" ပရမာနံ ကမ္မံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့အတွက်သာဖြစ်၏ "

Friday, October 14, 2011

စစ်ကိုင်းကောင်းမှုတော်ပုံစံ အကြောင်းနှင့် ယနေ့မီဒီယာ

ဟိုတလောက ပြည်ပမှာ ရောက်ရှိကာ ကျောင်းတက် အလုပ်လုပ်နေတဲ့ ဒကာလေးတစ်ယောက်က မေးလာတယ်၊ အလုပ်လုပ် ရင်း၊ သွားရင်းလာရင်း စကားစပ်မိတဲ့အခါမှာ မြန်မာပြည်က အခြားသော စေတီများနှင့် ပုံစံထူးခြားနေတဲ့ ကောင်းမှုတော် ဘုရားကြီးရဲ့ ပုံစံအကြောင်းကို အမေးခံရတယ် တဲ့။ သမိုင်းအမှန်ကို မသိလေတော့ ဘာကို ဖြေပြီး ဘယ်လို ရှင်းရမှန်း မသိလို့ အသာငြိမ်နေခဲ့ရတယ် လို့ ဆိုတယ်၊ အဲဒီအကြောင်းနဲ့ ပက်သက်ပြီး ရှင်းပေးပါအုံး လို့ တောင်းဆိုလာတာကြောင့် ဒီဆောင်း ပါးကို ရေးမိပါတယ်။

လူငယ်အများစု ကြားဖူးထားကြတာက ရှင်ဘုရင်ကြီးတပါးလက်ထက်မှာ ဗိသုကာ ပညာရှင်များဟာ ဘုရားစေတီတော် ပုံစံကို ဘယ်လို တည်ထားရပါမလဲ.. ဆိုပြီး မေးလျောက်တဲ့အခါ ရှင်ဘုရင်ကြီးက မဖြေကြားခင်မှာ သူ့ရဲ့ မိဖုရားက ကလေးနို့ချိုတိုက်ဖို့ သားမြတ်ကို ဖွင့်ပြလိုက်စဉ် ဒါကို မြင်သွားကြတဲ့ မူးမတ်များက ဒီပုံစံ တည်ထားခိုင်းချင်လို့ ငါတို့ကို အရိပ်နိမိတ် ပြလိုက် တာပဲ လို့ မှတ်ယူပြီး စေတီတည်ထားခဲ့တယ် လို့ သိထားကြတယ်။

ဒီသတင်းစကားက ဘယ်က လာတာလဲဆိုတာ အားလုံး သိကြပြီးဖြစ်ပါလိမ့်မယ်၊ ရုပ်ရှင် ဗွီဒီယိုထဲမှာ လူရွှင်တော် လူပျက် တွေ ပြောပြ ဖျော်ဖြေတဲ့ စကားကို အားလုံးသော ပရိသတ်က အတည်မှတ်ယူကြ ပြီး တဆင့်ပြန်လည် ဖောက်သည် ချကြပြန်တယ်၊ ဒီလိုနဲ့ ပြန့်သွားလိုက်တာ ပြည်ပတခြားနိုင်ငံတွေ အထိ ရောက်သွားတယ် ဆိုပါတော့။ ၀မ်းနည်းစရာ ကောင်းတာက ဒီအဖြစ်အပျက်ကို အတည်မှတ်ထင်နေကြပြီး မြန်မာနိုင်ငံအတွင်းကTourist Guideအားလုံးကပါ နိုင်ငံခြားသားတွေကို အတည် သဘောနဲ့ ရှင်းပြနေကြတာကို ကိုယ်တိုင်မြင်ခဲ့ရတော့ စိတ်မသက်မသာဖြစ်ပြီး ၀မ်းနည်းခဲ့ရဖူးတယ်၊  ဒါကြောင့်လဲ ကမ္ဘာ့နေရာ အနှံ့အပြားမှာ  ပျံ့နှံ့နေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ကောင်းမှုတော်စေတီ သမိုင်း

သာလွန်မင်းတရားကြီး (  1584 မေလ တွင် ဖွား၍   1648 ခုနှစ် စက်တင်ဘာလတွင် ကံတော်ကုန်နတ်ရွာစံသည် )
နန်းစံသက်တမ်း (  1628 ခုနှစ်မှ  1648 အထိ  )

ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သော ဘုရင့်နောင်မင်းတရားကြီး၏ မြေးဖြစ်သူ သာလွန်မင်း တရားကြီးဟာ နောင်တော် အနောက်ဖက်လွန်မင်း နတ်ရွာစံ ကံတော်ကုန်သည်နှင့် တပြိုင်နက် အဖိုးလက် ထက်မှ စစ်တိုက်ခြင်းကြောင့် ရရှိလာတဲ့ တိုင်းပြည်နစ်နာမှုတွေကို သိရှိတာကြောင့် စစ်ကို သိပ်မုန်းတီးခဲ့ သူဆိုရင် မမှားပါဘူး၊ ဒါကြောင့်လဲ တိုင်းပြည်ကို စီးပွားရေးဖြင့်သာ သာယာဝပြော စည်ပင်အောင် လုပ်မယ် လို့ သန္နိဋ္ဌာန်ချထားပြီး စစ်တိုက်ဖို့၊ စစ်အင်အား စုဆောင်းဖို့ ကုန်ကျမည့်စရိတ် များ ကို   ပြည်သူတွေ စီးပွားဖြစ်ထွန်းအောင်သာ ကြိုးစားခဲ့တာပါ၊

သူ့ရည်ရွယ်ချက်က တိုင်းပြည်စည်ပင်ဝပြောပြီး အေးချမ်းနေလျင် စစ်မက်အင်အားလဲ အလိုလို ပါပြီးသားဖြစ်သည်၊ တကူးတက စုဆောင်းစရာ မလိုဟု ယူဆခဲ့ဟန်ရှိသည်။ ထို့ကြောင့်လဲ သာသနာတော်ကို ကြည်ညိုသည့်အလျောက် မြန်မာနိုင်ငံ သာသနာ့သမိုင်းတွင် ထင်ရှားခဲ့သော တောင်ဖီလာ ဆရာတော်၏ အမိန့်ကို နာခံကာ သာသနာတော်အရေး၊ ဘာသာရေး၊ တိုင်းပြည်စီးပွားရေး စသည်ကို အဖက်ဖက်မှ တိုးတက်အောင် စီမံအုပ်ချုပ်တော်မူခဲ့တယ်၊ တိုင်းပြည်ကို သာယာ ၀ပြောအောင် စီမံအုပ်ချုပ်နိုင်ခဲ့လို့လည်း သာလွန်မင်းတရားကြီး လို့ ပြည်သူပြည်သားများက ချစ်ခင်မြတ်နိုးခေါ်ဝေါ်ခဲ့ကြတယ်။

တိုင်းပြည်အတွင်းသာ မကပဲ အိမ်နီးချင်း အိန္ဒိယ၊ သီဟိုရ် (သီရိလင်္ကာ )နိုင်ငံများနှင့်လည်း စီးပွားရေးအရ အများအပြား ဆက်ဆံကာ တိုင်းပြည် ဖွံ့ဖြိုးအောင် ကြိုးပမ်းခဲ့သည်။ မြန်မာကောဇာသက္ကရာဇ် ( ၉၉၁ ) ခုနှစ်တွင် နန်းတက်တော်မူသော မင်းတရားကြီးသည် ကောင်းမှုတော်စေတီကြီးကို တည်ဆောက်ဆဲ မှာပင် ကံမကောင်းစွာ နတ်ရွာစံကံတော်ကုန်ခဲ့သည်၊ ဆက်လက်၍ မပြီး ပြတ်သေးသော စေတီတော်ကြီးကို သားတော်မင်းက ဆက်လက် တည်ထားကာ ထီးတော်တင် လှူနိုင်ခဲ့သည်။

