" ပရမာနံ ကမ္မံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့အတွက်သာဖြစ်၏ "

Friday, April 30, 2010

မဃဒေဝ ကောက်နှုတ်ချက်များ ၁

မဃဒေဝမလင်္ကာကျမ်းသည် မန်လည်ဆရာတော်ကြီး၏ အကျော်ကြားဆုံး ကျမ်းဖြစ်သောကြောင့် စာရေးသူသည် ငယ်ငယ်ရွယ်ရွယ်ကပင် ဖတ်ရှု့ရန် စိတ်ဝင်စားခဲ့သည်၊ သို့ပေမယ့် အဖေက သားကို ထမင်း ခွံ့ကျွေးရာဝယ် ချစ်ခြင်းသံယောဇဉ်ဖြင့် ထမင်းလုပ် ကြီးကြီး ကျွေးသော်လည်း ကလေးသည် သူ့ပါးစပ်နှင့် တန်ရုံသင့်ရုံသာ စားနိုင်သလို မိမိလည်း ဖတ်သာ ဖတ်လိုက်ရသည် ကောင်းကောင်းနားမလည်တာက များသည်၊ ထို့ကြောင့် စာပိုဒ်သာ ဆုံးသွားသည်၊ ၀ါးတားတား ပဲ ရလိုက်သည်ပေါ့။

ထိုအချိန်က စပြီး ဖတ်ပေမယ့် နားမလည်တော့ ဆက်ပြီး မဖတ်ချင်တော့ပေ၊ ဒါကြောင့် ကိုယ်လို နားမလည်နိုင်သူ များရှိခဲ့လျင် တလုံး တစ်ပါဒ နားလည် သဘောပေါက် ကျင့်သုံးနိုင်ပြီး တစုံတရာ အကျိုးကျေးဇူးရစေဖို့ ရည်ရွယ်ပြီး အဓိပ္ပါယ် ကောက်နှုတ်ချက် ကို ရေးလိုက်ပါတယ်၊ ထိုကျမ်းနာမည် အပြည့်အစုံမှာ "မဟာသုတကာရီ မဃဒေဝလင်္ကာသစ်" ဖြစ်ပြီး ဤလင်္ကာသစ်ကို နေမိဇာတ်တော်လာ မဃဒေဝမင်း၏ အဋ္ဌုပ္ပတ္တိကို အကျယ်ချဲ့၍ လင်္ကာဖြင့် ရေးသားခဲ့ခြင်းကို မိမိ လက်လှမ်းမှီရာ လင်္ကာများကို မြန်မာပြန်ဆိုပါသည်။

(ပိုဒ် ၂၆၁)။ လူမိုက်တသောင်း၊ ခြီးမွမ်းရှောင်းလည်း၊ သူကောင်းတစ်ယောက်၊ ပြစ်တင် ကြောက်လော့၊ ရှေ့ နောက် မဆ၊ လူ့ဗာလတို့၊ ဂုဏ ဒေါသ၊ နှစ်ဝ ကျိုး ပြစ်၊ စိစစ် မြှော်မြင်၊ မဆင်ခြင်ဘူး၊ ဆိုချင်မက်မော၊ ဆိုလျင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့်ရိုက်သို့၊ သူမိုက် ချီးမွမ်း၊ ဂုဏ်နာနွမ်း၏။

ကိုယ်လုပ်လိုက်တဲ့ ကိစ္စအတွက် လူမိုက်တွေ ဘယ်နှယောက်ပဲ ဖြစ်ဖြစ် ချီးမွမ်းနေပါစေ၊ အယောက်တစ်သောင်းလောက်တောင် ချီးမွှမ်းနေပါစေ၊ သူတော်ကောင်း ရဟန်း ရှင် လူတယောက်ယောက်က ကဲ့ရဲ့မှာကို ကြောက်နိုင်ပါစေ၊
လူမိုက်တွေက ရလာမယ့် အကျိုး အပြစ်တွေကို သေချာ ကြိုတင် မတွေးဆ မဆင်ခြင်တတ်ကြဘူး။

ဆန္ဒစောကာ ပြောချင်တာပြောပြီး ၀စီကံသာ မကပဲ ကာယကံ ဒုတ်ဖြင့် ရိုက်သကဲ့သို့ လူမိုက်တို့ ချီးမွမ်းသော်လည်း မိမိ ဂုဏ်ဒြပ် ညှိုးနွမ်းတတ်၏ ဟူလို။

( ပိုဒ် ၂၅၀ )။ ပညာယှိမြတ်၊ ဗောဓိသတ်တို့၊ နက္ခတ်ယှဉ်ရာ၊ အခါဖင့်နှေး၊ နေ့မရွှေးဘူး၊အရေးလက်ရောက်၊ မျက်မှောက်ကျိုးထင်၊ ရခြင်းပင်သာ၊ ဤလျှင်သင့်မြတ်၊ ကောင်းနက္ခတ်တည့်၊ အမှတ်မသွေ၊ မလွန်စေနှင့်။

ပညာရှိ ဘုရားအလောင်း တို့ အတွက် အခါကောင်း( ဗေဒင် ယတြာ ) နက္ခတ်ကောင်းကို စောင့်စရာ မလိုပေ။
နေ့ည ရွေးနေစရာမလို၊ အခွင့်အေ၇းကြုံလာလျင် အခါကောင်းပဲ ဟု သတ်မှတ်ပြီး ကိစ္စ ကြီး ငယ်ကို ပြီးစီးအောင် လုပ်လေ့ရှိကြသည်၊

အခါပေး နေလျင် အခွင့်အရေးကောင်းကို လက်မလွတ်စေနှင့် ဟူလို။

( ပိုဒ်၂၅၄ )။ မောဟပိတ်ဆို့၊ ပညာချို့သည့်၊ လူတို့ ဥစ္စာ၊ များတုံပါလည်း၊ မဟာသမုဒ်၊ ရေအစုတ်သို့၊ သောက်ထုတ် သုံး ချိုး၊ ဘယ်သူမျိုးမျှ၊ အကျိုးမရ၊ ပဏ္ဍိတတို့၊ ဓနမူကား၊ နည်းငြားပစေ၊ တွင်းထွက်ရေသို့၊ ဗိုလ်ခြေအားလုံး၊ သောက်သုံးချမ်းသာ၊ ပြီးတတ်စွာရှင့်၊

သဒ္ဓါမရှေး၊ မပေးမလှူ၊ မုန်းဆေးဟူ၏၊ ပေးလှူတတ်သော်၊ ချစ်ဆေးကျော်တည့်၊ လူ့ဘော်ဌာန၊ဤလောကနှိုက်၊ စိတ်ကကြည်စွာ၊ စေတနာနှင့်၊ သဒ္ဓါဝမ်းတွင်း၊ ပေးကမ်းခြင်းကား၊ ရခြင်းထက်သာ၊ ဝမ်းမြောက်စွာသည်၊ မင်္ဂလာလွန်မြတ်၊ ဖြစ်သတတ်ရှင့်။

သဒ္ဓါ ပညာ နည်းပါးပြီး မောဟ များသည့် လူမိုက် ပစ္စည်းများသည် အများအတွက် ကောင်းကျိုးမပေးနိုင်၊
ဥပမာကား သမုဒ္ဒရာရေကို ဘယ်သူမှ သောက်ခြင်း သုံးခြင်း မိမိအိမ်ကို ခတ်၍ ချိုးခြင်း မပြုနိုင်သလိုပင်၊

သဒ္ဓါတရား အားကောင်းသော ပညာရှိ၏ ဥစ္စာကား တွင်းထွက်ေ၇ကဲ့သို့ အများအတွက် ချမ်းသာကို ပေးနိင်လေ၏။
သူများကို မပေးကန်းပဲ ကပ်စေးနှဲနေလျင် အားလုံးက ၀ိုင်းဝန်း မုန်းတီးတတ်၏။
ပေးကန်း ရက်ရောခြင်းသည်သာ ပီယဆေး မည်သတဲ့၊

လူ့လောကတွင် ကိုယ့်စိတ် ကြည်ကြည်လင်လင် နှင့် ပေးကမ်းစွန့်ကြဲ ၇ခြင်းသည် ကိုယ်တိုင် ရယူခြင်းထက် ကြည်နူးစရာ ကောင်း၍ မင်္ဂလာ တပါးပင် ဖြစ်ပေသည်။

ပန်းပန်လျက်ပဲ



ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလည်း မသက်သာ
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့ လာ

အဆင်းနဲ့အလာ၊ဗေဒါမ အတွေ့
အုန်းလက်ကြွေ သူ့နဘေး၊ ဆောင့် ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ့
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လည်း မသက်သာ
ချောင်းအဆွယ် မြောင်ငယ်ထဲက
ဘဲထွက်လို့လာ။
ဘဲအုပ်ကတစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ(တည်း)
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊
ပန်းပန်လျက်ပဲ။

( ဇော်ဂျီ )

Tuesday, April 27, 2010

ဦးညွတ်ပါသည် ဗုဒ္ဓနေ့ ကဆုန်

ကံ ( ဥဒကံ ) ဆိန္ဒတိ ဧတ္ထာ တိ ကံဆိန်၊
ကံ ( ဥဒကံ ) ဆိဇ္ဇတိ ဧတ္ထ ( ဧတသ္မိံ မာသေ တိ ) ကံဆိန်၊

ဧတ္ထ ဧတသ္မိံမာသေ - ဤကဆုန်လ၌ ၊ ကံ ဥဒကံ - ရေသည်၊ ဆိဇ္ဇတိ - ခြောက်ခမ်း ပြတ်တောက်တတ်၏၊ ဣတိ တသ္မာ - ထို့ကြောင့်၊ ကံဆိန် - ကဆုန်လ မည်၏ တဲ့၊

ကဆုန်လပြည့် နေ့ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င်တို့အတွက် နှိင်းလို့ မရနိုင်တဲ့ နေ့ထူးနေ့မြတ် တနေ့ဆိုတာ သေချာပါတယ်။ ဒါကြောင့်လဲ ၁၂ လ ရှိတဲ့အထဲက အခြောက်သွေ့ အပူပြင်းဆုံး လို့ ဆိုရမယ့် ကဆုန်လကို ရေပြတ်တဲ့ လ၊ ရေရှားပါးတဲ့ လ လို့ ဆိုရတာပါ၊ သစ်ပင် ကြီး ငယ် အားလုံး ရေရှားလွန်းလို့ ညှိုးရော် နွမ်းလျနေတာကြောင့် ရေလိုအပ်နေတဲ့ အချိန်မှာ ဘုရားရှင်ရဲ့ ဖွားဖက်တော်၊ ပရိဘောဂစေတီ၊ သဗ္ဗညုတဥာဏ်တော်ရဲ့ မှီခိုရာဖြစ်တဲ့ မဟာဗောဓိပင်ကို ကာလဒါန လို့ ဆိုရမယ့် ရေသွန်းလောင်းခြင်း ဥဒကဒါန ကို ပြုကြခြင်းပဲ ဖြစ်ပါတယ်၊

ကဆုန်လပြည့်နေ့နှင့် ပက်သက်ပြီး ဖြစ် ပျက် ခဲ့တဲ့ ဗုဒ္ဓ၀င်တွေက ဗုဒ္ဓဘာသာဝင်တို့အား ကြည်နူးမှု့၊ လွမ်းဆွေးမှု့၊ သက်တော်ထင်ရှား ဘုရားရှင်ကို တမ်းတမှု့ တွေ ဖြစ်စေတာကြောင့် ကဆုန် ညောင်ရေသွန်းပွဲတော် ကို ပိုမို အသက်ဝင်စေပြီး စိတ်ကို တက်ကြွ လန်းဆန်းစေပါတယ်၊

“ဗျာဒိတ်တော် ခံ၊ ဖွား၊ ပွင့် ၊ စံ၊ ဟောညွှန် ဗုဒ္ဓဝံသ
ဖြစ်တော်စဉ် ငါး၊ ကြုံကြိုက်သား၊ ထူးခြား ကဆုန်လ” လို့ ရှေးရှေး ပညာရှိတွေ မိန့်ဆိုထားခဲ့ကြပါတယ်၊


(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမ
အမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
(၂) မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။ ( ဘီစီ ၆၂၃ )

(၃) မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
( ဘီစီ ၅၈၈ )

(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
( ဘီစီ ၅၄၃ )

(၅) မဟာသက္ကရာဇ် ၁၀၄ ခုနှစ် မှာ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကာလ ပါရမီ ဖြည့်ဆည်းရာ ကာလမှ စ၍ ယခုဘ၀ ဂေါတမ ဘုရားရှင် ဖြစ်တော်မူရာ ဘ၀ပေါင်းများစွာ ပါဝင်တဲ့ မဟာဗုဒ္ဓ၀င် အတ္ထုပ္ပတ္တိကိုလည်း ဒီ ကဆုန်လပြည့်နေ့မှာပဲ ဟောတော်မူခဲ့ပါသတဲ့။
( ဘီစီ ၅၈၇ )

ပါရမီ ဖြည့်ဖက်တို့ အတုယူဖွယ်ရာ

ဘုရားရှင် ကပိလ၀တ်ပြည်ကို ရောက်တော်မူတဲ့ အခါမှာ ဖခင် ဘုရင်ကြီးနဲ့ တကွ ကပိလ၀တ်နန်းတော် တခုလုံး အုံးအုံးကျွတ်ကျွတ် ဘုရားရှင်ကို လာရောက် ဖူးမြော် ဦးခိုက်ကြတယ်၊ ဒါပေမယ့် အဲဒီအထဲမှာ ယသော်ဓရာ ပါမလာခဲ့ဘူး၊ ယောက္ခမ ဘုရင်ကြိးကိုယ်တိုင် ဘုရားကို သွားရောက် ဖူးမြော်ဖို့ ပြောပေမယ့် ဘယ်လို ပြန်ပြောတယ် မှတ်ပါသလဲ --
ကျွန်တော်မျိုးမရဲ့ မေတ္တာ သံယောဇဉ်ကို မောင်တော် သိဒ္ဓတ္ထ နားလည်တယ် ဆိုရင် အဆောင်တိုက်ခန်းကို ကြွလာပါလိမ့်မယ်၊ သမီးတော်ကတော့ မသွားနိုင်ပါဘူး တဲ့။

တကယ်လဲ ဘုရားရှင်က အသိအမှတ်ပြုခဲ့ပါတယ်၊ အဆောင်တိုက်ခန်းကို ကြွခါနီးမှာ နောက်မှာ ပါလာတဲ့ သူကို ဒီနေ့ ယသော်ဓရာ စိတ်ကြိုက် ငိုကြွေးပါစေ၊ ဘယ်သူမှ မတားမြစ်ကြပါနဲ့ လို့ တားမြစ်တော်မူပြီး အဆောင်တိုက်ခန်းကို ရောက်တဲ့အခါမှာလဲ ခြေဖမိုးတော်ပေါ် ပါးအပ်လို့ ငိုကြွေးခွင့်ပြုခဲ့တယ်၊

နောက်ဆုံးမှာတော့ ဖခင် ဘုရင်ကြီးက ချွေးမတော် ယသော်ဓရာ ရဲ့ သံယောဇဉ်ကြီးပုံ၊ ကျေးဇူးသိတတ်ပုံ၊ သိဒ္ဓတ္ထ မင်းသား တောထွက် တရားကျင့်နေချိန်မှာ လုပ်တဲ့ အပြုအမူအတိုင်း နန်းတော်ပေါ်က ယသော်ဓရာကလဲ လိုက်လံ တုပ ကျင့်ဆောင်ပုံတွေကို အားပါးတရ လျောက်ကြားတော်မူတဲ့ အခါမှာ --

မင်းကြီး ယသော်ဓရာ မင်းသမီးဟာ ဒီ တစ်ဘ၀ထည်းသာ ငါဘုရားကိုယ်တော်အပေါ်မှာ ကျေးဇူးများတာ မဟုတ်ဘူး၊ ဟိုအရင် ပါရမီ ဖြည့်စဉ် ဘ၀များစွာတွေမှာလဲ အနစ်နာခံ အနွံတာခံ စွန့်လွှတ်ပြီး ဖြည့်ဆည်းပေးခဲ့ဖူးတယ် -- အစချီပြီး စန္ဒကိန္နရီ ဇာတ်တော်ကြီးနဲ့ တကွ မဟာဗုဒ္ဒ၀င်ကို ဟောတော်မူပါတယ်၊

ဤသို့ ထူးခြားချက် များနှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြခြင်း ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိခြင်းသည် ချစ်စရာဓလေ့တစ်ခုပင်၊
ဗုဒ္ဓဘာသာဝင်တို့၏ ကောင်းမြတ်သော အစဉ်အလာဖြစ်၍ ဗုဒ္ဓနေ့ကို အကြောင်းပြုကာ ဘုရားရှင်၏ ဂုဏ်တော်များကို အထူးအောက်မေ့ နှလုံးသွင်းလျက် ကုသိုလ်ကောင်းမှု့များကို ပြုနိုင်ကြပါစေသား ဟု ဆန္ဒပြု တိုက်တွန်း နှိုးဆော်လိုက်ပါတယ် ၊
အင်တာနက်ပေါ်က မြန်မာပြက္ခဒိန်တွေ ကြည့်ပြီး အလုပ်လုပ်နေတာ မှားပါပေါ့လား၊ တန်ခူးလ လို့ပဲ ထင်နေမိ တယ် :P အခုမှပဲ လပြည့်နေ့ကို မှီအောင် ပူဇော်မိပါတယ်၊ လွဲချော်တာများ ရှိခဲ့ရင် ခွင့်လွတ်ကြပါကုန်၊ တနှစ်လုံးရဲ့ အပူဆုံးလ၊ ရေပြတ်တဲ့ လ၊ အိန္ဒိယ နိုင်ငံရဲ့ အပူချိန်အမြင့်ဆုံး လမှာပဲ စာရေးသူဟာ ဂယာမြေကို ခြေချမိနေခြင်းက ကံကောင်းတာလား ကံဆိုးတာလား မခွဲခြားတတ်တော့။ ကဲ ဘာဖြစ်ဖြစ် - မင်းတို့ထွက် ရက်ရာဇာ တဲ့၊ ကြိုက်သလောက် ပူစမ်းပါစေ - အဖ ဘုရားရှင်ရဲ့ ဖွားဖက်တော် ဗောဓိ ညောင်ပင်အောက် ကတော့ အေးမြစေမှာ အသေအချာပင် - -

