဂပါဠိ ၊ ဒီဃနိကာယ် )
၃။ မဟာသမယသုတ်     ( မဟာဝဂ္ဂပါဠိ ၊ ဒီဃနိကာယ် )
၎။ အာဋာနာဋိယ သုတ်   ( မဟာဝဂ္ဂပါဠိ ၊ ဒီဃနိကာယ် )

Buddhist Philosophy
၁။  တေ၀ိဇ္ဇသုတ်          ( သီလက္ခန္ဓ၀ဂ္ဂပါဠိ ၊ ဒီဃနိကာယ် )
               ၂။ မဟာနိဒါန သုတ်       ( မဟာဝဂ္ဂပါဠိ ၊ ဒီဃနိကာယ်  )
၃။ သ င်္ဂီတိ သုတ်          ( ပါထိက၀ဂ္ဂပါဠိ ၊ ဒီဃနိကာယ် )
၎။ ဒသုတ္တရ သုတ်         ( ပါထိက၀ဂ္ဂပါဠိ ၊ ဒီဃနိကာယ် )

Buddhist Attitude to Politic
၁။ ကူဋဒန္တ သုတ်          ( သီလက္ခန္ဓ၀ဂ္ဂပါဠိ ၊ ဒီဃနိကာယ် )

၂။ အဂ္ဂည သုတ်          ( ပါထိက၀ဂ္ဂပါဠိ ၊ ဒီဃနိကာယ်  )

Lay People’s Ethic
၁။ သိင်္ဂါလသုတ်           ( ပါထိက၀ဂ္ဂပါဠိ ၊ ဒီဃနိကာယ်  )

Meditation Methods
              ၁။ မဟာသတိပဋ္ဌာနသုတ်   ( မဟာဝဂ္ဂပါဠိ ၊ ဒီဃနိကာယ် )

( မှတ်ချက်။  ။ သုတ္တန် အားလုံး ဒီဃနိကာယ် မှ ဖြစ်ပါသည် )
ကမ္ဘာပေါ်တွင် များစွာသောလူမျိုး နှင့် ဘာသာတရားများရှိကြရာ မိမိလူမျိုးနှင့် ကိုးကွယ်သောဘာသာ အားလျော်စွာ ကောင်းကင်ဘုံ၊ မဟာဗြဟ္မာ၊ ထာဝရဘုရား၊ သန့်ရှင်းသော  ၀ိဥာဏ်တော် စသည်ဖြင့် မိမိတို့ ယုံကြည်ချက်အတိုင်း ဟောပြလမ်းညွှန်နေ ကြသော ပုဂ္ဂိုလ်အားလုံးကို သာသနာပြုပုဂ္ဂိုလ်ဟု ခေါ်ဆိုရ သော်လည်း လမ်းမှန်သို့ရောက်အောင် ပို့ဆောင်ပေးနိုင်သော ဘာသာရေးခေါ င်းဆောင် သာသနာပြုများကို ကား ထေရ၀ါဒဗုဒ္ဓဘာသာအတွင်းမှာသာ ရှာတွေ့နိုင် ပါလိမ့်မည်။

He who knows one religion knows none.
ကိုယ့်ဘာသာတစ်ခုကိုပဲ သိနားလည်သူဟာ ဘယ်ဘာသာကိုမျှ သိနားလည်သူ မဟုတ်သေးဘူး တဲ့။ 

မှန်ပါသည် -ထိုသာသ နာပြုအမည်ခံယူလိုသူတို့သည် ကိုယ့်ဘာသာတစ်မျိုးကိုသာ မလေ့လာပဲ သူတပါးတို့၏ ဘာသာများကိုလဲ မပျင်းမရိ   လေ့လာကာ အားနည်းချက် အားသာချက်များကို မှတ်သား ထားမှသာလျင် ထက်မြတ် အောင်မြင်ပေါက် မြောက်သော သာသနာပြု ပုဂ္ဂိုလ်များ ဖြစ်နိုင်ပေလိမ့်မည်။ သို့ပါသောကြောင့် ခေတ်သစ်ပညာရေး ကို သင်ကြားတတ် မြောက်ကြသော သာသနာ့အာဇာနည် များအနေဖြင့် မိမိတို့ ရည်မှန်း ချက်များအတိုင်း စံပြသာသနာပြုပုဂ္ဂိုလ်များ ဖြစ် အောင် တူညီသောလမ်းကို ညီညာစွာ လျောက် လှမ်းကြပါစို့ လို့ ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါသည်။  ။

ရေးသားတင်ပြသူ -
အရှင်သုနန္ဒာလင်္ကာရ ( M .A  ပန်းကမ္ဘာ )
27 .Feb . 2011

စာကြွင်း။ ။ ဤဆောင်းပါးကို  2011 ခုနှစ်အတွက်  အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ MYANMAR MONK STUDENTS' WELFARE ASSOCIATION OF INDIA (M.M.W.A.I) အဖွဲ့အစည်းကြီးအတွက် နှစ်ပတ်လည် စာစောင်ထုတ်ဝေရန်  ၂ လပိုင်း ဖေဖော်ဝါရီလကတည်း ပေးပို့ထားခဲ့တာပါ။ ယခုတော့   ကျောင်း သား များ မဂ္ဂဇင်းစာအုပ်မှာ ပုံနှိပ် ထုတ်ဝေပြီးပြီမို့ အခုမှ    ဖော်ပြလိုက်ပါသည်။ :)










No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...