ကောင်းမှုတော် စေတီပုံစံ

 သရေခေတ္တရာပြည် ဒွတ္တပေါင်မင်းကြီး၏ ကောင်းမူတော်ဖြစ်သော စေတီ( ၆) ဆူတို့တွင် (၁)ဆူ အပါအဝင် ဖြစ်သော သရမာစေတီကို ပုံတူယူကာ ကောင်းမူတော်စေတီ (ရာဇမဏိစူဠာ) အဖြစ်တည်ထားတော်မူခဲ့သည် ။ အဝန်းအတောင် (၃၀၀) အမြင့်အတောင်(၃၀၀)ပမာဏအားဖြင့် တည်ထားတော်မူခဲ့ပြီး စေတီ၏ လေးဘက်လေးတန်တွင်ကျောင်းတိုက် (၄)တိုက်ကို လည်း ဆောက်လုပ်လှူဒါန်းခဲ့၏။ အရှေ့ဘက်ကျောင်းကို ပုဗ္ဗ၀န်ကျောင်း၊  မြောက်ဘက်ကျောင်းကို ဥတ္တရ၀န် ကျောင်း၊ အနောက် ဖက်က ကျောင်းကို ပစ္ဆိမာရုံကျောင်း၊ တောင်ဘက်က ကျောင်းကို ဒက္ခိဏ၀န် ကျောင်း၊ ဟုမှည့်ခေါ်ခဲ့ တာ ယနေ့ခေတ် တွင်တော့   ကျောင်းနေရာများ အုတ်ရိုးဟောင်းနေရာ များစွာကို တွေ့ရှိနိုင်သေးသည်။  

သို့သော် ကောဇာသက္ကရာဇ် (၉၉၆)၊သာသနာသက္ကရာဇ် (၂၁၇၈)ခုနှစ်တွင် သာလွန်မင်းတရားကြီးသည် စေတီတော်ကြီး ကိုထီးမတင်ရသေးဘဲနတ်ရွာစံခဲ့ကြောင်းကို ဘုရားဖြူဆရာတော် အရှင်ရာဇိန္ဒ ရေးသားသော သာသန ဗဟုဿုတ ပကာသနီကျမ်းတွင် လေ့လာရဖူး၏။

နောက်တချက်အနေဖြင့် မိမိလက်ထက်တွင် သာသနာရေးအရ အမြဲတမ်း အဆက်သွယ်ရှိခဲ့သော သီရိလင်္ကာ နိုင်ငံမှ စေတီေ တ်ာပုံစံများကို အတုယူသည်ဟုလည်း သိရသည်၊ အဘယ်ကြောင့်ဆိုသော် သီရိလင်္ကာတနိုင်ငံလုံးတွင် ယနေ့ခေတ်အထိ တည်ရှိနေကြသော စေတီတော်မှန်သမျှ ကောင်းမှုတော် ပုံစံချည်းသာ ဖြစ်၏၊ စေတီအားလုံးကို  ထုံးဖြူဖြူဖြင့်သာ ပူဇော်   လေ့ရှိကြသည်၊ မြန်မာနိုင်ငံမှာလို ရွှေသင်္ကန်း ကပ်သည်ဟူ၍ လုံးဝမရှိပါပေ၊ အဖြူရောင် ထုံးသင်္ကန်းသည် စင်ကြယ် ဖြူစင်ခြင်းကို ကိုယ်စားပြုသည်ဟု ဆိုပါသည်။

အဘိုးဖြစ်သူ ဘုရင့်နောင်မင်းတရားကြီး လက်ထက်ကတည်းက သီဟိုရ်ကျွန်း( ယနေ့ သီရိလင်္ကာနိုင်ငံ Sri lanka ) မှ ပင့်ဆောင် လာခဲ့သော ဘုရားရှင်၏ လက်ဝဲဘက် အောက်စွယ်တော် အံတော်ပွားကို တောင်ငူတွင် ဋ္ဌာပနာထား ပူဇော် ထားရာမှ ရန်သူတို့၏ ရန်ကို ကြောက်သောကြောင့် မိမိနန်းစိုက်ရာ အင်းဝမြို့တော်နှင့် အနီးတွင် ပူဇော်ထားရှိလိုရကား  ယနေ့ စစ်ကိုင်းမြို့တွင်   ပြောင်းေ ရွှ့ပူဇော်ထားသည်ဟု ဆိုပါသည်၊

ဘုရားရှင်၏ အံတော်စွယ်တော်သည် စွတ်စွတ်ဖြူသော အဖြူရောင်ဖြစ်ရကား ထိုကို ရည်ရွယ်တော်မူကာ ထုံးသင်္ကန်း ဖွေးဖွေးကိုသာ ကပ်လှူခဲ့သည် ဟု သိရသည်။ ကောင်းမှုတော် စေတီတော်ကြီးကို လူပေါင်း ၂၀၀၀ ကျော်ဖြင့် နှစ်ပေါင်း ( ၁၂ )နှစ်ကြာအောင် တည်ဆောက်ခဲ့ရသည်။