Monday, April 26, 2010

သူယောင်မယ် သူယောင်သီး

`သူယောင်မယ် - သူယောင်သီး´ ဟူ၍ကြားဖူးပါသည်။ ယုံတမ်းစကားလား၊ တကယ်ရှိတာလား သိလိုပါသည်။ ဗုဒ္ဓစာပေ ပိဋကတ်၌ ပြဆိုထားချက် ရှိပါက ကျမ်းစာအကိုးအကားဖြင့် ဖြေကြားတော်မှုကြပါရန်နှင့် ရှေးဟောင်းစာပေများ၌ တွေ့ကြုံရဖူးကလည်း ထိုကျမ်းများအရ ဖြေကြားပေးတော်မှုကြပါရန် အနုးအညွတ် တောင်းပန်သည်။
စိတ်ဝင်စားသူ

သူယောင်မယ် အကြောင်းကို ပိဋကတ်စာပေတွင် အလမ္ဗုသာဇာတ် အဋ္ဌကထာ၌သာ တွေ့ဖူး၏။ အလမ္ဗုသာဇာတ်အကျဉ်းချုပ်မှာဤသို့ဖြစ်၏။

ဗာရာဏသီပြည်တွင်ဗြဟ္မဒတ်မင်း စိုးစံစဉ် ဘုရားလောင်းသည် ကာသိတိုင်းတွင် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်
ရောက်ကား အတတ် ပညာစုံသောအခါ၌ ရသေ့ဝတ်ကာ တော၌နေလေ၏။ တနေ့တွင် သမင်မ
တစ်ကောင်သည်- ဘုရားအလောင်းရသေ့ ကျင်ငယ်စွန့်ရာ အရပ်၌ သုတ်ရေနှင့် ရောသောမြတ်ကို စားမိကာ ကိုယ်ဝန်တည်လေ၏။ ထိုအခါမှစ၍ ရသေ့၏ ကျောင်းနားမှ မခွါတော့ပေ။

နောင်အခါ လူသားကလေးငယ်ကို မွေးဖွားလေ၏။ ဘုရားအလောင်းသည် ထိုသူငယ်ကို သားဟူသော ချစ်ခြင်းဖြင့် မွေးမြူလျက် `ဣသိသိင်္ဂ´ ဟု အမည်ပေးထား၏။ ဘုရားလောင်းသည် `ဣသိသိင်္ဂ´ သိကြားနားလည်သော အရွယ်သို့ ရောက်သောအခါ ရသေ့ဝတ်ပေးထား၏။ အသက်အရွယ် ကြီးရင့်နေပြီ- ဖြစ်သော ဘုရားလောင်း ရသေ့သည် ရသေ့ငယ်လေးကို နာရိဝန- မည်သော သူယောင်မယ်တောသို့ ခေါ်သွား၍ `တာတ ဣမသ္မိံ ဟိမ၀န္တေ ဣမေဟိ ပုပ္ဖေဟိ သဒိသာ ဣတ္ထိယော နာမ ဟောန္တိ၊ ( ချစ်သား ဤဟိမ၀န္တာ၌ - ဤပန်းတို့နှင့် တူကုန်သော ဣတ္ထိယ-ခေါ် မိန်မတို့ ရှိကုန်၏။) တာ အတ္တနော ၀သံ ဂတေ မဟာဝိနာသံ ပါပေန္တိ၊ ( ထိုမိန်းမတို့သည် မိမိအလိုသို့ လိုက်သောသူတို့ကို ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်စေကြကုန်၏။)
န တာသံ ၀သံ နာမ ဂန္တုံ ၀ဋ္ဋတိ၊ (ထိုမိန်းမတို့၏ အလိုသို့ လိုက်ပါခြင်းငှါ မသင့်။) ဟု ဆုံးမစကားပြောကြားကာ နောင်သောအခါ ကွယ်လွန်၍ ဗြဟ္မာ့ပြည်သို့ ရောက်လေ၏။

ဣသိသိင်္ဂရသေ့လည်း ရရှိထားသော ဈာန်ကိုကစားရင်း ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်လေရာ သိကြားမင်း၏ ဗိမာန်ပင် တုန်လှုပ်လေ၏။ သိကြားမင်းသည် စုံစမ်းဆင်ခြင်၍ ထိုရသေ့၏ သီလတန်ခိုးကြောင့် တုန်လှုပ်ခြင်းဖြစ်ကြောင်း သိသဖြင့် `ငါ့နေရာကို လိုချင်လို့များလား´ ဟု ယုံမှားသံသယဖြင့် ကြောက်ရွံလှသဖြင့် အလမ္ဗုသာ မည်သော နတ်သမီးကို စေလွှတ်၍ ထို ဣသိသိင်္ဂ ရသေ့၏ သီလကို ဖျက်ဆီးလေ၏။

မိန်းမနှင့်တူတာဆိုလို့ ကမလာ-ဟူသော သူယောင်မယ်နွယ်ပွင့် ကိုသာမြင်ဖူးသော ဣသိသိင်္ဂရသေ့အဖို့ အလမ္ဗုသာနတ်သမီး၏ မာယာညွှတ်ကွင်းသို့ အလွယ်တကူပင် သက်ဆင်းမိလေ၏။ အလမ္ဗုသာနတ်သမီး၏ အထိအတွေ့မှာ မူးမေ့ကာ ဈာန်တရားတို့လည်း ကွယ်ပျောက်ခဲ့ရ၏။ သတိရ၍ အဖြစ်အပျက်- အကြောင်းစုံကို သိရှိဆင်ခြင်နိုင်သောအခါ ဖခင်ကြီး တချိန်က ဆုံးမခဲ့သည်ကို နားမထောင်မိခဲ့သည့် အဖြစ်ကို နောင်တရမိလေ၏။ ကာမရာဂကို ပယ်၍ ဈာန်ကိုလည်း တဖန်ဖြစ်စေနိုင်ခဲ့၏။
( ဇာတက ဋ္ဌ- ၅- ၁၆၁)

ဤဇာတ်တော်၌ပါသော ကမလာ ၀ုစ္စတိ နာရီပုပ္ဖလတာ- ဟူသောဖွင့်ဆိုချက်အရ သူယောင်မယ်- ဟူသည် အပင်မှသီးသော အသီးမျိုးမဟုတ်၊ အနွယ်မှဖြစ်သော အပွင့်တစ်မျိုးဟု မှတ်အပ်၏။ ထို့ကြောင့်ပင် သတပဒိက ပုစ္ဆာ ၀ိသဇ္ဇနာကျမ်း၌ မန်လည်ဆရာတော်က-

`ရွှေသူယောင်၊ မတူအောင် လူလိုလှတယ်လို့၊ ဆိုကြစကား။ မြတ်ဘုန်းကြွယ်၊ ပင်စောက်အနွယ်နှင့်၊ သူယောင်မယ် ရှုမငြီးငယ်တို့၊ သီးပွင့်လေလား။´ ဟု မေးအပ်သောအမေးကို မင်းကွန်းဆရာတော်က-
`ရွှေသူယောင်၊ မတူအောင် လူလိုလှတယ်လို့၊ ဆိုကြစကား။ သူယောင်မယ်၊ အလှသူကြွယ်လို့၊ ကမလာနွယ် ခေါင်အညွတ်မှာ၊ မြူးကွန့်ဟန် အလွန်တင့်တယ်၊ ပန်းပွင့်မှတ်သား။´ ဟု ဖြေကြားတော်မှုပါသည်။ ( အဋ္ဌစတ္တာလီသမ ပုစ္ဆာနှင့် ၀ိသဇ္ဇနာ)

သမန္တစက္ခု ဒီပနီကျမ်း ( န၀မတွဲ) ၁၅၅= ပုစ္ဆာ ၀ိသဇ္ဇနာ (စာ- ၅၉၆)၌လည်း ထိုသူယောင်အကြောင်းအရာ
လာရှိ၏။သူယောင်တောနှင့် ပတ်သက်၍ ပိုမိုပြည့်စုံစွာ သိရသောကျမ်းမှာ ကျီးသဲလေးထပ် ဆရာတော်၏ မဟာဝင် ၀တ္ထုဖြစ်၏။ ထိုမဟာဝင် ၀တ္တုကျမ်းမှ ဇမ္ဗုဒီပစာတမ်းတွင်- ` သူယောင်တော ဟူရာ၌´ ပါဠိတွင် (နရ၀နံ) ဟူ၍ရှိသည်။ မြန်မာပြန်သော် လူရုပ်ပုံသဏ္ဍာန် သီးသော တောဟု ဆိုသည်။

ထိုတော၌ သစ်ပင်မှဖြစ်သော အသီးတို့သည် ဆယ့်ငါးနှစ်ရွယ်၊ ဆယ့်ခြောက်နှစ်ရွယ်ခန့်ရှိသော မိန်းမငယ် ယောက်ျားငယ်ကဲ့သို့ တင့်တယ်သော မိန်းမသဏ္ဍာန်၊ ယောက်ျား သဏ္ဍာန်ချည်း သီးကုန်သည်။ ဦးစွန်းနေရာမှ အညှာတို့သည် ဖြစ်ကုန်၏။ တွဲရရွဲဆွဲလျက်သာ တည်ကုန်၏။ လေခတ်သောအခါ ကခုန် မြူးထူးဘိ သကဲသို့လည်းကောင်း၊ တစ်ဦးသည် တစ်ဦးအား ပိုက်နွှဲဖက်ရမ်းဘိ သကဲ့သို့လည်းကောင်း ဖြစ်ကုန်၏။

ထိုသူယောင်တောဌာနသို့ ရာဂမကင်းသေးသော ဈာနလာဘီ ဇော်ဂျီရသေ့တို့ ရောက်၍မြင်ရလျှင် ရွှင်လန်းတပ်မက်သော ရာဂစိတ်သည် နှိပ်နယ်၍ မရအောင်ဖြစ်ရာ၏။ ရာဂကင်းပြီးသော ရဟန္တာအရှင်မြတ်တို့သော်မှလည်း ထိုအသီးတို့၏ ပုံသဏ္ဍာန်ကိုမြင်လျှင် ရွှင်လန်းရယ်မြူးမိ၏။ - ထိုအသီးတို့ မှည့်ရင့်သောအခါ ငှတ်တို့သာလျှင် စားကုန်၏။ ငှက်စားပြီး၍ စွန့်ပစ်သော အစေ့တို့၏ ရနံ့သည် သုသာန်ပြင်ကဲ့သို့ စက်ဆုတ်ဖွယ်ရှိသတည်း။´စသည်ဖြင့် လာရှိပါသည်။ဤသည်ကို ထောက်ကာ သူယောင်မယ် သူယောင်တော ဟူသည် အမှန်တကယ်ရှိကြောင်း မှတ်သားသင့်ပါသည်။
အရှင်ကောဝိဒ (ယော)

Friday, April 23, 2010

ကျွဲ နွားများ လှူကောင်းပါသလား

(က) ဥသဘ ဒါန- ကျွဲ နွား စသော တိရိစ္ဆာန်ကို ပေးလှူခြင်း၊... တပည့်တော်တို့ အိမ်က နွားတစ်ယှဉ်းကို ရွာကကျောင်းထိုင်ဆရာတော် ရွာအနီးအနား အလှူအတန်း သွားလာရင် လိုက်ပို့ဘို့ လှူဒါန်းထားပါ
တယ်ဘုရား။ အကုသိုလ်များ ဖြစ်နေပြီလား ဘုရား။

ကိုမျိုး (အညာမြေ)

အလှူဒါန ( ၁၀ ) မျိုးနဲ့ ပက်သက်ပြီး ကိုမျိုးက မေးလာတာမို့ ရှင်းလင်းအောင် မဖြေပေးရင်ဖြင့် စိတ်
မကောင်းဖြစ်ပြီး အပြစ်ဖြစ်မှာ စိုးရိမ်မိပါတယ်၊ ဒီရက်ပိုင်းမှာလဲ နည်းနည်း လုပ်စရာလေးတွေ ပေါ်လာ
တာကြောင့် ချက်ချင်း မဖြေဆိုပေးနိုင်တာ နားလည်ပေးစေချင်ပါတယ်။

(၁) သမဇ္ဇဒါန- အငြိမ့်မင်းသား မင်းသမီး ပြဇာတ်၊ ဆိုင်းဝိုင်း ဇာတ်ပွဲတို့ကို ပေးလှူခြင်း၊
(၂) မဇ္ဇဒါန- သေရည်အရက် ဘီယာကို လှူဒါန်းခြင်း၊
(၃) ဣတ္ထိဒါန- ပုဂံခေတ် အရည်းကြီးတို့အား လှူသလို မိန်းမကို ပေးလှူခြင်း၊
(၄) ဥသဘ ဒါန- ကျွဲ နွား စသော တိရိစ္ဆာန်ကို ပေးလှူခြင်း၊
(၅) စိတ္တကမ္မ ဒါန- ကာမဂုဏ်စိတ်ကိုနှိုးဆွပေးသော ပန်းချီကားချပ်၊ စသည်ပေးလှူခြင်း၊

(၆) သတ္ထ ဒါန- ဒုတ် ဒါး သေနတ် စသော လက်နက်ခဲယမ်းစသည် ပေးလှူခြင်း၊
(၇) ၀ိသ ဒါန- သေစေနိုင်သော အဆိပ်၊ ဆေးပြား ဆေးပုလင်း စသည်ပေးလှူခြင်း ( သတ္တ၀ါတို့ပျက်စီးစေရန်၊ )
(၈) သင်္ခလိက ဒါန-လက်ထိပ် သံခြေချင်း နှောင်ကြိုးကို ပေးလှူခြင်း၊
(၉) ကုက္ကဋ သူကရ ဒါန- ကြက် ၀က် ခွေးစသော သားကောင်တို့ကို ပေးလှူခြင်း၊
(၁၀) တုလာကူဋ မာနကူဋ ဒါန- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။ယခုခေတ် ဂဏန်းပေါင်းစက်ဖြင့် စားရင်းအင်းများကို လိမ်လည်ပေးခြင်း၊

မိလိန္ဒပဥှာ။ ပါ။ ၂၂၇။

အထက်ပါ ဒါန ဆယ်မျိုးဟာ အရှင်နာဂသေန ( အရှင်နာဂသိန် ) ကနေ မိလိန္ဒမင်းကြီးကို မေးလို့ မင်းကြီးက ဖြေဆိုတဲ့ ဒါန လို့ မသတ်မှတ်နိုင်တဲ့ ( အဒါန သမ္မတ ) အလှူတွေပါ၊ ဒါကြောင့် အလှူရှင်များ ကြည်ညိုစိတ်နဲ့ အမြင် ရှင်းစေဖို့ မိလိန္ဒ အမေးအဖြေ တွေထဲက သက်ဆိုင်တဲ့ စာလေးတွေကို မျှဝေလိုက်ပါတယ်၊

မထေရ် - မင်းကြီး လောကမှာ အလှူခံပုဂ္ဂိုလ် ရောက်လာလို့ မပေးလှူကောင်းတဲ့ ပစ္စည်းရယ်လို့ ရှိပါသလား -

မင်းကြီး - မရှိပါဘူးဘုရား၊ အလှူရှင်က ကြည်ညိုစိတ် ရှိတယ်ဆိုရင် ဆွမ်း ခဲဖွယ် ဘောဇဉ် နေစရာ အိပ်ရာ အခင်း၊ အိမ်စေမိန်းမ အိမ်စေယောကျား၊ လယ် ယာ၊ ခြေထောက် နှစ်ချောင်းရှိသော ကြက် ငှက်စသည်၊ ခြေထောက် ၄ ချောင်းရှိသော ကျွဲ နွား များ၊ ၀တ္ထုငွေ တရာ တထောင် တသိန်း စသည်နှင့် အချို့များ ကိုယ့်ရဲ့ မင်းစီးစိမ် နဲ့ အသက်ကိုတောင် ပေးလှူကြပါတယ်၊ ဒါကြောင့် မလှူကောင်းတဲ့ ပစ္စည်းရယ်လို့တော့ မရှိပါဘူးဘုရား၊

မင်းကြီးရဲ့ စကားကို အရှင်နာဂသိန်မထေရ်ကလဲ ထောက်ခံခဲ့တဲ့အတွက် ၀တ္ထုငွေ စသည်မှာလဲ အပ်စပ်အောင် လှူရင်ဖြင့် အလှူခံကောင်းတယ်လို့ ဆိုရပါမယ်၊

ဝိနည်း မဟာဝါ စမ္မက္ခန္ဓက ယာနာဒိ ပဋိက္ခေပ အခန်းမှာ နွားထီး တပ်ထားပြီး ယောင်္ကျား မောင်းတဲ့ လှည်းဖြစ်ရင် စီးကောင်းပါတယ်၊ ဒါကလဲ ဂိလာန အတွက်ပါပဲ ၊ ဂိလာန မဟုတ်ပဲ စီးရင်တော့ အာပတ်အသေးစား ဒုက္ကဋ်အာပတ် သင့်ပါတယ်၊ ဘိက္ခုနီများအတွက် စူဠ၀ါပါဠိတော် ဘိက္ခုနီခန္ဓက တတိယဘာဏ၀ါရ မှာ ဂိလာန ဘိက္ခုနီအတွက် နွားထီး နွားမ မရွေးပဲ အဆင်ပြေသလို စီးနိုင် သွားလာနိင်ပါသတဲ့၊