ပမာဏအနေဖြင့်  သီရိလင်္ကာနိုင်ငံရှိ မဟာစေတီကြီးမှာ အမြင့်ဉာဏ်တော် ၁၂၀၊ လုံးပတ်တော် ၃၆၀-ရှိကြောင်းဘော ဣမံ မဟာစေတိယံ ၀ီသ ရတနေန သတာယာမံ၊ တိသတ သဋ္ဌိရတန ပရိဏာဟံ ဟောတိ-ဟု သာရတ္ထဒီပနီ ဋီကာ ကိုကိုး၍သတပဒိကပုစ္ဆာကျမ်း၌မင်းကွန်းဆရာတော်ကြီးဖြေဆိုထားသည်ကိုတွေ့ရသည်။

စစ်ကိုင်းမှ ကောင်းမှုတော်ကြီးမှာ အမြင့်ဉာဏ်တော် ၁၀၁-တောင်၊ လုံးပတ်တော် ၅၀၂-တောင်၊ ၂-မိုက်၊ ၄-သစ် ရှိကြောင်း စွယ်စုံကျမ်း၌ ဖော်ပြထားသဖြင့် သီရိလင်္ကာ မဟာစေတီကြီးက ဉာဏ်တော်မြင့်၍ ကောင်းမှုတော်ကြီးက လုံးပတ်ကြီး   ကြောင်း ကိုလည်း မူကွဲအနေဖြင့် သိရသေးသည်။

ယနေ့ခေတ် မီဒီယာ၏ အရေးပါမှု

ယနေ့ခေတ်မှာ မီဒီယာရဲ့ အရေးပါမှု၊ အသုံးဝင်မှုကို လူတိုင်း သိကြပါတယ်၊ မီဒီယာကို ကောင်းတဲ့ ဘက်မှာ အသုံး ချရင် ကောင်းကျိုးတွေ ခံစားကြရသလို မကောင်းတဲ့ဘက်မှာ အသုံးချမိရင်လဲ မကောင်းကျိုးကို တန်ပြန်ခံစားကြရမှာပါ။ အခုလဲ အနုပညာသည်ဖြစ်တဲ့ လူရွှင်တော်လူပျက်တွေကဟာသပျက်လုံးအနေနဲ့ ကြံကြံဖန်ဖန် ပြက်လုံးထုတ်ထားတာကို ပရိသတ် က အတည်မှတ်ယူလိုက် တော့ အားလုံး လွန်ကုန်ပါပြီ၊

ဗုဒ္ဓမြတ်စွာရဲ့  တရားတော်တွေကို အနှစ်ချုပ်လိုက်ရင် ကံသုံးပါးကို လုံခြုံအောင် စောင့်ထိန်းခြင်းသီလ morality ပါ၊ အဲဒီ ကံသုံးပါး လုံးကို လုံခြုံအောင် စောင့်ထိန်းနိုင်သူဟာ မကြာမီ ဒီဘက်ဘ၀မှာပဲ မဂ်ဖိုလ်နိဗ္ဗာန် ၀င်နိုင်ကြပါတယ်၊ ဒါကြောင့် ဘုရားရှင် ရဲ့ တရားတော်တွေကို စော်ကားပြီး ပြောတာဖြစ်ဖြစ်၊ စိတ်နဲ့ ပြစ်မှားတာပဲ ဖြစ်ဖြစ်၊ ကာယကံမြောက် ကျူးလွန်တာပဲ ဖြစ်ဖြစ် အပြစ်ဟာ အပြစ်ပါပဲ၊