တကယ်တမ်း ကြည့်၇င်တော့ ဥသဘဒါန ဆိုတာ နွားလားဥသဘ ကို ဆိုလိုပါတယ်၊ ဇာတ်တော်တွေမှာ ပါတဲ့ နွားလားဥသဘတွေဟာ ပစ္စည်းအပြည့်တင်ထားတဲ့ လှည်းအစီးပေါင်း တစ်ရာ ကို ( ယခုခေတ် ရထားတွဲများလို ) တစ်ဆက်တည်း ဆက်ထားပြီး တစ်ကောင်တည်း ရုန်းပြီး ဆွဲနိုင်ပါသတဲ့၊ အဲဒီ နွားလားဥသဘတွေဟာလဲ ၀ိသာခါ အနာထပိဏ် သူဋ္ဌေူးတို့လို ဘုန်းကံ ကြီးမားပြီး ရှေးကုသိုလ်ကံ ကောင်းသူများသာ ပိုင်ဆိုင်နိုင်ပါတယ်၊ ဥသဘဒါန ဆိုတာ အဲဒီလို နွားမျိုးကို ဆိုလိုတာပါ၊ ဒါကြောင့် ဥသဘဒါန အရ ယခုခေတ် နွားများကို ဆိုလိုဟန် မတူပါဘူး၊ အဲဒီအတွက်လဲ သံသယ ကင်းကင်းနဲ့ ၀မ်းမြောက်နိုင်ပါတယ်၊

ပရိဝါရပါဠိတော်မှာတော့ မဇ္ဖဒါန သမဇ္ဇဒါန ဣတ္ထိဒါန ဥသဘဒါန စိတ္တကမ္မဒါန တို့ကို ဒါနလို့ မသတ်မှတ်ကြောင်း ၅ မျိုးသာ ပြထားပါတယ်၊

ယခုခေတ် သာမာန် နွားများမှာ ပြောစရာ တခုပဲ ရှိပါတယ်၊ ဒါကလဲ ရဟန်းတော်များဘက်က ၀ိနည်းစည်းကမ်းပါ၊ ရဟန်းတော်များဟာ နွားလှည်း မစီးရ၊ တိရိစ္ဆာန်များကို ညှင်းဆဲရာ ရောက်တယ်၊ စက်နဲ့မောင်းတဲ့ ယာဉ်ဆိုရင် ဘာမဆို စီးနိုင်တယ် လို့ မြတ်စွာဘုရားက သိက္ခာပုဒ် ပညတ်တော်မူခဲ့ပါတယ်၊

ဘာကြောင့်လဲ ဆိုတော့ အိန္ဒိယဒေသ မှာ နွားတွေ ကျွဲတွေကို ကျေးဇူးရှင် ထမင်းရှင် ဆိုပြီး လူတွေက သိပ်အလေးထား ဆက်ဆံကြပါတယ်၊ တကယ်လို့များ နွားတစ်ကောင် ကားလမ်းပေါ် ဖြတ်သွားရင် အဲဒီနွား လမ်းတဖက်ကို မရောက်မချင်း သွားလာ နေသမျှ ကားကြီး ကားငယ် ဆိုင်ကယ် အားလုံး ရပ်တန့်ပေးရပါတယ်၊ နွားမှ မဟုတ်ပဲ အခြား တိရိစ္ဆာန်တော်တော်များများကိုလဲ ဘေးမဲ့ ပေးထားပြီး အဲဒီဓလေ့ဟာ မြတ်စွာဘုရား ပွင့်တော်မမူခင် အချိန်ကနေ ယနေ့ခေတ်အထိ ရှိနေဆဲလို့ သိရပါတယ်၊

( ခ ) ဆယ်ခုမြောက် တုလာကူဋ မာနကူဋ ဒါန- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ ကို ရှင်းပါအုံးမည်၊
ဒီအသုံးအနှုံးကတော့ ရှေးခေတ်အခါက ကတ္တားချိန်ခွင်တွေ ဘာတွေ မပေါ်ပေါက်သေးတာကြောင့် စပါး၊ နှမ်း ၊ ပဲမျိုးစုံ ဆန် စသည်ကို တင်တောင်း၊ ပြည်တောင်း ၊ နို့ဆီခွက် စသည်ဖြင့် ချင့်တွယ်ကြလေ့ရှိပါတယ်၊ အခုမှသာ ကတ္တားပေါ်တင်ပြီး လွယ်လွယ်ကူကူ ချင်တွယ်နိုင်ကြတာပါ၊ ရှေးတုံးကတော့ ဆန်တင်းပေါင်း ၁၀၀ ဆိုရင် နေ့တ၀က် ၆ နာရီနီးပါးမျှ အကြိမ်ပေါင်း ၁၀၀ ထည့်ပြီး တွက်ရပါတယ်၊

နောက်တမျိုးအနေနဲ့ တစ်ပိဿာ၊ ၅၀ သား၊ ၂၅ ကျပ်သား( အစိတ်သား လို့လဲ ခေါ်ပါတယ်၊ ) တဆယ်သား စသည်အခေါ်အဝေါ်တွေနဲ့ ချိန်ခွင်မှာ ချိန်ပြီး သုံးနေကြတာပါ၊ ဒါကလဲ စာရေးသူအထင်အရ မြန်မာပြည်တနေရာထဲသာ သုံးနှုံးနေဆဲလို့ ယူဆပါတယ်၊ အခြားနိုင်ငံတွေမှာလို ကီလိုဂရမ် နဲ့ သုံးတာ မရှိသေးပါဘူး၊ တခါတလေ စာရေးသူတို့ ဈေးဝယ်ရင် တစ်ကီလိုဂရမ် ဆိုရင် မြန်မာပြည်မှာလို တပိဿာလောက်များ ရှိနေမလား လို့ တွက်ရတာ အမောပါပဲ၊ တွေးတွေးပြီးလဲ ပြုံးမိပါရဲ့၊ ( တစ်ကီလိုဂရမ် ကို ၆၀ သား ရှိပါသတဲ့ )

တုလာကူဋ - ချိန် စဉ်းလဲ -( ချိန်ခွင် ဖြင့် စဉ်းလဲ ကောက်ကျစ်ခြင်း မမှန်မကန် လိမ်လည်ခြင်း ) ( ဥပမာ ) ကြက်သွန် တပိဿာ ကို ကိုယ်က ၀ယ်ရင် ချိန်ခွင်လျှာကို ပိုမိုသာစေပြီး ပြန်ရောင်းရင် တော့ ချိန်ခွင်လျှာကို လျော့စေတာမျိုးကို ချိန်စဉ်းလဲ လို့ ခေါ်ပါတယ်၊ အဒိန္နာဒါန အသေးစား ပေါ့၊

မာန ကူဋ - တင်းစဉ်းလဲ ( တင်းတောင်းဖြင့် စဉ်းလဲ ကောက်ကျစ်ခြင်း မမှန်မကန် လိမ်လည်ခြင်း ) သူကတော့ အကြီးစား သူခိုးပေါ့၊ အထက်ကအတိုင်း မမှန်မကန် လိမ်လည်ခြင်းကြောင့် အဒိန္နာဒါန အကုသိုလ်ကံ ထိုက်ပါတယ်၊
ဆိုလိုတာက ရဟန်းသံဃာအတွက် ဘုန်းကြီးကျောင်းအတွက် ကိုယ်က အကျိုးဆောင်ပေးတဲ့အနေနဲ့ အဲဒီလို မမှန်မကန် လိုက်ပါလုပ်ဆောင်ပေးတယ် ၊ ယခုခေတ်မှာတော့ ဂဏန်းပေါင်းစက်ထဲက တသိန်း ကို တသိန်းခွဲ လို့ မှားယွင်းရိုက်ထည့်ပေးတာမျိုးကို မလှူကောင်းပါဘူး၊ ဒါန မမည်ပါဘူး၊ အကုသိုလ်ဖြစ်ပါတယ်၊ အဲဒီလို ဒါန မျိုးတွေကိုလဲ ရှောင်ကြဉ်နိုင်ပါစေလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။ ။

ကျမ်းကိုးစာရင်း -

မိလိန္ဒပဥှာပါဠိ
မဟာဝါပါဠိတော်၊
စူဠ၀ါပါဠိတော်၊
ပရိဝါ ပါဠိတော်၊

Wednesday, April 21, 2010

လွဲနေတဲ့ ဒါနများ အပိုင်း ( ၅ )

ဒါန ( ၄ )

အရှင်ဘုရား နောင်ကျရင် ဘာစာမေးပွဲမှ ဖြေမနေပါနဲ့တော့ဘုရား၊ တပည့်တော်ကတော့ သာသနာ့ဘောင်မှာ သင်္ကန်းဝတ်နဲ့ မြဲနေရင် ကျေနပ်ပါပြီ၊ စာမေးပွဲတွေ ဒီလောက်အောင်နေရင် တော်ပြီပေါ့ဘုရား။

ရင်ထဲမှာ မနေနိုင်လို့ ပွင့်အံထွက်လာတဲ့ စကားတခွန်းပါ၊ သူကတော့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် တောရွာတရွာက သာမဏေကျော်၊ သာသနဓဇဓမ္မာစရိယ၊ ၀ိနယဓရ ရဟန်းတပါးရဲ့ ခမည်းတော်တစ်ယောက်။

သားဖြစ်သူအတွက် စာမေးပွဲအောင်လို့ ဂုဏ်ပြုပူဇော်ပွဲကို ၃ ကြိမ်တိုင်တိုင် လုပ်ပေးပြီးနောက်မှာ အခုလို စကားကို ပြောယူရတယ်၊ တောင်သူ ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ မိဘတွေကလည်း သားဖြစ်သူ စာမေးပွဲတွေ အောင်တယ် ဆိုရင်ပဲ မရှိရင် ရှိတာကို ထုခွဲရောင်းချပြီး ပူဇော်ပွဲကို လုပ်မယ် ဆိုတဲ့ သဒ္ဓါတရားမျိုးတွေပါ၊ တချို့ကျတော့လည်း အိမ်စီးပွားရေး အခြေအနေအရ မလုပ်ချင်ပေမယ့် ပတ်ဝန်းကျင်က တိုက်တွန်းကြတယ်၊ ရှားရှားပါးပါး သားယောကျာ်းလေးရှိလို့ သာသနာ့ဘောင်မှာေ၇ာက်နေတာကို မိဘက ဒီလောက်မှ မချီးမြောက်နိုင်ဘူးလား၊ ငါတို့သာ သားရဟန်းရှိရင်တော့ အကြီးအကျယ်ကို လှူပစ်လိုက်မယ် ဘာ ညာ စသည်ဖြင့် ၀ိုင်းဝန်းမြှောက်ပေးတော့ ပွဲတွေ ဇာတ်တွေနဲ့ ကျကျနန ကျင်းပကြတာလဲ ကြားဖူးပါရဲ့၊

အခုလဲ သားကိုရင်က သာသနာလင်္ကာရ စာမေးပွဲအောင်လို့ အိမ်က အတွင်းပစ္စည်းလေးတွေ ထုခွဲပြီး တကြိမ် လုပ်ပေးလိုက်တယ်၊
မကြာလိုက်ဘူး၊ သားက ဓမ္မာစရိယဘွဲ့ ရလို့ စုဆောင်းထားသမျှ သစ်သီးသစ်နှံတွေ ရောင်းပြီး ပေးလိုက်ရပြန်တယ်၊
နောက်ဆုံးတကြိမ်ကတော့ ပိဋကတ်သုံးပုံစာမေးပွဲမှာ ၀ိနယဓရ ဘွဲ့ရလို့ ဆိုပြီး ယာခင်းတွေ ရောင်းချ ပေါင်နှံပြီး လုပ်ပေးလိုက်တယ်၊

၃ ကြိမ်တိတိ ပူဇော်ပွဲလုပ်ပြီးတဲ့ နောက်မှာတော့ အိမ်မှာလဲ တောင်တောင်ပျက် ( တက်တက် ပြောင် ) ဆိုသလို ပြောင်သလင်းကို ခါသွားတာပဲ ၊ စီးပွားရေးလဲ တော်တော်နဲ့ နာလန်မထူတော့ဘူး၊ အမှန်က ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို ကိုယ့်အခြေအနေကြည့်ပြီး လုပ်သင့်တာပါ၊ အချို့များ ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေ နဲ့ ခမ်းခမ်းနားနား ပေးပြီး ဘယ်ခုနှစ်တုံးက ဘယ်လို လှူလိုက်တာ၊ ဘယ်လောက်ကုန်အောင် ဇာတ်ကလဲ နာမည်ကြီးကို ငှါးတယ် ဘာညာပေါ့လေ၊ ဘိသိက် ဆိုလဲ နာမည်ကြီး ပေါ့၊ ဘိသိက် ဆိုလို့ ပြောရအုံးမယ်၊ စာရေးသူရဲ့ အသိမိတ်ဆွေ တစ်ပါး ပူဇော်ပွဲအတွက် ဘိသိက်ဆရာငှါးတာ ၁၂ သိန်းပေးရတယ် ဆိုပဲ၊ အဲဒါ သူက ဘယ်လောက်ကြာသလဲ ဆိုရင် တေးထပ်လေး ရတုပိုဒ်စုံလေးတွေကို ၂ နာရီ ပြည့်အောင် တောင် မဟဲလိုက်ရဘူး၊ ဆိုလိုတာကတော့ ရှင်းနေပါပြီ၊

ပူဇော်ပွဲ ဆိုတာ ထူးချွန်ထက်မြက်တဲ့ သာသနာ့ အာဇာနည်တပါးကို ရပ်ရွာက နယ်က ၀ိုင်းဝန်းဂုဏ်ပြုတဲ့ပွဲ ဖြစ်တာမို့ တရွာလုံး တနယ်လုံး အလှူငွေ ကောက်ခံပြီး ကြွေးမွေးစားရိတ်၊ ပူဇော်ပွဲ ကုန်ကျစားရိတ်၊ ပင့်သံဃာလှူဒါန်းစားရိတ် စတာတွေကို ခွဲတန်းချပြီး ဘယ်နေရာအတွက် ဘယ်လောက်၊ စသဖြင့် သုံးသင့်တယ်၊ အဲဒီလို ပွဲမျိုးတွေကိုလဲ နေရာတော်တော်များများမှာ တွေ့ဖူးပါတယ်၊

အခုတော့ မဟုတ်ပါဘူး၊ ကုန်ကျစားရိတ် အားလုံးနီးပါး ကို ကိုယ့် အိမ်က အကုန်အကျခံရတာ ဆိုတော့ တတ်နိုင်သူတွေအတွက်ကိစ္စမရှိပေမယ့် ချို့တဲ့သူတွေအတွက်တော့ အလှူကြီး ၃ ခါလောက် ပေးလိုက်ရသလို ကုန်တာ ဆိုတော့ ရှိတာတွေ ကုန်ကရောပဲ၊ ဒီလို အဖြစ်မျိုးတွေ နေ၇ာတိုင်း မှာ တွေ့နေရတတ်တာမို့ ကရုဏာသက်မိပါရဲ့၊ ပူဇော်ပွဲကို ဦးဆောင်သူတွေ အားလုံး သတိထားကြပါကုန်၊

နောက်တယောက်ကတော့ အရာတော်မြို့နယ် ရွာတရွာက ရဟန်းတပါး ခမည်းတော်ကြီးဟာ ပူဇော်ပွဲကို လုပ်ချင်လွန်းလို့ လုပ်ပေးလိုက်တယ်၊ တကြိမ်ဆို တကြိမ်ထဲပါဘဲ၊ ဘယ်လောက် ကြီးကြီးကျယ်ကျယ် လုပ်ပေးလိုက်တယ် မသိဘူး၊ အဲဒီ ပူဇော်ပွဲပြီးသွားတာ ၁၀ နှစ်ကျော်ပြီ၊ အခုထိ သူတို့အိမ်ရဲ့ စီးပွားရေး နာလန်မထူတော့ဘူး၊ ဒါကလဲ လွဲနေတဲ့ ဒါနအမျိုးအစား တခုပါ။

ဒါန ( ၅ )

နောက်တစ်မျိုးကတော့ ဘုရားပွဲလား သားသတ်ပွဲလား - လို့ မေးရလောက်အောင် ခေတ်စားနေတဲ့ ဘုရားပွဲ အမည်ခံ ပျော်ပွဲ ရွှင်ပွဲတွေပါ၊ သူ့ဘာသာ အေးအေးဆေးဆေး နေပြီး ပူဇော်ခံနေတဲ့ ဘုရားကို ဂေါပကတွေက ဘုရားပွဲလုပ်ပေးလိုက်တာ ဘုရားရှေ့က အလှူခံပုံးထဲက မလောက်လို့ ရွာဦးက ရွှေဘုံသာစေတီ အထံမှ အကြွေး ၅ သောင်း ရရန် ရှိသည် ဆိုတာမျိုးပေါ့။ တကယ်လဲ ယခုခေတ် အဲဒီပုံစံ ဖြစ်နေပါတယ်၊ အထူးသဖြင့် မြန်မာနိုင်ငံ အနှံ့က တောရွာ မြို့ပါ မကျန် ကျင်းပခဲ့ပြီး ကျင်းပနေဆဲ ဘုရားပွဲ မှန်သမျှအားလုံး ဟာ တပုံစံတည်းပါ၊

အော် ကုသိုလ် လိုချင်လို့ စုပေါင်းဘုရားပွဲ လုပ်ပါတယ်၊ ကလေးလူကြီးအားလုံး ဇာတ်ပွဲတွေနဲ့ သောက်လိုက် စားလိုက် ရမ်းကားလိုက်နဲ့ နှစ်တိုင်းနီးပါး ရန်ပွဲကြောင့် လူသေမှု့တွေက ပါလိုက်သေးတယ်၊ မြတ်စွာဘုရားရှင် လက်ထက်တော်အခါကတော့ မြတ်ဘုရားကို ကြိုဆိုတဲ့ ပွဲမှာ လူအုပ်ပိပြီး သေတဲ့ အမျိုးသမီးတယောက် နတ်ပြည်ရောက်သွားဖူးတယ်၊ အခုခေတ်တော့ ဘုရားပွဲတွေမှာ မူးပြီး ရမ်းကားလို့ ဓားထိုးခံရပြီး သေသူတွေ ဘယ်ဘုံဋ္ဌာန ရောက်မယ် ဆိုတာ ခန့်မှန်းကြည့်မိတယ်၊

တနှစ်တစ်ခါ ငရဲရှာ လူ့ရွာ ဘုရားပွဲ မဖြစ်စေကြနဲ့ - လို့ ကျေးဇူးတော်ရှင် ပရိယတ် ပဋိပတ် စွယ်စုံရ လယ်တီဆရာတော်ဘုရားကြီးက သတိပေး သံဝေဂစကားမိန့်ကြားခဲ့ဖူးတယ်၊ မှတ်မိသေးတယ်၊ စာရေးသူ ငယ်ငယ်က ဘုန်းကြီးကျောင်းသားဘ၀မှာ မနက်တိုင်း ဆွမ်းခံထွက်ရတယ်၊ တကယ်လဲ ဘုရားပွဲရောက်ရင် ရွာထဲမှာ မွေးထားတဲ့ ၀က်တွေ ကြက်တွေ နွားတွေ တော်တော်ကြီးကို နည်းပါးသွားတယ် ၊ အထူးသဖြင့် ၀က်တွေပေါ့လေ၊ သေခါနီး အော်မြည်တဲ့ အသံက သိပ် သနားစရာ ကောင်းတာကို ကိုယ်တွေ့မြင်ဖူးသူများ နားလည်ပါလိမ့်မယ်၊ ဘာဖြစ်လို့ သိရသလဲ ဆိုတော့ နေ့တိုင်း မြင်နေကျ ၀က်တွေ နွားတွေ ကို ဘုရားပွဲပြီးရင် မမြင်ရတော့ မေးကြည့်မိတယ်၊

ဗျို့ ကိုဘယ်သူ၊ ခင်ဗျားနွားလေး ဘယ်ေ၇ာက်သွားလဲ ဆိုရင် ရွာက ဘုရားပွဲထဲ ပါသွားပြီ တဲ့၊
နောက်တအိမ်မှာ မွေးထားတဲ့ ၀က်တွေ ဘယ်ရောက်သွားလဲ မေးရင် ရွာဘုရားပွဲမှာ ၀ဋ်ကျွတ်သွားပြီ တဲ့၊

အပါယ် လားကြောင်းအလှူဒါန ( ၁၀ ) မျိုး။ ။

လှူပင် လှူသော်လည်း အလှူဒါနမမည်ပဲ ကိုယ့်အတွက် သံသရာအတွက် ပါဖို့ နဲ့ နိဗ္ဗာန် ကူးတို့ဖောင် ဖြစ်ဖို့ နေနေသာသာ အပါယ်ငရဲသို့ပင် ကျစေတတ်သောကြောင့် အ ဒါန၀တ္ထု ခေါ် ( အလှူမမည်သော လှူခြင်း ၁၀ မျိုး) ကို သတိထားနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်၊

(၁) သမဇ္ဇဒါန- အငြိမ့်မင်းသား မင်းသမီး ပြဇာတ်၊ ဆိုင်းဝိုင်း ဇာတ်ပွဲတို့ကို ပေးလှူခြင်း၊
(၂) မဇ္ဇဒါန- သေရည်အရက် ဘီယာကို လှူဒါန်းခြင်း၊
(၃) ဣတ္ထိဒါန- ပုဂံခေတ် အရည်းကြီးတို့အား လှူသလို မိန်းမကို ပေးလှူခြင်း၊
(၄) ဥသဘ ဒါန- ကျွဲ နွား စသော တိရိစ္ဆာန်ကို ပေးလှူခြင်း၊
(၅) စိတ္တကမ္မ ဒါန- ကာမဂုဏ်စိတ်ကိုနှိုးဆွပေးသော ပန်းချီကားချပ်၊ စသည်ပေးလှူခြင်း၊

(၆) သတ္ထ ဒါန- ဒုတ် ဒါး သေနတ် စသော လက်နက်ခဲယမ်းစသည် ပေးလှူခြင်း၊
(၇) ၀ိသ ဒါန- သေစေနိုင်သော အဆိပ်၊ ဆေးပြား ဆေးပုလင်း စသည်ပေးလှူခြင်း ( သတ္တ၀ါတို့ပျက်စီးစေရန်၊ )
(၈) သင်္ခလိက ဒါန-လက်ထိပ် သံခြေချင်း နှောင်ကြိုးကို ပေးလှူခြင်း၊
(၉) ကုက္ကဋ သူကရ ဒါန- ကြက် ၀က် ခွေးစသော သားကောင်တို့ကို ပေးလှူခြင်း၊
(၁၀) တုလာကူဋ မာနကူဋ ဒါန- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။ယခုခေတ် ဂဏန်းပေါင်းစက်ဖြင့် စားရင်းအင်းများကို လိမ်လည်ပေးခြင်း၊

မိလိန္ဒပဥှာ။ ပါ။ ၂၂၇။

ဒါကြောင့် ငွေကုန် လူပန်း စိတ်ပန်းပြီး ကိုယ့်အတွက် အကျိုးယုတ်စေတဲ့ ဒါန တွေကို မပြုမိကြစေဖို့ မေတ္တာစကား ပြောကြားလိုက်ပါတယ်၊

တရားသဖြင့် စုဆောင်းထားသော အလှူဝတ္ထုဖြစ်ရခြင်း၊
အလှူပေး အလှူခံပုဂ္ဂိုလ်နှစ်ဖက်စလုံး သီလ စင်ကြယ်ရခြင်း၊
မလှူခင် လှူဆဲ လှူပြီးကာလ( နောက်ဆုံး ) ကိုယ့်ဘ၀ရဲ့နေ၀င်ချိန်ဖြစ်တဲ့ သေခါနီး မရဏာသန္နဇော စိတ် အချိန်အထိ ကိုယ့်ရဲ့ ဒါန အကြောင်းကို တွေးပြီး သေနိုင်ရင် နတ်ရွာသုဂတိ ကို ရောက်မှာ အသေအချာပါပဲ၊ အဲလိုမှ မဟုတ်ပဲ ၀က်အော်သံ နွားအော်သံ ကြက်အော်သံတွေများ ကြားနေရ မြင်နေရပြီး ကိုယ့်အာရုံမှာ ဂတိနိမိတ် အဖြစ် ထင်နေရင်တော့ လွဲမှားစွာ ပြုခဲ့မိတဲ့ ဒါနများက ကယ်တင်နိုင်မည် မဟုတ်ပါကြောင်း ကရုဏာစကားဖြင့် နိဂုံးချုပ်လိုက်ပါတယ်၊ ။

Tuesday, April 20, 2010

ငွေ ငွေ ငွေ (သို့) ဘူးတောင်းနစ် စောင်ခြမ်းပေါ်




သည်ခေတ်တွင် သည်ကာလ၊
ငွေစတဲ့ ရှေ့ဆောင်၊
မွဲရင်ဖြင့် လူ့ဘောင်မှာ၊
ခွေးတောင်မှ မ လေး။
မျိုးဇာတိ အနွယ်မှန်ပင်
ငွေဓနံရှိနိင် မှအေး။
ဘူးတောင်းနစ် စောင်ခြမ်းပေါ်
ပုံဆိုသော် မဝေး။
တစ်ဝမ်းဝင် တစ်မိမွေးသော်မှ
ပေးနိုင်မှ ချစ်ကြည်။
ဆွေမျိုးကို မဆိုထားပါနှင့်
ငွေအားသာ ဖြစ်ပါတော့သည်။
ဗြဟ္မာစိုရ် လေးလီ
မတည်ကြည် ကုန်ကင်းလို့
ငွေအရင်း မင်းမူသည့်တာ
တင့်တယ် လှပါ
လူရည်တတ် မျက်နှာငယ်
စက္ကဝါ နှယ်ဝန်း သို့- - လေး။

( အချုပ်တန်းဆရာဖေ-တေးထပ်၊ ကုန်းဘောင်ခေတ် )

Sunday, April 18, 2010

ဝဋ်လည် တတ်တယ်

ဝိပါတ်ဟူသည်၊ ကြာ မရှည်ခင်၊

ပြန်လည်တတ်မျိုး၊ မကောင်းကျိုးဖြင့်၊

နောက်ပိုးလိုက်တက်၊ သူ့ကိုဖျက်က၊

ကိုယ်ပျက်တတ်စွာ၊ ဤလူ့ ရွာဝယ်၊

ဓမ္မတာရိုး၊ ပမာနိုးမူ၊

ခါမျိုး ချိုမျိုး၊ စေ့စိုက်ပျိုးက၊

ထိုမျိုးအလား၊ မခြားတူပြီး၊

ခါးမျိုးသီးသို့၊ သားကြီးမင်းပျို၊

မှတ်ပိုက်သိုလော့။

သူ့ကိုကြော့ကြမ်း၊ မသရမ်းနှင့်၊

လူ့နှမ်းကိစ္စ၊ ကျိုးမလှဘူး၊

နိယာမမျိုး၊ ကောင်းအဆိုးတည်း၊

ပြစ်ကျိုးနှစ်ပါး၊ ဖြစ်တတ်ငြားက၊

ဘုရားသော်မှ၊ မလွတ်ရဘူး။

( မဃဒေ၀ )

ကိုယ်ချင်းစာ တတ်စေဖို့

ဟေး မင်းသားလေးတွေ၊ မင်းတို့ လမ်းပေါ်မှာ ရုန်းရုန်း ရုန်းရုန်းနဲ့ ဘာလုပ်နေကြတာလဲ၊ အားလုံးကလဲ ထိတ်ထိတ်လန့်လန့် ဖြစ်နေကြတယ်၊ ဘယ်လိုတွေ ဘာတွေ ဖြစ်နေကြတာလဲ ငါဘုရားကို အကျိုးအကြောင်းစုံ လျောက်ကြစမ်းပါအုံး -
ဒါကတော့ မနက်စောစော သာဝတ္ထိမြို့ထဲကို ဆွမ်းခံကြွလာတော်မူတဲ့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက လမ်းပေါ်မှာ လူတွေ တထိတ်ထိတ် တလန့်လန့်နဲ့ ဖြစ်နေတာကို တွေ့မြင်တော်မူလို့ မေးတဲ့စကားတခွန်းပါ၊

တင်ပါ့ဘုရား တပည့်တော်တို့ အတွက် အန္တရာယ်ရှိတာကြောင့် ဒီမကောင်းဆိုးဝါး ကောင်ကို ဒုတ်ကိုယ်စီနဲ့ နှိမ်နှင်းနေကြတာပါ တဲ့၊ တကယ်တော့ သူတို့ ၀ိုင်းအုံပြီး နှိပ်စက်ခံနေရတဲ့ သတ္တ၀ါတစ်ကောင်က မြွေဆိုးတစ်ကောင်ပဲ ဖြစ်ပါတယ်။
ဒီတော့ မြတ်ဘုရားက ပြန်လည်မိန့်ကြားတယ် - -

အော် တော်တော် မိုက်မဲတဲ့ သူတွေပါလား ကိုယ်တယောက်ထဲ ချမ်းသာဖို့အတွက် သူများကို ဒုက္ခမျိုးစုံ ပေးနေကြတယ်၊ အမှန်က ကိုယ်တိုင် ချမ်းသာချင်ရင် သူများကို မထိခိုက်စေပဲ ကိုယ်တိုင် ရှာဖွေသင့်တယ်၊ သူများ ဒုက္ခရောက်မှ ကိုယ်က စိတ်ချမ်းသာရမယ် ဆိုရင် ဘယ်တရားပါ့မလဲကွယ်၊ အဲဒီလိုကြောင့် ရလာတဲ့ ချမ်းသာကလဲ တခဏပါပဲ၊ အနှစ်ချုပ်လိုက်ရင် ဒီဘ၀မှာရော နောင်တမလွန် ဘ၀ အဆက်ဆက်မှာပါ မကောင်းမှု့အကျိုးကို ပြန်လည် ခံစားရတတ်တယ် --

သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန ၀ိဟိံသတိ၊
အတ္တနော သုခမေသာနော၊ ပစ္စ သော န လဘတေ သုခံ၊

ကိုယ် ချမ်းသာ ခံစားဖို့အတွက် သူများကို နှိပ်စက် ညှင်းပန်း သတ်ဖြတ်တယ် ဆိုတာ သဘာဝ မကျဘူး၊ ငါဘုရား ရှုတ်ချတော်မူတယ်၊ အဲလို လူမျိုးဟာလဲ ဘ၀တိုင်းမှာ လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာစစ်ကို ဘယ်လောက်ပဲ ရှာရှာ မရတတ်ဘူး၊ မကောင်းတာကို ရှောင်ရှားပြီး ကျင့်ကြံမယ် ဆိုရင်တော့ နိဗ္ဗာန်ချမ်းသာအထိ ရောက်စေနိုင်တယ် မင်းသားတို့၊ မကောင်းတာကို ပယ်ရှားပြီး ကောင်းတာကို ကျင့်နိုင်အောင် ကြိုးစားကြပါ၊

သမ္ဗဟုလ ကုမာရက၀တ္ထု၊ ဒဏ္ဍ၀ဂ်၊ ဓမ္မပဒအဋ္ဌကထာ

အလားတူ သြ၀ါဒများ -

သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေသံ ဇီဝိတံ ပိယံ၊
အတၱာနံ ဥပမံ ကတြာ၊ န ဟေနယ် န ဃာတေယ၊

လူတိုင်း သတ္တ၀ါတိုင်းက ကိုယ့်ကို နှိပ်စက် ညှင်းပန်း သတ်ဖြတ်မှာ ကြောက်ကြတာပဲ၊ သတ္တ၀ါတိုင်း ကိုယ့်ဘ၀ကို အသက်ကို ချစ်တတ်ကြတယ်၊ တွယ်တာတတ်ကြတယ်၊ ကိုယ်ချင်းစာတရားနဲ့ ကိုယ်ကြောက်သလို သူများလဲ ကြောက်ကြမှာပဲ လို့ တွေးမိပြီး သူများကို မနှိပ်စက် မသတ်ဖြတ်မိပါစေနဲ့၊

သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေ ဘာယန္တိ မစ္စုနော၊
အတၱာနံ ဥပမံ ကတြာ၊ န ဟေနယ် န ဃာတေယ၊

သတ္တ၀ါတိုင်းက ကိုယ့်ကို နှိက်စက် သတ်ဖြတ်မှာ ကြောက်ကြတယ်၊ လူတိုင်းက သေမှာကိုလည်း ကြောက်ကြတာပဲ၊ ကိုယ်လို သူများလဲ ကြောက်ကြမှာပဲ လို့ ကိုယ်ချင်းစာပြီး သူများကို မနှိပ်စက် မသတ်ဖြတ်မိပါစေနဲ့၊

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု၊ ဒဏ္ဍ၀ဂ်၊ ဓမ္မပဒအဋ္ဌကထာ

အလားတူ မြန်မာ စကားပုံများ

ဘယ်သူသေသေ ငတေမာ ပြီးရော၊
ကတုံးပေါ် ထိပ်ကွက်သူ၊
သူများ မျက်ခုံးမွှေးပေါ် စင်္ကြံ လျောက်ချင်သူများ၊
ကမ္ဘာမီးလောင် သားကောင် ချနင်း၊
သန်းခေါင်ထက်တော့ ညဉ့်မနက်ဘူး၊

သတ္တ၀ါအားလုံး ဘေးအမျိုးမျိုးမှ ကင်းလွတ်နိုင်ကြပါစေ

Thursday, April 15, 2010

တာသင်္ကြန်နဲ့ သံဝေဂဘွဲ့



တာသင်္ကြန် သက္ကရာဇ်ပြောင်းပြီမို့ ၊
ဇရာသန် တစ်နှစ်ဖြင့် နှောင်းပြန်ပေါ့၊
အသစ်တွေ ဟောင်းပါလို့  အိုခဲ့ပြီ။

သြော်... ရုပ်ကလာပ် ကယ်တို့ ၊
ချုပ်ပြတ်ကာ ကွယ်လွန်၍
နယ်ကျွံကာ မရဏစခန်းကိုလှ၊
တစ်ရွေ့ ရွေ့ ဝင်ကာ၊ နေ့ စဉ်နေ့ စဉ် လှမ်းခဲ့တယ်၊
ကွယ် ...နွမ်းလို့  ကြုံလှီ။

ထိတ်စရာ့ ပါကလား၊
အနိစ္စပေမို့  စိတ်ချတော့ မသွေသာသည်၊
သေမှာ အတည်ကွဲ့  သတ္တ၀ါအများ။