ကာယကံမြောက် ကျူးလွန်မှ အပြစ်မဟုတ်ပဲ ၀စီကံနဲ့ ကျူးလွန်ရင်လဲ အပါယ်ငရဲကို ကျစေတတ်ပါတယ်၊ ဘုရားရှင်ရဲ့   ဒေသ နာေ တ်ာများစွာထဲမှာ နှုတ်မစောင့်စည်းလို့၊ သူများကို စော်ကားမိလို့၊ ကုန်းချောအပြစ်တင်မိလို့၊ မမှန်ပါဘဲ အလိမ် အညာ မုသား စကားကို ပြောဆိုမိလို့ ငရဲမှာ နှစ်ပေါင်းများစွာ ကမ္ဘာပေါင်းများစွာ ဒုက္ခဆင်းရဲ ခံစားနေရသူတွေ တကယ့် အဖြစ်အပျက် သာဓကတွေ များစွာရှိခဲ့ဖူးတယ်၊ ဒီနေ့အထိလဲ သူတို့ဟာ ငရဲဒုက္ခကို ခံစားနေကြရဆဲ ဖြစ်ပါတယ်။

လူပျက်များအနေနဲ့ ပရိသတ်ကို ပျော်စေချင်လို့ ဖျော်ဖြေတဲ့အနေနဲ့ ပါးစပ်သရမ်းလိုက်တာက ခဏလေးပါ၊ ဒါပေမယ့် သူတို့ဘ၀အတွက် ငရဲမှာ နှစ်ပေါင်းများစွာ ခံစားရမှာနဲ့ နှိုင်းယှဉ်ရင် မတန်ပါဘူး၊ ရင်းလိုက်ရတဲ့ အရင်းအနှီးနဲ့ ပြန်ရလိုက်တဲ့ အကျိုးဆက်က မမျှတဘူးလို့ ဆိုရပါမယ်၊ ဒါပေမယ့် ကံတရားက မျက်နှာကြီးငယ် မရွေးတာကြောင့် ကိုယ်ပြုသမျှကံ ကိုယ်သာ ခံ၊ ကိုယ်ပြောသမျှကံ ကိုယ်သာခံ လို့ပဲ မှတ်ယူရ ပါလိမ့်မယ်။

ဗုဒ္ဓလက်ထက်က အဖြစ်အပျက်တခု

ဗုဒ္ဓလက်ထက်တော်အခါက ကချေသည် အနုပညာသည်တယောက်က မြတ်စွာဘုရားကို လျောက်ထား ခဲ့ဖူးတယ်၊ တပည့် တော်တို့ ဒီဘ၀က သေလွန်ရင် ဘယ်ဘုံဋ္ဌာနမှာ ဖြစ်နိုင်ပါသလဲသိလိုပါတယ် ဆိုတော့ မြတ်စွာဘုရားက မသိချင်ပါနဲ့ ဒကာတော် လို့ တားမြစ်တော်မူတယ်၊ နောက်တကြိမ် ထပ်မေးတယ်၊ မသိချင်ပါနဲ့ လို့ပဲ၊ ပြန်ဖြေတော်မူတယ်၊ လူ့စိတ် ဆိုတာကလဲ အခက်သား ကလား မသိချင်ပါနဲ့ ဆိုမှ ပိုပြီး သိချင်စိတ် ပြင်းပြတတ်တာ ဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် တပည့်တော်ေ မးခွန်း ကို   ဖြေကြားပေးတော်မူပါဘုရား လို့ သုံးကြိမ်မြောက် မေးပြန်တယ်။
  
သုံးကြိမ်သုံးခါ မေးပြီဆိုမှ ဗုဒ္ဓမြတ်စွာက ဒကာတော် ဒီဘ၀မှာ သူတဖက်သား ပျော်အောင် ဖျော်ဖြေနေသူဟာ သေလွန် ရင် ငရဲကို ရောက်ရတတ်တယ်၊ ငရဲက လွတ်ပြန်ရင်လဲ စတုမဟာရာဇ်နတ်အမျိုးအနွယ်ဝင် ဂန္ဓဗ္ဗနတ် ဆိုတဲ့ ကချေသည် အမျိုးအစားနတ်ပဲ ဖြစ်ရတတ်တယ်၊ လို့ မိန့်တော်မူလိုက်တော့ မေးခွန်းရှင် ကချေသည်ဟာ ဘုရားရှေ့မှာတင် ၀မ်းနည်း ပက်လက် ရှိုက်ကြီးတငင် ငိုကြွေးပါတော့တယ်။