သြော် .... တစ်နှစ် တစ်နှစ်ကယ်နှင့် အသစ်အသစ် ခန္ဓာကိုယ်တို့ ၊
မြန်စွာ အိုအောင် တမြည့်မြည့်နဲ့  ဆွေးခဲ့သော်လည်း၊
ဉာဏ်လွှာတိုသူတွေ တစေ့စေ့မှ မတွေးနိုင်ဘူး၊
တရွေ့ ရွေ့ ပြေးကာ အိုနယ်ဝင်ခဲ့ပေါ့၊

ပျိုတယ်ထင်သူတွေ ကြော့ကြော့ ကြော့ကြော့နဲ့ မြူးရှာကြ၊
နှစ်ကူးပြီး သင်္ကြန် ခါချိန်မို့ ၊
ခန္ဓာအိမ် အသစ်တစ်ခုဖြင့် ပြောင်းပြန်ပေါ့၊

အမယ်မင်း.... အဟောင်းဖြစ်ပြီး အသစ်ဆက်လို့  ပွားပေမယ့်၊
၎င်းအသစ်လဲ တစ်ခေတ်ပျက်လို့  သွားပေလိမ့်၊
အို.... ကွယ်တို့ ရဲ့  အကောင်းမဖြစ်နိုင်ဘူး၊
အဟောင်းအသစ်ဆိုတဲ့  အဖြစ်အပျက်တရား။

ရေးစပ်သူ ဒဂုန်ဦးထွန်းမြင့်ရဲ့ ၁၉၇၀ ခုနှစ်လောက်ဆီက လက်ရာလို့ သိရပါတယ်၊ နှစ်ပေါင်း ၄၀ လောက်ကြာသော်လည်း ကလောင်စွမ်း ထက်သူတို့ရဲ့ လက်ရာတွေကတော့ ပြန်လည် လန်းဆန်းပြီး လက်ဆတ်နေဆဲပင်။ ။

Wednesday, April 14, 2010

သင်္ကြန်အမှတ်တရ ကဗျာ


သင်္ကြန် ရောက်ပြီ ဆိုတော့ သင်္ကြန်ရဲ့ အငွေ့အသက်တွေကို ဘယ်လို ရနိုင်မလဲ ဘယ်နေရာက ရနိုင်မလဲ - စိတ်ချမ်းသာစရာ ကြည်နုးစရာလေးတွေ တခဏဖြစ်ဖြစ် ရနိုင်စေဖို့ တမ်းတမိတာအမှန်ပဲ၊ရွှေပြည်ကြီးနဲ့ ဝေးနေဆဲ အခြေအနေမို့ သင်္ကြန် ဆိုတာ ဘယ်လိုပါလဲ ဆိုတာကို လိုက်လံ မေးရမလိုဖြစ်နေတယ်၊ သင်္ကြန်နဲ့ ဝေးနေတာ ကြာတော့ ပိုသတိရမိသလိုပဲ - သင်္ကြန်ဆိုတာ သင်္ကန္တ - ပြောင်းရွှေ့ခြင်း နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းလာတာကို ကြိုဆိုတဲ့ အနေနဲ့ အေးမြတဲ့ ရေလေးနဲ့ ဖြန်းပက်စေတဲ့ ပွဲပါ၊

သင်္ကြန်ရဲ့ အဦးအစကတော့ မြန်မာရာဇ၀င်အရ ကုန်းဘောင်ခေတ်ကနေ စတင် ကျင့်သုံးခဲ့ကြတယ်လို့ မှတ်သားဖူး ပါတယ်၊ ကုန်းဘောင်ခေတ်ကို စတင်ထူထောင်ခဲ့တာကတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ပါ၊ ကုန်းဘောင် မင်းဆက် ( ၁၁ ) ဆက်ရှိရာမှာ အစဦးဆုံး မင်းဆက်တော့ ဖြစ်ဟန်
မတူပါဘူး၊ သာယာဝတီမင်း လက်ထက်မှာ စတင်ခဲ့တယ် လို့ အဆိုတော် တင်တင်မြ သီဆိုထားတာကို နားထောင်ခဲ့ဖူးတယ်၊
ကုန်းဘောင်ခေတ် အတွင်းမှာ နန်းစံခဲ့တဲ့ မင်းဆက် ၁၁ ဆက်မှာ -

၁။ အလောင်းမင်းတရား ( ဦးအောင်ဇေယျ ) ( နန်းစံ ၁၇၅၂ -၁၇၆၀ )
၂။ နောင်တော်ကြီး ( နန်းစံ ၁၇၆၀- ၁၇၆၃ )
၃။ ဆင်ဖြူရှင် ( နန်းစံ ၁၇၆၃-၁၇၇၆ )
၎။ စဥ့်ကူးမင်း ( နန်းစံ ၁၇၇၆-၁၇၈၂ )
၅။ ဖောင်းကားစားမင်း ( နန်းစံ ၁၇၈၂ ဖေဖော်ဝါရီလအတွင်း နန်းစံ ရက် ၇ ရက်)
၆။ ပဒုံမင်း ( မြေဒူးမင်း-ဘိုးတော်ဘုရား ) ( နန်းစံ ၁၇၈၂-၁၈၁၉ )
၇။ စစ်ကိုင်းမင်း ( နန်းစံ ၁၈၁၉-၁၈၃၇ )
၈။ သာယာဝတီမင်း ( နန်းစံ ၁၈၃၇-၁၈၄၆ )
၉။ ပုဂံမင်း ( နန်းစံ ၁၈၄၆-၁၈၅၃ )
၁၀။ မင်းတုန်းမင်း ( နန်းစံ ၁၈၅၃-၁၈၇၈ )
၁၁။ သီပေါမင်း ( နန်းစံ ၁၈၇၈-၁၈၈၅ )

ဒီစာရင်းအရ ဆိုလျင်တော့ သင်္ကြန်သက်တမ်းဟာတော်တော် ကြာခဲ့ပြီဖြစ်လို့ မြန်မာလူမျိုးတို့အတွက် ဂုဏ်ယူ ၀မ်းမြောက်စရာဖြစ်နေပါတယ်၊ အခုချိန်မှာ ဥရောပနိုင်ငံ တချို့ဖြစ်တဲ့ ပိုလန် ချက် ယူကရိန်း နိုင်ငံတွေမှာလဲ အပြစ် ကျေအေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေပက်ပွဲတော် ကျင်းပနေကြတယ် လို့ သိရပါတယ်၊
ဟိုအရင်က သင်္ကြန် နဲ့ အခုခေတ် သင်္ကြန်ကို နှိင်းယှဉ်ကြည့်ရင် သက်ရှိလူတွေရော သက်မဲ့ ပစ္စည်းတွေရော ဆီ နဲ့ ရေလို ကွာခြားသွားပါပြီ၊ အခုချိန် မြန်မာပြည် သင်္ကြန်မှာ ဆိုရင် အရက် ဘီယာ ဆေးလိပ် စတဲ့ မကောင်းမှု့တွေကို သင်္ကြန်ပွဲတော်ရက်အတွင်း တရားဝင် သောက်သုံးခွင့် ပြုထားသလို ဖြစ်နေတယ်၊ တောရွာမှာရော မြို့ပြတွေမှာပါမကျန် သောင်းကျန်းနေကြပြီ၊ သူတို့စကားနဲ့ ပြောရရင်တော့ ခေတ်မှီနေကြပြီပေါ့လေ၊ ( မှတ်ချက် - သင်္ကြန်ပြီးရင် တနိုင်ငံလုံးက ကားဝပ်ရှော့ ဆိုင်ကယ်ဝပ်ရှော့ ဆိုင်တိုင်းမှာ ကားပျက် ဆိုင်ကယ်ပျက်တွေ ပုံနေတာပါပဲ၊ အဲဒီလိုပဲ ဆေးရုံ ဆေးခန်းတိုင်းမှာလဲ နဖူးပြဲ ဒူးပြဲ တံတောင်ပြဲ နဲ့ ကျိုး ကန်းနေုသူတွေ အလွန်ပေါပေါ့၊ သေဆုံးသူတွေလဲ နှစ်တိုင်း မြို့တိုင်းမှာ ရှိနေတာပါပဲ၊ မြန်မာပြည်နဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေသူတွေ အတွက် ဗဟုဿုတအဖြစ် သိစေဖို့ပါ )

သင်္ကြန်မှာ စီးပွားရေးအရ တွက်ချေအကိုက်ဆုံး လူတွေကတော့ ၀ပ်ရှော့ နဲ့ အရက် ဘီယာ ရောင်းချသူ
တွေပါပဲ၊ အရက်ရောင်းသူတွေက ၁ သောင်း အရင်းတည်ရင် ၁ သောင်း အမြတ်ကျန်စေရမယ် ဆိုပဲ၊ မှတ်မှတ်ရရ ၂၀၀၆ ခုနှစ်လောက်က ကောင်လေးတယောက်ကို မေးကြည့်မိတယ်၊
မင်းသင်္ကြန်အတွင်း ဘာလုပ်မလဲ ဆိုတော့ - တပည့်တော် အရက် ရောင်းမှာ တဲ့ ၊
ဟာ ဘယ်လို ရောင်းမှာလဲ ဆိုတော့
ဝယ်စရာ အရင်း မရှိလို့ စားသောက်ဆိုင်ကြီးကနေ ပုလင်းတွေ သယ်ပြီး မန္တလေးမြို့ ကျုံးဘေးမှာ စားပွဲခုံတခုနဲ့ ရောင်းမယ် တဲ့၊( ယူရောင်းပြီးမှ ကျသင့်ငွေကို ရှင်းပေးရမယ်ပေါ့ )
သင်္ကြန်ပြီးတော့ မေးကြည့်မိတယ် -
ကောင်လေး ဘယ်လိုလဲ မင်းအလုပ် ဖြစ်ရဲ့လား - ဆိုတော့ -
တင်ပါ့ တပည့်တော်အတွက် စားပြီး သောက်ပြီး ၃ သိန်းနီးနီး ကျန်ပါတယ် တဲ့၊

ဟ - မင်းက တော်လှချေလားကွာ၊ သူများတွေများ သင်္ကြန်မှာ ပိုက်ဆံတွေ သောက်သောက်လဲ ( သောက်လိုက် လဲလိုက် ငွေကုန်လိုက် ကို ဆိုလိုပါတယ် ) ကုန်နေတာကို၊ မင်းက ဘယ်လို ရှာသလဲ -
အာ - သူတို့က မူးနေမှတော့ ၅၀၀ တန် ကို ၇၀၀ နဲ့ ရောင်းလဲ ၀ယ်တာပဲ၊ ရှစ်ရာ ၁ ထောင်ရောင်းလဲ ၀ယ်မှာပဲ၊ ဒါကြောင့် အခြေအနေ ကြည့်ရောင်း၇တာပေါ့၊ သူတို့က မူးချင်တာပဲ သိတယ်၊ မူးနေရရင် ပြီးရော ပျော်နေကြတာ ဆိုတော့ ကိစ္စမရှိဘူး၊
ပိုက်ဆံဖြုန်းနိုင်သူတွေအတွက် ပျော်စ၇ာပေမယ့် တပည့်တော်တို့အတွက်တော့ ၀မ်းစာ ရှာရဖို့က အဓိက ပဲလေ၊
အားလား တော်လိုက်တဲ့ ကလေး ၊ အာဂ လူပါလား ဟ လို့ ချီးကျူးမိတယ်၊ အစကတော့ သင်္ကြန်အကြောင်း ပျော်စ၇ာလေးတွေ ရေးမလို့ပါ၊ ပျက်နေတာတွေ ပြင်စေချင်လို့ ရေးသလို ဖြစ်သွားပါတယ်၊

တကယ်တော့ သင်္ကြန်ဆိုတာ မွေးနေ့ ပွဲ ကျင်းပသလို တနှစ်ကုန်လို့ နောက်တနှစ်ကူးတာမို့ သေဖို့တနှစ် နီးနေပြီ၊ ပျော်စရာတွေ အကုသိုလ်တွေနဲ့ အချိန်ကုန်မနေကြနဲ့လို့ သတိပေးနေသလိုပါပဲ၊ လူအများက သောက်စား ပျော်ပါး အကုသိုလ်တွေနဲ့ အချိန်ကုန်နေပေမယ့် အဲဒီအထဲမှာ ကိုယ်မပါဝင်ပဲ ကိုယ့်စိတ်ကို စင်ကြယ်အောင် ထားနိုင်မယ် ဆိုရင် မြင့်မြတ် တန်ဖိုးရှိတဲ့ သင်္ကြန် အေးမြ ငြိမ်းချမ်းတဲ့ သင်္ကြန်ဖြစ်ပါပြီ၊


သင်္ကြန် သင်္ကြန်နဲ့
လူတိုင်းရဲ့ စကားသံ၊
မြန်မာမှန်ရင် သင်္ကြန်ကို
ချစ်တတ်ကြတာ ဘာကြောင့်ပါလိမ့်၊
စိတ်ကို ဆန်းသစ်စေတာ သင်္ကြန်၊
 လတ်ဆတ်စေတာ သင်္ကြန်၊
ပျော်ရွှင်ကြည်နူး စေတာ သင်္ကြန်၊

နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကို ကြိုဆို၊
 မနှစ်က အညစ်ကြေးတွေ နှစ်ကူးမှာနေခဲ့ကြ၊
လူတိုင်းရဲ့ အတွေး  ကိုယ်စီမှာ ရှိကြတယ်၊

တကယ်တမ်း သင်္ကြန်ရောက်ပြန်တော့
 သေဖို့ရာ တစ်နှစ်နီးခဲ့ပြီ ၊
အသက်တွေ တစ်နှစ်ကြီးခဲ့ပြီ၊
လူတိုင်းအတွက် သတိထားဖွယ်၊

နောင်နှစ်ခါ သင်္ကြန် ကျလျင်ဖြင့်၊
ဟောဒီ လောကထဲမှာ
ငါ  ဆိုတာ - ရှိပါ အုံးမလားရယ် လို့၊
တွေးတွေးကာ သံဝေပိုရတယ်၊
အင်း - - --
ဒီတနှစ်လဲ  - -
 သွားပေါ့ ပိတောက်ပန်း။   ။


သင်္ကြန် လင်္ကာများ


ပိတောက်ပန်း

လတန်ခူး ပေမို့
အလှထူး ပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။

တကယ်တမ်း သာဖြင့်
ဘယ်ပန်းသော် စံမတူဘု
နန္ဒမူ ဖလ်ဂူ ထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ် ဆာယာ။

တနှစ်တွင် သည်တလသာပ
တလတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း။

မြူမင်း လွင်ထန်
ကြူသင်းတာ ချိန်ယံ မတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု
ပန်းပိတောက်မင်း … ။ … ။

ဦးကြော့

ပိတောက်ပန်း


မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့
ဇမ္ဘောရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှ ပေလိမ့်မယ် …။
တသိန် တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေ ဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာ လူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါ ဘိတယ် …။

တ၀ါဝါ ဆင် သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င် ချမ်းစေတဲ့
သာသနာ ရွှင်ရွှင် လန်းအောင်လို့
တမင် မှန်းကာပါ့ သတိစွယ်
ရည်ရွယ်တော့ သလား …။
ခူးပါ နဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေးအခါ သာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ …။

ဇော်ဂျီ

Sunday, April 11, 2010

လွဲနေတဲ့ ဒါနများ အပိုင်း ( ၄ )

ဒါန ( ၃ )

မိဘများ သံဝေဂ ယူဖွယ် -

သူ့နာမည်က ကိုအေး၊ တရွာလုံးကတော့ သူ့ကို ရိုးလွန်း အေးလွန်းလို့ ကိုလူအေးလို့ ချစ်စနိုးခေါ်ကြတယ်၊ လူတွေအားလုံးသာမကပဲ ရွာဘုန်းတော်ကြီးကျောင်းက ဆရာဘုန်းကြီးကပါ တပည့်လိမ္မာလေး ဆိုပြီး အစစအရာရာ ချီးမြောက်ပေးတတ်တယ်၊ ဒါကြောင့်လဲ သူ့ဘ၀က အေးချမ်းနေတယ် ဆိုပါတော့၊

ချစ်စရာ ဇနီးအလိမ္မာလေးက သားယောကျာ်း မွေးတယ် ဆိုရင်ပဲ သူ့မှာ သားကို ရှင်ပြုပေးရတော့မယ်၊ အလှူလဲ ပေးဖူးတာမဟုတ်တော့ အလှူပေးဖို့အတွက် စိတ်ထဲမှာ အားခဲထားခဲ့တယ်။ ဘ၀မှာ တကြိမ်တခါမှ မကြုံဖူးတဲ့ အလှူ့ဒကာကြီး ဆိုတဲ့ အသံကိုလဲ အခေါ်မခံခဲ့ဖူးဘူးး၊ တကယ်တော့ သူလို သားယောင်္ကျားလေး ရဲ့ မိဘဖြစ်သူတိုင်း ဗုဒ္ဓဘာသာတို့ ထုံးတမ်းစဉ်လာအရ ဖြစ်နိုင်ရင် ကန်တော့ပွဲလေးနဲ့ ရှင်ပြုပေးတာမျိုး မဖြစ်ချင်ကြဘူး၊

အဲဒါကတော့ ဗုဒ္ဓဘာသာ မိဘတိုင်းရဲ့ တူညီတဲ့ ချစ်စရာ စိတ်ဓာတ်လေးပါ၊ တချို့များ အလှူပေးချင်တာတောင် သားယောင်္ကျားလေး မရပဲ သမီးတွေပဲ ရှိနေလို့ စိတ်ထဲ တနုံ့နုံ့နဲ့ မချိတင်ကဲပေါ့၊ မရှိရင် ရှိအောင် စုဆောင်းပြီး အားရပါးရ လှူချင်ကြတယ်၊သူလဲ အတူတူပဲ၊ တဦးတည်းသော သားလေး အရွယ်ရောက်အောင် စောင့်ဆိုင်းပြီး ပေးမယ်ပေါ့၊ ပတ်ဝန်းကျင်ကလဲ ပြောနေကြပြီ၊

ဟေ့ ကိုလူအေး၊ မင့်သားက အရွယ်ရောက်လာပြီ အလှူမပေးသေးဘူးလား၊

ပေးရမှာပေါ့ဗျာ -ကျုပ်လဲ တတ်နိုင်သလောက် စုဆောင်းနေတာပါပဲ၊ သွားလဲ ဒီစိတ် စားလဲ ဒီစိတ်နဲ့ ရသမျှကိုအလှူအတွက် ကြိတ်စုနေတာ၊ ကျုပ်က ခြိမ့်ခြိမ့်သဲသဲ အလှူကြီးကို ပေးချင်တာဗျ၊ ဒါမှ ကျုပ်သားလေးကို မိဘ၀တ္တရားကျေပွန်အောင် သက်သေပြရာရောက်မှာပေါ့၊

အေး စုတာလဲ စုတာပေါ့၊ မင်းကြိုးစားနေတာ တ၇ွာလုံး သိပါတယ်၊ ဒါပေမယ့် ငါတို့ကတော့ အမြန်ဆုံး အောင်အောင်မြင်မြင် ပြီးဆုံးသွားတာ မြင်ချင်လို့ပါ - လို့ သူငယ်ချင်းတွေက အားပေးစကားပြောကြတယ်၊

သူ့ရည်မှန်းချက်က သိန်း ၂၀ လောက် ရအောင် စုမယ်၊ ဒါမှ စိတ်ကူးအတိုင်း ပေးလှူနိုင်မယ်ပေါ့၊ နောက်ဆုံးတော့ကိုလူအေး ဘယ်လောက်ထိ စုသလဲ ဆိုရင် လင်မယားနှစ်ယောက်စလုံး အစားအသောက်ကို ခြိုးခြံချွေတာပြီးကိုစုတယ်၊
အလုပ်ကိုလဲ ကြိုးစားတယ်၊ ဒါပေမယ့် တောသူ တောင်သားတို့ထုံးစံအရ တောင်သူအလုပ် လုပ်နေရုံနဲ့ သိန်း ၂၀ ဆိုတဲ့ ငွေအင်အားဟာ သိပ်မလွယ်ဘူးလေ၊

မမျှော်လင့်တဲ့ တနေ့မှာတော့ အလုပ်ကြိုးစားတဲ့ ဒဏ်၊ ပင်ပန်းတဲ့ ဒဏ်တွေနဲ့ အပြင်းအထန် ဖျားပြီး သေသွားတယ်၊ သံယောဇဉ်တန်းလန်းနဲ့ သေသွားရတဲ့ ကိုလူအေးဟာ အိမ်ဝင်းထဲက တမာပင်မှာပဲ တစ္ဆေအဖြစ်နဲ့ ပရလောကမှာ သွားဖြစ်တယ်၊အလှူဒကတော့ ဖြစ်မသွားရှာဘူး၊ အလှူလဲ မအောင်မြင်ခဲ့ဘူး၊ တဦးတည်းသော သားလေးနဲ့ ဇနီးမယားကို စိတ်က စွဲနေလေတော့ အိမ်ကနေ မခွဲနိုင် ဖြစ်နေတာပေါ့၊ ဘ၀ခြားသွားပေမယ့် တနေ့ တနေ့ သားလေးနဲ့ မယားဟောင်းကိုသာ တစိမ့်စိမ့် ကြည့်နေပြီး ပီတိ
ဖြစ်နေတယ်၊

ကျန်ခဲ့တဲ့ ဇနီးလေးကို ဆွေမျိုးတွေ အားလုံးဝိုင်းပြီး ကိုလူအေး ဘ၀ကူးကောင်းဖို့အတွက် ရက်လည်ဆွမ်းသွပ် ပေမယ့်လည်း သူကတော့ ကိုယ်နဲ့မဆိုင်သလိုပဲ၊ ခြောက်တာ လှန့်တာတွေ ဘာမှ မလုပ်ခဲ့ပေမယ့် ကိုလူအေး ဒီအိမ် ပတ်ဝန်းကျင်မှာ ရှိနေသေးတယ် ဆိုတာကိုတော့ သူ့ဇနီးက သိနေခဲ့ပါတယ်၊ ( နောက်မှ ပြန်လည်ပြောပြ ခြင်းပါ )

ဒီလိုနဲ့ အိမ်ခြေတစ်ရာကျော်လောက် ရှိတဲ့ ရွာလေးမှာ တရွာလုံးက စုပ်တသတ်သတ်နဲ့ပေါ့၊ အချိန်တွေ ကုန်လွန်ခဲ့တာနဲ့အမျှ ကိုလူအေး ဆုံးသွားတာလဲ တနှစ်ပြည့်ခဲ့ပြီ ၊ နှစ်ပတ်လည် ဆွမ်းသွပ်ပွဲမှာ ငယ်ဆရာဘုန်းကြီးက ရေစက်မချခင် တရားဟောတယ်၊

အကယ်၍ မောင်လူအေး ဟာ မကျွတ်မလွတ်သေးပဲ ရှိနေသေးလျင် -

ချစ်ခြင်း( သံယောဇဉ် )ဟာ လူတွေအားလုံးကို ဒုက္ခပေးနေကြောင်း၊
အဲဒီ သမုဒယတွေ ရှိနေလို့ သတ္တ၀ါတွေအားလုံး သံသရာမှာ ကျင်လည်နေရကြောင်း၊
တကယ်တော့ ဘ၀ဆိုတာ တွေ့ ကြုံပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံး ရှိချေတကား ဆိုတဲ့အတိုင်း သေကွဲ ရှင်ကွဲ တမျိုးမျိုးနဲ့ ကွဲကွာရမည်ကို နားလည်ထားသင့်ကြောင်း၊

ခဏတာ လူ့ဘ၀မှာ တွေ့ဆုံပေါင်းသင်းရပေမယ့် ဘ၀ခြားသွားလျင်ဖြင့် တွယ်တာ မနေတော့ပဲ ကိုယ့်သွားသင့် ရောက်သင့်ရာဘုံဋ္ဌာန ဂတိတခုခု သွားရမည်ဖြစ်ကြောင်း၊ သတ္တ၀ါ အားလုံးဟာ ကိုယ့်လမ်းကို သွားနေကြပြီး ဘယ်သူကမှ ဘယ်သူ့ကို ကူညီမပေးနိုင်ကြောင်း -- ဟောကြားနေပါတယ်၊

တရားဟောတာ မဆုံးသေးဘူး၊ တရားနာပရိတ်သတ်ထဲက ကိုလူအေးရဲ့ တူမလေး တယောက်က ရှိုက်ကြီးတငင် ငိုပါလေရော -( အမှန်က ကိုလူအေးက ၀င်ပူးပြီး စကားပြောမလို့ပါ )

တပည့်တော် မှားမှန်းသိပါပြီ ဆရာတော်ဘုရား - တပည့်တော် ဒီဘ၀ကနေ သွားပါတော့မယ် - တဲ့၊
တရားနာပရိသတ်လဲ ရုတ်ရုတ်သဲသဲ အုတ်အုတ်ကျက်ကျက် ဖြစ်သွားတယ် ၊

ဟဲ့ နင်က ဘယ်သူလဲ ဟဲ့၊ မှန်မှန် ပြောစမ်း - -

တပည့်တော် အရှင်ဘုရားတပည့် လူအေး ပါဘုရား၊ သားလေးနဲ့ ဇနီးကို ချစ်လွန်းလို့ မခွဲနိုင်ပဲ ဒီ တမာပင်မှာပဲ နေနေပါတယ်၊ အခု တပည့်တော် တရားနာပြီး သွာသင့်ရာကို သွားပါတော့မယ်ဘုရား -တဲ့၊

မင်းကို အရင်က ရက်လည် ဆွမ်းသွပ်ပေးကြတယ် မဟုတ်လား၊ မင်းက ဘယ်သွားနေလို့လဲ အမျှမရဘူးလား - -
တပည့်တော် အဲဒီတုံးကလဲ အားလုံး တရားနာ အမျှပေးနေတာကို သိပါတယ်၊ မကျွတ်ချင်သေးလို့ သာဓု မခေါ်ခဲ့တာပါ၊ အခုတော့ အရှင်ဘုရားတရားကို နာရပြီး သဘောပေါက်ပါပြီဘုရား - သာဓုခေါ်ပါတော့မယ် -တဲ့၊

ဒါကြောင့် ပရလောကမှာ မကျွတ်မလွတ်ပဲ ရှိနေသေးရင် ကာယကံရှင်ကိုယ်တိုင်က စိတ်ပါပြီး သာဓုမခေါ်လို့ကတော့ ဘယ်လောက်ပဲ ရက်လည်ဆွမ်းသွပ်နေနေ မကျွတ်နိုင်ဘူးဆိုတာ သိစေချင်ပါတယ်
်၊ အမှန်က ဆရာဘုန်းကြီးဟောတဲ့ တရားက ကိုလူအေးကို အမြင်မှန်ရစေလောက်အောင် အရှိုက်ထိ (ဟတ်ထိ )သွားတယ်။ အဲဒီဆွမ်းသွပ်ပွဲမှာ ကိုလူအေးဟာ စိတ်လက်ပါပါ သာဓုခေါ်ပြီး ကျွတ်သွားရှာပါတယ်၊

ဟိုတလောကလဲ ထိုင်းနိုင်ငံက ဒကာမကြီးတယောက်က သိန်း ၃၀ ပြည့်မှ ရှင်ပြုအလှူကို ပေးချင်လို့ စုဆောင်းနေတယ် လို့ ကြားရပါတယ်၊ ရှိတာလေးနဲ့ တတ်နိုင်သလောက် ဖြစ်မြောက် အောင်မြင်အောင် ပေးလိုက်ပါ ဆိုတာကို လက်မခံလိုဘူး ဆိုပဲ၊ မြတ်စွာဘုရားက ဟောထားတာ မနက်ဖြန်နဲ့ သေမင်း ဘယ်ဟာက နီးသလဲ ဆိုရင် မနက်ဖြန်က မသေချာဘူး ဝေးသေးတယ် သေမင်းက နီးတယ် တဲ့၊

အဇ္ဖေ၀ ကိစ္စမာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ၊
န ဟိ နော သင်္ဂရန္တေန၊ မဟာသေနေန မစ္စုနာ။

ဒီနေ့ ပြီးစီးနိုင်မယ့် အလုပ်ကို ဒီနေ့ပဲ ပြီးအောင် လုပ်လိုက်ပါ၊ (နောက်နေ့မှ နောက်နေ့မှ ဆိုပြီး ရွှေ့ဆိုင်းမနေပါနဲ့ )
ဘယ်နေ့ ဘယ်ရက် သေရမယ် ဆိုတာ ဘယ်သူမှ ကြိုတင် မမြင်နိုင်ဘူး၊ သေမင်းလာခေါ်ကာမှ ရက်ရွှေ့ပေးပါအုံး ဒါန သီလ ဘာဝနာတွေ လုပ်လိုပါသေးတယ် ဆိုပြီး လက်ဆောင်ပေး ( လာဘ်ထိုး )ပေမယ့် မရနိုင်ဘူး လို့ ဟောကြားထားခဲ့ပါတယ်၊

ဒါနစိတ်နဲ့ သေတာ နတ်ပြည်ရောက်နိုင်ပါတယ် ပူစရာမလိုဘူး လို့ မတွေးသင့်ပါဘူး၊ မမျှောလင့်တဲ့ သံယောဇဉ်တွေကြောင့် ဘ၀က တိမ်းစောင်းသွားနိုင်ပါတယ်၊ ဒါကြောင့် သေခါနီးလူတွေနားမှာ သူတို့ စိတ်မဖြောင့်အောင် သားသမီးတွေက မငိုသင့်ကြဘူးလို့ သတိပေးလိုပါတယ်၊

အလှူဒါနကြောင့်သားဇောသမီးဇောကြောင့် ကိုယ့်ဘ၀ကိုမနစ်မွန်းကြပါစေနဲ့ မေတ္တာဖြင့်တိုက်တွန်း
လိုက်ပါတယ်။

ဒါန ( ၄ )
ဆက်ပါအုံးမည် - -

Friday, April 9, 2010

လွဲနေတဲ့ ဒါနများ အပိုင်း ( ၃ )

၁။ ကဿပ ဘုရားရှင်လက်ထက်တော်အခါက မိဘနှစ်ပါးကို လုပ်ကြွေးမယ့်သူမရှိလို့ သာသနာ့ဘောင်ဝင်လိုသော်လည်း မ၀င်နိုင်ပဲ ဘုရားရှင်နှင့်တကွ သံဃာတော်အပေါင်းအား လိုလေသေးမရှိ ထောက်ပံ့လှူဒါန်းပြီး အနာဂါမ် လူဝတ်ကြောင်ဘ၀ဖြင့်အသက်ထက်ဆုံးနေသွားတဲ့ ဃဋိကာရ အိုးထိမ်းသည်ဆိုတာ ရှိခဲ့ဖူးတယ်။ ဒီ ဂေါတမဘုရားရှင်သာသနာတော်မှာတော့ ဃဋိကာရဗြဟ္မာကြီးရယ်လို့ ဗုဒ္ဓ၀င်ကျမ်းများမှာ ဘုရားအလောင်းတော်ကို လိုအပ်တာကူညီပေးနေခဲ့သူပေါ့။

သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ မာနကြီးလှတဲ့ ဇောတိပါလ ပုဏ္ဏားလုလင်ကိုလဲ ကဿပဘုရားရှင်ကို ကြည်ညိုတတ်အောင် သူပဲ ရအောင်စည်းရုံးပြီး သာသနာ့ဘောင်ဝင်အောင် ဆွဲခေါ်ပေးခဲ့ဖူးတယ်၊ ဇောတိပါလလုလင်ဆိုတာကလဲ ဘယ်လောက် မာနကြီးသလဲ ဆိုရင် “ ကဿပဘုရားရှင်က ၆ ရက်ထဲ ဒုက္ကရစရိယာကျင့်ပြီး ဘုရားဖြစ်နိုင်တယ် ဆိုရင် ဇောတိပါလတို့က ၆ နှစ်တောင် ကျင့်နိုင်သေးတယ်” လို့ ပါးစပ်ကြမ်းတဲ့အထိ အခြေအနေဆိုးခဲ့တာပါ။

ကဿပဘုရား ထင်ရှားပွင့်သော်၊
ဇောတိပါလ နာမအကျော်၊
ပုဏ္ဏားမာန်တက် နှုတ်မြွက်အာဘော်၊
ဝစီပြင်း ရှေးရင်း ၀ိပါတ်တော်။

ဆိုပြီး ဂေါတမဘုရားရှင်ရဲ့ ၀ိပါတ်တော် ( ၁၂ )ပါးမှာ ပါးစပ် ၀ဋ်ကြွေးအနေနဲ့ ၆ နှစ်ကျင့်ခဲ့ရတယ်။တခြားသူ ဟုတ်ပါရိုးလား အဲဒီ မာနကြီးသူက ဂေါတမဘုရားအလောင်းတော်ပါပဲ။

တနေ့မှာတော့ ကဿပဘုရားရှင်ရဲ့ ကျောင်းတော် မိုးမလုံတာကြောင့် သံဃာတော်တွေဟာ အိုးထိမ်းသည်ရဲ့ တဲကို ဖျက်ပြီး အမိုးတွေကို ဖြုတ်ယူကာ ကျောင်းအမိုးအဖြစ်အသုံးပြုတာကို ကြည်ညိုစိတ်တချက်ကလေးမှ မပျက်ပဲ မြတ်စွာဘုရားဟာ ငါ့ကို အကျွမ်းဝင်ပြီး ချီးမြှောက်တာပဲ လို့ တွေးပြီး ၀မ်းသာနေသတဲ့။ အဲဒီပီတိရဲ့ အဟုန်ကြောင့် သူ့အိမ်ဟာ ဟင်းလင်းပြင်ကြီး ဖြစ်နေပေမယ့် ရေတစက်မှ မကျပဲ အမိုးရှိနေသလိုပဲ၊ အဲဒီ အိမ်နေရာဟာ ကမ္ဘာပျက်သည့်တိုင်အောင် မိုးလုံးဝ မစိုစွတ်နိုင်ဘူးလို့ ဆိုပါတယ်။

( ဃဋိကာရသုတ္တံ၊ ရာဇ၀ဂ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော် )

၂။ ဘုရားအလောင်းတော် ယုန်မင်းရဲ့ ကြည်ညိုမှု့သဒ္ဓါတရားကို ကမ္ဗည်းတင်စေချင်လို့ လ ၀န်းမှာ ယုန်ရုပ် ထင်စေခဲ့တဲ့ သိကြားမင်းရဲ့ အမှတ်အသားကလဲ အင်္ဂါတချက်ပါ။ ( သသ - ယုန်မင်း၊ ပဏ္ဍိတ - ပညာရှိ )

( သသ ပဏ္ဍိတဇာတက၊ စတုက္ကနိပါတ၊ ဇာတက အဋ္ဌကထာ ပထမတွဲ )

၃။ပရိတ်ကြီး ၁၁ သုတ်ထဲက ၀ဋသုတ် သမိုင်းလာ ဘုရားအလောင်းတော် ငုံးမင်းဟာ ငယ်ရွယ်စဉ် တောမီးကြီးလောင်တဲ့အခါ “ မထူးတော့ဘူး ငါ့မှာ သစ္စာမှတပါး ကူမည့်သူမရှိဘူး၊ သစ္စာဆိုပြီး တောမီးကြီးကို တားမယ်” တဲ့။ သူ့ရဲ့သစ္စာစကားကို ကြားရရင် အံ့သြသွားကြမလား မသိဘူး၊