ဘာကြောင့်များ အဲဒီလောက် အပြစ်ကြီးရတာလဲဘုရား ဆိုတော့ လူတွေကို ပျော်စေရုံ သက်သက်ဆိုတာ မှန်ပေမယ့်  ပါးစပ်က မပြောခင် စိတ်က အရင် စဉ်းစားရတယ်၊ စိတ်က ပြောဖို့ ဆုံးဖြတ်ပြီးမှ နှုတ်က ထွက်ရတာ ဖြစ်တယ်၊ ဒါကြောင့် သူဟာ မနောကံ၊ ၀စီကံ ဒုစရိုက်တွေကို အကြိမ်ပေါင်းများစွာ၊ အခါပေါင်းများစွာ ကျူးလွန်ခဲ့တာကြောင့် အဲဒီကံတွေရဲ့ အကျိုးကို ပေးဆပ်ရတာပဲ၊ ၀ါသနာပါလို့ လုပ်သည်ဖြစ်စေ၊ အသက်မွေးဝမ်းကြောင်းအရ လုပ်သည်ဖြစ်စေ ကံဟာ ကံပါပဲ၊ စေတနာ ပါပြီ ဆိုကတည်းက ကံမြောက်တော့တာပဲ၊ ဒါကြောင့် စောစောကတည်းက မမေးပါနဲ့ လို့ ငါဘုရား တားမြစ် ထားတယ်မဟုတ်လား လို့ အဖြေပေးတော်မူခဲ့တယ်။

ဒီအဖြစ်အပျက်ကို ကြည့်ရင် အနုပညာသည်များ အနေနှင့် ပျက်လုံးထုတ်ချင်တယ် ဆိုအုံးတော့ .. ဘုရား တရား  သံဃာ ရတနာသုံးပါးနှင့် စပ်ဆက်ပြီး အပြောင်အပျက်အနေနဲ့လည်း မပြောသင့်ပါဘူး၊ အငြိမ့်ခွေ တော်တော်များများကို ကြည့်လိုက်ရင် ပျက်လုံးအများစုက ဘာသာရေးနဲ့ မကင်းကြတာတွေ့ရတယ်၊ ဘုရားရှင်အကြောင်း၊ ယသော်ဓရာ အကြောင်း၊ မယ်တော်မာယာ၊ ဖခင်ကြီးသုဒ္ဓေါဒန နဲ့ အရှင်မဟာကဿပမထေရ် အကြောင်း၊ အရှင်အာနန္ဒာအကြောင်း ပါမကျန် အကုန်လုံးပါပဲ၊

မတော်မရော်တဲ့ ကာမဂုဏ်နဲ့ ပက်သက်တဲ့စကားတွေကို ရဟန္တာမထေရ်ကြီးတွေ၊ အရိယာကြီးတွေနဲ့ တွဲစပ်ပြီး ပျက်လုံး ထုတ်ကြတာ မိသားစုအချင်းချင်း သားပျို သမီးပျို ရှိကြတဲ့ သူများ အတူမကြည့်ရဲလောက်အောင် ပျက်လုံးများက ထိမိ   ပြောင်   မြောက်ကြပါတယ်၊ သို့ပေမယ့်  သူတို့ပြောကြတဲ့သူတွေ အားလုံးဟာ တန်ခိုးအဘိညာဉ်ရ၊ ဈာန်ပျံ ဧတဒဂ်ဘွဲ့ထူးရ ရဟန္တာမေ ထရ်၊ ထေရီမကြီးတွေကိုပြစ်မှားမိနေတာကို  သတိမထားမိကြဘူး၊

အောက်ထစ်ဆုံး သိကြားမင်းအကြောင်းကို ပြောရင်တောင် သိကြားမင်းဟာ သောတာပန်အရိယာ သူတော်ကောင်းကြီးပါ၊   သောတာပန်ကို ပြစ်မှားမိရင် အရိယာကို စွပ်စွဲမိတဲ့ အရိယူပ၀ါဒကံ ထိုက်ပါတယ်၊ အဲဒီလို အရိယာတွေကို စွပ်စွဲမိခဲ့ရင် ဒီဘ၀မှာ သတိသံဝေဂရပြီး တချိန်မှာ ၀ိပဿနာတရား အားထုတ်အုံးတော့ တမဂ်တဖိုလ်ကို ရောက်ဖို့ အတားအဆီး ဖြစ်နေတတ်ပါတယ်။
  