ရှေးရှေးသော ဘုရားရှင်တွေ အဆူဆူ ပွင့်တော်မူခဲ့ကြပါတယ်၊ သူတို့ရဲ့ ကရုဏာ မေတ္တာ ပညာ သစ္စာပါရမီတွေကို အာရုံပြုပြီး သူတို့ရဲ့ တရားတော်တွေကို နှလုံးသွင်းပြီး သစ္စာဆိုပါတယ် -

ငါ့မှာ အတောင်ပံတွေ ရှိပေမယ့် မပျံနိုင်ဘူး၊ ခြေထောက်တွေ ရှိပေမယ့် မသွားနိုင်သေးဘူး၊ ငါ့မိဘတွေကလဲ ငါ့ကို ပစ်ပြေးကြပြီ၊ ဤမှန်ကန်တဲ့ သစ္စာစကားကြောင့် တောမီးကြီးငြိမ်းပါစေ - တဲ့။တကယ်လဲ ငြိမ်းခဲ့တာ ဒီနေ့ဒီအချိန်အထိ ဆိုပါတော့၊ နောက်ဆုံး ကမ္ဘာမပျက်မချင်း အဲဒီနေရာကို မီးမလောင်နိင်ဘူး၊ မီးကွင်းသွားတယ် လို့ ဆိုပါတယ်၊ ဒါကြောင့်လဲ ယနေ့ခေတ်မှာ မီးဘေးကာကွယ်ဖို့အတွက် ၀ဋသုတ်တော်ကို လေးလေးနက်နက် ရွတ်ဖတ်သရဇ္ဈာယ်နေကြတာပါ။ ( ၀ဋ - ငုံးမင်း )

( ၀ဋကဇာတက၊ ဧကကနိပါတ၊ ဇာတကအဋ္ဌကထာ ပထမတွဲ )

၎။ နောက်ဆုံးတခုကတော့ ဘုရားအလောင်းတော်ဟာ မျောက်အပေါင်း ၈ သောင်းကျော်ကို အုပ်ချုပ်ရတဲ့ မျောက်မင်းဖြစ်ခဲ့စဉ် ကျူပင်တွေပတ်လည်ဝိုင်းနေပြီး ရက္ခိုက်ဘီလူးစောင့်တဲ့ ရေကန်ကြီးအနားရောက်လာ
ကြသတဲ့။ ရေဆာနေတဲ့ မျောက်အပေါင်းကလဲ ရေသောက်ချင်တာ ငမ်းငမ်းတက်နေချိန်ပေါ့။ အဲဒီမှာ မျောက်မင်းက အမောင်တို့ အလျင်စလို ဆင်းမသောက်ကြနဲ့အုံး၊ ဒီရေကန်ကို ဆင်းသူမှန်သမျှ ဘီလူးစားခံရမယ်၊ ငါ အကြံထုတ်ပါရစေအုံး -

ဘာလို့ေ၇ကန်ဘေးဝိုင်းနေကြတာလဲ ဆင်းသောက်ကြပါတော့လား - လို့ မနေနိုင်တဲ့ ဘီလူးက ကိုယ်ထင်ပြပြောတယ်၊

ဒီရေကန်ထဲ မဆင်းပဲ သောက်လို့ရရင် သောက်ခွင့်ပေးမလား လို့ မျောက်မင်းကြီးက မေးလိုက်တယ်၊

ရတယ် မဆင်းပဲ မင်းတို့ သောက်နိုင်ရင် သောက်ကြပါ -

အဲဒီမှာ ဘုရားအလောင်းတော်ဟာ ဘ၀ပေါင်းများစွာ ဖြည့်ဆည်းလာခဲ့တဲ့ ပါရမီတော်တွေကို ဆင်ခြင်ပြီး သစ္စာဆိုပြီးသကာလ ကျူရိုးတခုကို ယူပြီး ပါးစပ်နဲ့ မှုတ်လိုက်တာ အဆစ်တွေ ပွင့်ပြီး ရေပိုက်လို ဖြစ်သွားတယ် တဲ့။ဒါကြောင့် ရေကန်ပတ်လည်က ကျူပင်တွေ မှန်သမျှ အလောင်းတော်ရဲ့ သစ္စာစကားကြောင့် အဆစ်တွေပွင့်ပြီး မျောက်အပေါင်း အသက်ချမ်းသာရာ ရခဲ့ဖူးတယ်၊ အဲဒီ ကျူပင်တွေဟာ ယနေ့အချိန်မကပဲ နောက်ဆုံးကမ္ဘာဆုံးသည်အထိ အဆစ်မရှိနိုင်တာဟာ ၄ ခုမြောက် အံ့ဖွယ်ပါပဲ။

( နဠပါနဇာတက၊ ဧကကနိပါတ၊ ဇာတကအဋ္ဌကထာ ပထမတွဲ )

အင်း ဒါနအကြောင်းဖော်ပြရင်းနဲ့ ရည်ရွယ်ချက် ပျောက်သွားတယ်၊ ကျမ်းကိုးစာရင်း ရှာရတာလဲ ကောက်ရိုးပုံထဲ အပ် ကျပျောက်တာရှာရသလိုပဲ၊မလွယ်ပါဘူး။ဒါကြောင့်ဘုရားအလောင်း
သူတော်ကောင်းတို့ထုံး နှလုံးမူပြီး သူများကဲ့ရဲ့ ခံရမှာကို မကြောက်ပဲ ရဲရဲ ၀ံ့ဝံ့ သတ္တိရှိရှိ နည်းသည် များသည် လို့ မမြင်ပဲ ကျေကျေနပ်နပ် လှူနိုင်အောင် ကြိုးစား နိုင်စေဖို့ တိုက်တွန်းရင်း ဒါန ၂ ကို နိဂုံးချုပ်ပါရစေ၊

နောက်ပို့စ်မှပဲ သားသမီးတွေအတွက် အလှူပေးမယ်ဆိုတဲ့ စိတ်နဲ့ သေသွားပြီး ပရလောကမှာ ဒုက္ခရောက်ရတဲ့ လူတယောက်အကြောင်းကို ဆက်ပါအုံးမည် - -

Wednesday, April 7, 2010

လွဲနေတဲ့ ဒါနများ အပိုင်း ( ၂ )

ဒါန ( ၂ )

ရွာစား ငှါးတာ ၄ သောင်းပါ၊
မင်းသမီး လူရွှင်တော် ၃ ထောင်ကျော်၊
ဓာတ်ပုံရိုက်ခ ၆ ထောင်ကျ၊
ရှင်လောင်းဝတ်စုံ ၅ ထောင်ကုန်၊
ကျွေးမွေးစရိတ် ၉ သောင်း အစိတ်၊
သံဃာတော်မြတ် ၅ ဆယ်ကျပ်၊
အားလုံးပေါင်းသော် ၁ သိန်းကျော်၊
နတ်လူ သာဓု ခေါ်စေသော်။ ။

ရေးစပ်သူ - စိုးမောင်မောင်

အထက်ပါ လင်္ကာကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က လှူဒါန်းပြီးသား အလှူတခုရဲ့ မှတ်တမ်းမှတ်ရာတခုပါ၊ အဓိပ္ပါယ်ကတော့ ရှင်းနေပြီ၊ ဒီလောက်အကုန်အကျခံလှူဒါန်းတဲ့ ပွဲမှာ ဘာတွေများ ကိုယ့်နောက် ပါအောင် ယူနိုင်လိုက်သလဲ လို့ စစ်လိုက်တော့ ရေရေရာရာ ဘာမှ မရှိတာ တွေ့ရပါတယ်၊ မလိုအပ်တဲ့ ပကာသနတွေ ဂုဏ်တုဂုဏ်ပြိုင်တွေ ကို အလေးထား နေလေတော့ နိဗ္ဗာန် ပန်းတိုင်ကို သွားတာ လမ်းချော်နေကြတာကို အားလုံးက သတိမမူမိကြပါဘူး၊ပတ်ဝန်းကျင်ကလဲ သိနေ မြင်နေပါလျက်နဲ့ တားမြစ်ရကောင်းမှန်းမသိကြဘူး၊

အထူးအားဖြင့် မြန်မာနိုင်ငံမှာ အလှူပေးမယ် ဆိုတိုင်း ဆိုင်းဝိုင်း ငှါးနိုင်မှ အလှူလို့ သတ်မှတ်ကြတယ်၊ ပွဲတွေ ဇာတ်တွေ ပါမှ ခြိမ့်ခြိမ့်သဲသဲ အလှူလို့ လက်ခံကြတယ်၊ အေးအေးဆေးဆေးနဲ့ သာသနာအတွက် အကျိုးများမယ့် အလှူမျိုးကို ဆိုင်းမပါ ဗုံမပါပဲ ကန်တော့ပွဲလေးနဲ့ လှူလို့ကတော့ - အလှူပိန်လေးပါကွာ မဖြစ်စလောက်ပါ၊ အလှူပေးတယ် လို့တောင် ကမ္ဗည်းတပ်လို့ မရနိုင်ပါဘူး ဆိုပြီး ကဲ့ရဲ့ကြပြန်တယ်၊
အခြေအနေက အဲလောက်အထိကို ဖြစ်နေပြီ ၊ အလှူရဲ့ အနှစ်သာရကို ထုတ်ယူနိုင်ဖို့ မစဉ်းစားနိုင်ကြဘူး၊

တချို့ကျတော့လည်း ကိုယ်တတ်နိုင်သလောက်လေးနဲ့ လှူလိုပေမယ့် ပတ်ဝန်းကျင်က ၀ိုင်းမြောက်ပေးလို့ အကြွေးအတင်ခံပြီး လှူကြပြန်တယ်၊ သူတို့ရဲ့ ရဲရင့်တဲ့ သဒ္ဓါတရားကို သာဓုခေါ်နိုင်ပေမယ့် ဂုဏ်ပကာသန မက်ပြီး လှူနေတာတွေကိုတော့ ရသင့်သလောက် မရလိုက်တဲ့အတွက် စိတ်မကောင်းနိုင်ပါ။
တောရွာ တခုက အလှူမှာပေါ့၊ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်လောက်က အကြိုတရားဟောတဲ့ ဓမ္မကထိကဆရာတော်က အလှူ့အမကို မေးတယ်၊ အလှူ့အမကြီး ဒီနေ့ည မိတ်ကပ်လိမ်းထားတာ ဘယ်လောက်ကုန်သလဲ၊ ပြောပါအုံး ဆိုတော့ - -

မိတ်ကပ်ဘူးက ၇ သောင်းကျော်ပါဘုရား၊
လိမ်းပေးသူရဲ့ လက်ခတန်ဖိုးက မနက်ဖြန် အလှူနေ့အတွက်ရော နှစ်ရက်စာ ၁ သိန်းပါဘုရား ၊
( ဒါက တောရွာ အတိုင်းအတာပဲ ရှိသေးတယ်နော် )
အင်း ဒါဆိုရင်တော့ မဟုတ်သေးဘူး၊ နင်တို့ နည်းလမ်းမှားနေပြီ၊ ပင့်သံဃာတော်တွေကျတော့ တပါး ၀တ္ထုငွေ ၅ ထောင်ပဲ လှူတယ်၊ ကျန်တာတွေအတွက် ကုန်တာနဲ့ စဉ်းစဉ်းစားစားလဲ လုပ်ကြပါအုံး လို့ သတိပေးလိုက်တယ်၊( တကယ်တော့ အလှူ့အမနဲ့ ရင်းနှီးလို့သာ ဒီလို စကားပြောထွက်တာပါ၊ မဟုတ်ရင်တော့ ကဲ့ရဲ့ ခံရမည် အသေအချာပင်)

တုံး တံတား လျောက်စဉ် ၀ဲ ယာ မကြည့်နှင့်၊
သံသရာ တံတား ဖြတ်ကူးစဉ် အများ ကဲ့ရဲ့တာကို မမှု့နှင့် ။

တုံး တံတား လျောက်စဉ် ၀ဲ ယာ လျောက်ကြည့်နေက ချောက်ထဲ ကျတတ်သည်၊
နိဗ္ဗာန်သွားဖို့ သံသရာ( ဒါန ) တံတား ဖြတ်ကူးစဉ် သူများ ကဲ့ရဲ့ ခံရမှာ ကြောက်နေလျင် သံသရာချောက်ထဲပဲ ကျလိမ့်မည်၊ နိဗ္ဗာန်နှင့် လွဲလိမ့်မည်၊ ဟူလို၊

အရင်တစ်နှစ်က ရွာမှာ ဆရာတော် က တရားဟောနေတယ်။ ဘေးနားအိမ် က သားသတ်လိုင်စင် သမားက မနက်မှာ သတ်မယ့် နွားကို တရားပွဲနားက ဖြတ်ပြီး ဆွဲသွားတယ်။ နွားက တရားပွဲနားရောက်ရော ရုန်းပါလေရော။ တအူအူ..တဘဲဘဲ နဲ့။ အဲဒီ ကစပြီး ဆရာတော်လဲ ဒီ..သားသတ် တရားကို အမြဲတမ်း ဟောပြဆုံးမတယ်။ ကုသိုလ်အား..ပညာဥာဏ်အား နည်းလွန်းတော့ အကုသိုလ်အားများပြီး အခုထိ နားမလည်နိုင်ကြသေးဘူး။အထူးသဖြင့်အလှူရှင်တွေကိုယ်တိုင်ကိုက..ငါ့အလှူမှာဝက်သားကျွေးမှာ..ဘယ်နှပိသာ..ဒီလိုကြွားကြတာ။
တပည့်တော် အလှူပေးတော့... ငါးခြောက်ကြော်နဲ့ ရွာမှာ ကျွေးခဲ့တာ။ အဲဒါကို ဘုရား.. စင်ကာပူပြန် အလှူတဲ့ကွာ... ငါးခြောက်နဲ့ ကျွေးတယ်.. ၀က်သားလေးတောင် မကျွေးနိုင်ဘူးတဲ့..
ဒါကတော့ ဒကာလေးတယောက်ရဲ့ ကိုယ်တွေ့လေးပါ၊

ဘုရားအလောင်းတော်ဟာ ဘ၀တိုင်း ဘ၀တိုင်းမှာ ဘယ်လို ပကာသနတွေမှ မပါဘဲ လှူသွားပါတယ်၊ နောက်ဆုံး ဝေဿန္တရာမင်းကြီးဘ၀မှာ တိုင်းပြည်၊ ထီးနန်းစီးစိမ်၊ မိဖုရား နဲ့ သားသမီးတွေကိုရော သဒ္ဓါတရားသက်သက်မျှဖြင့် လှူသွားတာမျိုးပါ၊ မှတ်မှတ်ရရ သသပဏ္ဍိတ ယုန်မင်း ဇာတ်တော်မှာ သိကြားမင်းယောင်ဆောင်ထားတဲ့ ပုဏ္ဏားအိုက ဗိုက်ဆာနေပါတယ် စားစရာ လှူပါအုံး တဲ့၊

အဲဒီအခါ ဘုရားအလောင်းယုန်မင်းက စားစရာ မရှိပါဘူး၊ တကယ်ဆာလောင်တယ် ဆိုရင် မီးဖိုပေးပါ၊ အကျွနုပ် ခန္ဓာကိုယ်ကို မီးကင်ပြီးလို့ ကျက်ရင် စားနိုင်ပါပြီ၊
ဆိုပြီး မီးဖို ခိုင်းတယ်၊ နောက်ဆုံး လှူစရာ မရှိလို့ ကိုယ့်အသက်ကိုတောင် စွန့်လှူမယ် ဆိုတဲ့ ကြောက်စရာ ကြက်သီးမွေးညှင်း ထစရာ သတ္တိမျိုးနဲ့ မီးပုံထဲ ခုန်ဆင်းပြီး အသက်အသေခံ ပေးလှူခဲ့တယ်၊ တကယ်တော့ သိကြားမင်းရဲ့ အာနုဘော်ကြောင့် အသက်မသေပဲ လွတ်မြောက်ခဲ့ပေမယ့် - ယုန်မင်းကို အလွန်ကြည်ညိုလွန်းလို့ နောင်လာ နောက်သားတွေ သတိတရနဲ့ အတုယူနိုင်အောင် လ - ၀န်း ထဲမှာ ယုန်ရုပ်လေး ပေါ်နေစေ တဲ့ အထိအောင် သမိုင်းတွင်ရစ်ခဲ့တယ်။

အဲဒီ ယုန်ရုပ်လေးဟာ ကမ္ဘာပျက်သည့်တိုင်အောင် တည်တံ့နေမယ် လို့ စာပေများမှာ ဆိုပါတယ်၊ စာစကားနဲ့ ပြောရရင် ကပ္ပဋ္ဌိက ဋ္ဌိတိ - ကမ္ဘာမြေကြီး မပျက်မချင်း တည်ရှိနေမယ် တဲ့၊ အခုခေတ် သမိုင်းတွင်အောင် လုပ်သွားသူတွေက အလွန်ဆုံး ရာစုနှစ်လောက်သာ လုပ်နိုင်တာနဲ့ ယှဉ်ရင် ဒီဇာတ်တော်မှာ ဘုရားအလောင်းတော်ဟာ ကမ္ဘာနဲ့ ချီပြီး ကျော်ကြားအောင် သမိုင်းတွင်အောင် လုပ်ဆောင်သွားနိုင်တယ်လို့ ဆိုရပါမယ်၊ အဲဒီရဲ့ အကြောင်းရင်းကို လိုက်ရှာလိုက်တော့ ဂုဏ်ပကာသန မပါတဲ့ ယုံကြည်မှု့ သဒ္ဓါတရား ကို တွေ့ကြရမှာပါ။