အခုလဲ စေတီတော်ကြီးအကြောင်းကို မိဖုရားရဲ့ သားမြတ်နဲ့ နှိုင်းယှဉ်ပြီး ပျက်လုံးထုတ်လိုက်တာ စေတီတော် အတွင်းမှာ စွယ်တော် ကို ဋ္ဌာပနာထားတာကြောင့် ဘုရားရှင်ရဲ့စွယ်တော်ဖြစ်တဲ့  ဓာတုစေတီကြီးကို ၀စီကံနဲ့ ပြစ်မှားလိုက်သလို ဖြစ်သွားခဲ့တယ်၊ ဘုရားရှင်ကို ပြစ်မှားတာနဲ့ အတူတူပါပဲ၊ ဒါကြောင့်လဲ ဗုဒ္ဓမြတ်စွာက ငရဲကျတယ်လို့ ဟောခဲ့တာ ဖြစ်ပါလိမ့်မယ်။
  
တကယ်တော့ ဗုဒ္ဓ၀င်အကြောင်း ဓမ္မအကြောင်းက လွဲပြီး လောကအကြောင်း၊ လူတွေအကြောင်း ပြောစရာ ပြက်လုံး မရှားဘူးလို့ ထင်ပါတယ်၊ တကယ်တမ်း ပြောကြပြန်တော့လဲ ကောင်းကွက်တွေ တခုမှ မပါပဲ မကောင်းတာတွေကိုပဲ ရီစရာဖြစ် အောင်   ရွေးပြီး ပြောသွားလေ့ရှိကြတယ်၊ အနုပညာသည်အားလုံးကို ရည်ရွယ်ခြင်းမဟုတ်ရပါ၊ အချို့အချို့သော အနည်းစုသော လူများကို သတိသံဝေဂရစေဖို့ တင်ပြခြင်းဖြစ်ပါတယ်။

ပြန်လည်တင်ပြသင့်သော မီဒီယာများ

ယနေ့အချိန်အခါမှာ ကောင်းမှုတော်စေတီသမိုင်း ပါးစပ်ရာဇ၀င်ကြီးဟာ ကမ္ဘာ့နိုင်ငံ အများစုမှာ ပျံ့နှံ့နေပါပြီ၊ သာသနာ ဘာသာကို ချစ်မြတ်နိုးကြတဲ့ သူတို့ အနေနဲ့ ဘယ်လို ဖြေရှင်းကြပါမလဲ ဆိုတာကို စိတ်ဝင်စားမိပါတယ်၊ မိမိအမြင်တော့ မီဒီယာကနေ ပျံ့နှံ့သွားတဲ့ သမိုင်းအမှားကို မီဒီယာကနေ တဆင့်ပဲ ဖြန့်မယ် ဆိုရင်တော့ နောက်မျိုးဆက်သစ်လူငယ်တွေ အနေနဲ့ အမှန်ကို   ပြန်တည့်နိုင်မယ်လို့ ယူဆမိတယ်၊ ဒီနေ့ခေတ်မှာ စာတပုဒ်ကို လူတိုင်း ဖတ်ဖို့ဝန်လေးကြပေမယ့် ဗွီဒီယို ရုပ်ရှင်၊ အငြိမ့်တွေကိုတော့ လူကြီး လူငယ် လူလတ်၊ ကလေး မကျန် စိတ်ဝင်စားကြတယ်။ 
 ရှေးယခင် တွေ့မြင်ရသော မြတ်စွာဗုဒ္ဓ၏ စွယ်တော် အဖြူရောင်ကို ကိုယ်စားပြုသော ထုံးဖြူဖြူနှင့် ကောင်းမှုတော် စေတီတော်ကြီး
သီဟိုရ်ကျွန်း ယနေ့ခေတ် သီရိလင်္ကာနိုင်ငံမှ ကလျာဏီ ပုထိုးတော်ကြီး
သီရိလင်္ကာနိုင်ငံတ၀န်းလုံးမှာ ဖူးမြင်နိုင်တဲ့ စေတီပုံစံပါ၊ အနုရာဓပူရ Anuradhapura စေတီလို့ ခေါ်ပါတယ်
ယနေ့ခေတ် စစ်ကိုင်းမြို့မှ မုံရွာမြို့အသွား ကားလမ်းဘေးမှာ တွေ့မြင် ဖူးမြင်ရမယ့် ထုံးဖြူဖြူများ ပျောက်ကွယ်သွားပြီ   ဖြစ်တဲ့   ကောင်းမှုတော်စေတီ ပုထိုးတော်ကြီး

မှားတယ်ဆိုတာ အဂတိလေးမျိုးမှာ တခုခုကြောင့် မှားမိကြတာပါ၊ ချစ်လို့ မှားတာပဲဖြစ်ဖြစ်၊ မုန်းလို့ အမှားလုပ်မိ တာပဲဖြစ်ဖြစ်၊  မသိ နားမလည်မှုဆိုတဲံ့ အ၀ိဇ္ဇာကြောင့် မိုက်မှားမိတာပဲ ဖြစ်ဖြစ်၊ ကြောက်လို့ မှားမိတာပဲ ဖြစ်ဖြစ် အမှားဟာ အမှားသာ ဖြစ်သွား တတ်ပါ တယ်။

ဒီနေရာမှာလဲ ဘယ်လို အကြောင်းတွေကြောင့် မှားခဲ့သည် ဖြစ်စေ ရှေ့လျောက်အနာဂါတ်မှာ ပါးစပ်ရာဇ၀င်  သမိုင်းအမှား ကြီး မတွင်ကျန်ရစ်လေအောင် မီဒီယာတွေကနေ တဆင့် ပြန်လည်ဖြန့်ကြမယ်ဆိုရင် generations to generations အနေနဲ့   နောက် မျိုးဆက်သစ်တွေ အတွက်လဲ လက်ဆင့်ကမ်း သယ်ဆောင်လာကြတဲ့ သမိုင်းအမှားကြီးကို   ဖျောက်ပြီးသား   ဖြစ်သွား ပါလိမ့်မယ်၊

ဝမ်းသာစရာ ကောင်းတာက ယခုအချိန်မှာ မြန်မာနိုင်ငံဟာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေး၊ သာသနာရေးတွေမှာ သတင်း၊ ဆောင်းပါး ရေဒီယို၊ စလောင်း၊ အင်တာနက် စသည်ဖြင့် နည်းနည်းချင်း လွတ်လပ်ပွင့်လင်း မှုဆီကို ဦးတည်နေတာမို့ ရွှေမြန်မာများ ဟာ ကမ္ဘာ့အလယ်မှာ  အဆင့်အတန်းမှီမှီ ရပ်တည်နိုင်အောင် အမှားများကို ဆက်လက် မကျူး လွန်ကြဖို့ ဘာသာရေး အသိပညာတခုအနေနဲ့ သတိထားသင့်ကြတယ် ဆိုတာ ဖြေကြားရင်း စေတနာ စကားပါးလိုက်ရပါသည်။

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date. 13.Oct.2011
ဓာတ်ပုံနှင့် အချက်အလက် တော်တော်များများကို ဒီနေရာမှ ကူးယူဖော်ပြပါသည်။ 

1 comment:

KO TOE said...

ကောင်းမှုတော်စေတီကို ဘယ်ဂေါပကလူကြီးတွေက ဘယ်လိုစိတ်ကူးနဲ့ ရွှေရောင်ဆေးတွေ သုတ်လိုက်သလဲမသိပါဘူး.. ကြည်ညိုစိတ်နဲ့ဆိုရင် အပစ်မပြောသာပေမယ့် ယတြာချေတာဆိုရင်တော့ မကောင်းဘူးပေါ့လေ.. အခုခေတ်က လုပ်တတ်လွန်းလို့ပါ။
ထုံးဖြူဖွေးဖွေးနဲ့ အဓိပ္ပါယ်ရှိပြီး လွန်စွာသပ္ပါယ်လှတဲ့ စေတီတော်ကြီးကို.. ဟိုး.. အဝေးကြီးကဖူးမြင်ရရင်တောင် ရိုးသားမှုအပြည့်... ထင်းကနဲ၊ လင်းကနဲ.. စိတ်ထဲမှာ ဖော်မပြတတ်တဲ့ ကြည်နူးတဲ့ခံစားမှုမျိုးအကြိမ်ကြိမ်ဖြစ်ခဲ့ဖူးတာကို.. သတိတရ ရှိနေမိတော့တယ်..။

LinkWithin

Related Posts Plugin for WordPress, Blogger...