( လ ၀န်းမှာ - ဆန်ဖွတ်သည့် အဖိုးအို က ဘယ်လို ပါလာသလဲ ဆိုတာ အခုထိ ရှာဖွေနေဆဲ ရှိပါသေးသည် ) ဗဟုဿုတအနေနဲ့ ကမ္ဘာပျက်သည့်တိုင်အောင် မပျက်မဆီး တည်ရှိနေမည့် အရာလေးမျိုး ( ကပ္ပဋ္ဌိက ဋ္ဌိတိ ) ကို ဖော်ပြလိုပါသေးတယ်။

ဆက်ပါအုံးမည် - -

Tuesday, April 6, 2010

လွဲနေတဲ့ ဒါနများ

ပို့စ်ခေါင်းစဉ်ကို ကြည့်ပြီး စာဖတ်ပရိသတ်များ လန့်သွားကြမလားလို့ စိုးရိမ်မိပါတယ်၊လွဲနေတာလေးတွေကို တည့်မတ်စေချင်လို့ပါ။အဆိုတော် အာဇာနည်ကတော့လွဲနေတဲ့ ဆုံမှတ်များ ဆိုပြီး သီချင်းတပုဒ် ဆိုထားလေရဲ့၊

သူ့ သီချင်းက ယောကျာင်္းလေးနဲ့ မိန်းကလေး တယောက်နဲ့ တယောက် မဆုံနိုင်ပဲ လွဲလွဲနေလို့ ဆုံမှတ်နဲ့ လွဲနေတယ် လို့ အဓိပ္ပါယ် ရပြီး စာရေးသူ ရည်ရွယ်တာကတော့ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေ ဟာ စစ်မှန်တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာ အမည်ခံထားပြီး မသိမသာတမျိုး သိသိသာသာ တဖုံ လွဲမှားနေတာတွေကို တတ်နိုင်သလောက် ပြုပြင် ထိန်းသိမ်း စေချင်တဲ့ ဆန္ဒနဲ့ပါ၊

ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ပန်းတိုင်ဟာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ စတဲ့ ၀ဋ်ဒုက္ခအားလုံး ချုပ်ဆုံးရာ နိဗ္ဗာန် ကို ရည်ရွယ်ပြီး ဒါန ကို ခက်ခက်ခဲခဲ ရအောင်ပြုနိုင်အောင် အထူးအားဖြင့် အောင်အောင်မြင်မြင် ပြီးဆုံးအောင် ကြိုးစားရတယ်၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတော့ အလှူပေးတယ် ဆိုတာ စစ်တိုက်ရသလို ပါပဲ၊ သူနိုင် ကိုယ်နိုင် အပြိုင်ကြဲကြရတယ်၊ လှူဖို့လဲ အတူတူပဲ၊

ကိုယ့်မှာ ရှိတာကို ချင့်ချိန်ပြီး ဘယ်လောက်လှူလိုက်မယ်၊ ဘယ်လောက် ကျန်သေးတယ်၊ ဘယ်လောက်ကို စီးပွားရေး အတွက် သုံးရအုံးမယ်၊ ဘယ်လောက်ကို သားသမီးတွေနဲ့ ကိုယ့်မိသားစုအတွက် ပညာရေး ကျမ္မာရေး စတာရှိသေးတာမို့ ထားရအုံးမယ်၊ အဲဒီလို အတွေးပေါင်း မြောက်များစွာနဲ့ ကိုယ့်အဇ္ဈတ္တ အတွင်း သန္တာန်ထဲက ဘ၀ပေါင်းများစွာ ကိန်းအောင်းလာခဲ့တဲ့ မစ္ဆရိယ ဆိုတဲ့ အကုသိုလ် အိမ်ရှင်စိတ်ကို ဒါန ဆိုတဲ့ တခါတရံမှ ဖြစ်ခွင့်ရတဲ့ ကုသိုလ်စိတ်လေးက နိုင်အောင် တိုက်ထုတ်ပြီး လှူနိုင်ဖို့ ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါ၊

တကယ်တော့ ဒါန ဆိုတာက ဘုရားပွင့်လာမှ အကျိုးကျေးဇူးများအောင် ပေးလှူနည်း တွေကို သိခွင့်ရတဲ့ စိတ်လေးပါ၊ မစ္ဆရိယ အကုသိုလ် စိတ်ကတော့ ဘုရားပွင့်သည်ဖြစ်စေ မပွင့်သည်ဖြစ်စေ သံသရာမှာ ကျင်လည်သမျှ တောက်လျောက် ဘ၀တိုင်း လိုက်ပါပြီး ကိုယ့်ဘ၀ကို ဖျက်လို ဖျက်ဆီး လုပ်နေတတ်တယ်၊ သူ့ကြောင့်လဲ အောက် ငရဲဘုံကို ကျခဲ့ရတဲ့ ဘ၀ပေါင်း မရေမတွက် နိုင်အောင် များလှပါပြီ။

ပြောရရင် ဘုရားပွင့်ဆဲ သာသနာနဲ့ တွေ့ဆဲ အချိန်လေးမှာ ဒါန ကုသိုလ်စိတ်လေးက မစ္ဆရိယအကုသိုလ်စိတ်လေးကို နှင်ထုတ်ဖို့ အနိုင်ပိုင်းဖို့ တော်တော် ခက်တယ်ပေါ့၊ ဧည့်သည်က အိမ်ရှင်ကို နှင်ထုတ်တဲ့ ပွဲပါပဲ၊ သိပ်ကြည့်ကောင်းမယ့် ပွဲ ဖြစ်မယ် ဆိုတာ စာဖတ်သူများ ကိုယ်တိုင် ကြုံဖူးပါလိမ့်မယ်၊
ပွဲက - တာလဲ ကိုယ်တိုင် ဖြစ်ပြီး ပွဲကြည့်သူကလဲ ကိုယ်တိုင်ဖြစ်နေတာ သိပ်အံ့သြစရာ ကောင်းတာပေါ့၊ စိတ်တည်ငြိမ် အေးချမ်းသွားတဲ့ အချိန်မှာ ကိုယ်ဘယ်လို နိုင်အောင် တိုက်ခဲ့၇တယ် ဆိုတာကို သတိထားပြီူး မြင်အောင် ကြည့်နိုင်လေ၊ အပရစေတနာ ဆိုတဲ့ ပီတိ က ၀င်လာပြီး အကျိုးပေးလေပါပဲ၊ အဲဒါကြောင့်လဲ ကိုယ်လှူဒါန်းလိုက်တဲ့ အလှူက အကျိုးပေးသန်တာပါ၊

ရှေးရှေး ဆရာတော်ကြီးတွေကလဲ အလှူဒါနနဲ့ ပက်သက်ပြီး စွမ်းနိုင်သလောက် လမ်းမှန်အောင် ညွန်ပြခဲ့ကြပါတယ်၊ ဒါပေမယ့် အခုကတော့ ခေတ်ရေစီးကြောင်းနဲ့အညီ ယဉ်ကျေးမှူ့တွေ ပြောင်းလာတာနဲ့ အမျှ လွဲနေတဲ့ ဒါနတွေကို မကြားချင်လဲ ကြားနေရ မမြင်ချင်လဲ မြင်နေကြရတယ်၊ ဒါကြောင့် အခုခေတ် အလှူပေးရင် ခန့်မှန်းခြေ အနေနဲ့ မြို့မှာ ဆိုရင် သိန်းရာချီ ရှိပြီး တောရွာမှာ ဆိုရင် အနည်းဆုံး သိန်း( ၃၀ )အထက်မှာ ရှိပါတယ်။
သိန်းပေါင်းများစွာ အကုန်အကျခံပြီး လှူလိုက်ရပေမယ့် ပီတိမဖြစ်နိုင်ပဲ ၀မ်းနည်းပက်လက် ဖြစ်ကျန်ခဲ့တဲ့ အလှူရှင်တွေအများကြီးကိုတွေ့ခဲ့မြင်ခဲ့ဖူးပါပြီ၊အဲဒီလိုအဖြစ်မျိုးတွေ မကြုံစေချင်လို့ တကယ့်အဖြစ်အပျက်တွေနဲ့ ကြားဖူးတဲ့ အဖြစ်အပျက်တွေကို မျှဝေလိုက်ပါတယ်။

ဒါန ( ၁ )

သူကတော့ စာရေးသူရဲ့ အသိမိတ်ဆွေ ထဲ က တောရွာမှာ ဆိုပါတော့၊ ပိုက်ဆံ တော်တော် ရှိတယ်၊ ဒါကြောင့်လဲ သားတွေကို ကိုရင်ဝတ်ပြီး သာသနာ့ဘောင်မှာ ၀င်စေချင်တယ်၊ သင်္ကန်းစီးပေးချင်တယ်ပေါ့၊ တောသဘာဝ အရ အလှူ့ဒကာ ရဲ့ သူငယ်ချင်းက ဘယ်လို ကူညီတယ် ထင်ပါသလဲ၊

အခြားသော အလှူတွေမှာ ၀က်သား၊ ကြက်သား၊ ငါးခြောက် အချိန် ( ပိဿာပေါင်း ) ဘယ်လောက် အကုန်ခံပြီး ကြွေးမွေးကြတယ်၊ သူတို့က သူများနဲ့ မတူအောင် အမဲသား ကျွေးမယ်၊ ကုန်ကျမယ့် အမဲသားကို အလှူ့ဒကာ သူငယ်ချင်းက အလကားကူညီမယ် ဆိုပဲ။ တကယ်တော့ အပြိုင်အဆိုင် စိတ်ဓာတ်လေးတွေကြောင့် ပကာသန ဖက်ပြီး လမ်းမမှားသင့်ပဲ မှားနေကြတာ သတိ သံဝေဂ ရစေချင်ကြတယ်။

ကူညီနိင်မှာပေါ့ သူက သားသတ်လိုင်စင် ရထားသူဆိုတော့ စိတ်ကြိုက် အမဲသား ပိဿာ ဘယ်လောက် လိုချင်သလဲ ၊ နွားတွေ အဆင်သင့်ရှိတယ် သတ်လိုက်ရုံပဲ၊ စာရေးသူလဲ ကြိုကြို တင်တင် သတင်းကြားရင်တော့ ပိတ်ပင်ထားလို့ ရပါတယ်၊ ကိုယ်ပြောရင် ပြီးနိုင်တယ်ပေါ့၊ ကိုယ့်ကိုလဲ ပင့်ထားတာ ဆိုတော့ အလှူဧည့်ခံနေ့ ရောက်မှ ကြွသွားတယ်၊

ဟိုရောက်မှ အဲဒီသတင်းကြားရတော့ အားလုံးလွန်ကုန်ပြီ အသားတွေက အဆင်သင့်ဖြစ်နေပြီ၊ စိတ်မကောင်းဘူး၊ ၀မ်းမသာ နိုင်ဘူး။ သူတို့ ငွေတွေ ဘယ်လောက် ကုန်အောင် လှူနေပါစေ၊ သေစားသေပေးလိုက်ရတဲ့ နွားတွေက အများကြီးရယ်၊ ပါဏာတိပါတ အကုသိုလ် နဲ့ရင်းပြီး ရယူလိုက်တဲ့ အလှူဒါနက ဘယ်လိုလုပ် မြင့်မြတ်နိုင်မလဲ ဆိုတာ သူတို့ မသိကြဘူး။ ဥာဏ်လဲ မရှိကြဘူး၊

လှူနေဆဲ အတွင်းမှာလဲ ဘုရားသားတော် တပါးအနေနဲ့ လမ်းမှားနေတာကို ပြောပြီး တည့်မတ်ပေးချင်တယ်၊ ပြောလိုပေမယ့် စေတနာပျက်ပြီး အလှူကြီးပေးတာ အလကား ဖြစ်မှာ စိုးတာကြောင့် ပါးစပ်က ပြောမထွက်ဘူးဖြစ်နေတယ်။ သူတို့ကတော့ လှူလို့ ပြီးသွားတယ်၊ အလှူကြီးပေးလိုက်တယ်ပေါ့၊ အကုသိုလ်တွေ ဘယ်လောက် ရယူလိုက်သလဲ သတိမထားမိဘူး၊

ဒါကြောင့်လဲ ရှေးရှေး လူကြီးများက ကုသိုလ်တပဲ ငရဲ တပိဿာ လို့ ဆိုထားကြတာကိုး။
အခု အချိန်အထိ အလှူပြီးသွားတာ ၆ နှစ်ကျော်လောက် ရှိပြီ၊ မင်းတို့ လှူဒါန်းခဲ့တာ နည်းလမ်း မှားတယ် လို့ ပြောမထွက်ဘူး၊ ရင်ထဲမှာပဲ မွန်းကျပ်နေတယ်၊ ဘာကြောင့်လဲ ဆိုတော့ သိန်းပေါင်းများစွာ အကုန်အကျခံပြီး လှူထားတဲ့ အလှူကို ပြန်ပြီး အမှတ်ရ ကြည်နူးတဲ့ စိတ်ဆိုတဲ့ အပရစေတနာ ဆိုတာက ရှိသေးတယ်၊

ကိုယ်က အမှန်အတိုင်း ပြောလိုက်ရင် သူတို့လဲ ၀မ်းမသာနိုင်တော့ဘဲ သောက ရောက်တော့မယ်၊ အရင်က မုဉ္စစေတနာ ချို့မှာစိုးလို့ မပြောခဲ့ဘူး၊ အခုကျတော့ အပရစေတနာ ချို့မှာ စိုးလို့ မပြောထွက်ခဲ့ဘူး၊ ကဲ ဘယ်လို လုပ်ကြမလဲ -

သည်တဏှာစရိုက်ကို အလိုလိုက်မှားကြလျှင်၊
နွားသတ်တို့သွားရာ နောက်တော်ကလိုက်ပါပြီးလျှင်၊
နွားရုပ်သွင်အထူးနှင့် တဘူးဘူး တဘဲဘဲ
မစဲအောင်တွန်မြည်၍ နှစ်အရှည်မျောကြမည်။

ဆိုတဲ့ လယ်တီ ဆရာတော်ဘုရားကြီးရဲ့ နွားမေတ္တာစာ ကိုပဲ သတိရမိတော့သည်။

ကိုယ် ကုသိုလ်ရဖို့ တဖက်သား အကုသိုလ် ဖြစ်စေမယ် ဆိုရင် တတ်နိုင်သလောက် ရှောင်ကြဉ်ပါ၊ အလကားမနာလို ဖြစ်နေသူတွေကတော့ ချွင်းချက်ပေါ့၊ ဒါကြောင့်လဲ မြတ်စွာဘုရားက ပံသုကူအသား ( ကိုယ် မ၀ယ်ခင် သတ်ပြီးသား အသား ) ကိုသာ စားခွင့် ပြုခဲ့တာပါ၊

ဈေးထဲရောက်မှ ကိုယ်လိုချင်တဲ့ ကြက်တွေ ငါးတွေကို လတ်ဆတ်တယ် ဆိုပြီး သတ်ခိုင်းတာက ကိုယ်တိုင်သတ်တာနဲ့ အတူတူပါပဲ၊ ပါဏာတိပါတကံ ထိုက်ပါတယ်၊ ကိုယ်လှူဒါန်းတဲ့ အလှူပွဲမှာ အကုသိုလ် နည်းနိုင်သမျှနည်းပြီး ကြည်လင်နေတဲ့ စိတ်နဲ့ သာ လှူနိုင်အောင် ကြိုးစားကြပါ၊ ဒါဆို အကျိုးရှိတဲ့ ဒါန ၊ မြင့်မြတ်တဲ့ ဒါန ဘုရားစတဲ့ သူတော်ကောင်းတွေ သာဓုခေါ်တဲ့ ဒါန ဖြစ်နိင်ပါပြီ၊

ဒါန ( ၂ )
ဆက်ပါအုံးမည် -

Sunday, April 4, 2010

မိုးကုတ်ဆရာတော်ကြီး ၏ သြ၀ါဒများ

၁။ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။
၂။ ရခဲလှတဲ့ လူ.ဘဝကို အလွဲသုံးစား အချိန်တွေ မဖြုန်းလိုက်ပါနဲ.။
၃။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၎။ သက်တမ်းတိုတဲ့ ဘဝကလေးမှာ တရားအားမထုတ်ဘဲ အချောင်ခိုနေရင် အသေစောက ကိုယ်ကျိုး နည်းလိမ့်မည်။
၅။ မနေ.ကထက် ယနေ. သေဖို. တစ်ရက်နီးသွားပြီ။

၆။ မမျှော်လင့်ဘဲ ဖြုန်းခနဲ နာလည်းနာနိုင်သည်။ သေလည်း သေနိုင်သည်။
၇။ ခန္ဓာ၏ ဝတ္တရားက အသေရှာတာ၊ ဉာဏ်၏ ဝတ္တရားက အသေရှောင်တာ။
၈။ အသေမဦးမီ ဉာဏ်ဦးစီးပြီး ဝိပဿနာတရား အားထုတ်ပါ။
၉။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿန်မရောက်ခင် မဂ္ဂင်အလုပ် အမြန်လုပ်ပါ။
၁၀။ သာသနာနဲ.ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေး တရားပေါ်မယ်။

၁၁။ ကိစ္စဟူသရွေ. မဂ်တား- ဖိုလ်တားလို. မှတ်ပါ။
၁၂။ တဏှာ- လောဘ ခိုင်းတာလုပ်နေလျှင် သေတဲ့အခါ အပါယ်ရောက်မယ်။
၁၃။ အဝိဇ္ဇာ - တဏှာ ကိန်းလာရင် အရှက်အကြောက် မရှိတော့ဘူး။
၁၄။ အလကားနေသရွေ.၊ အအားနေသရွေ. အမှားနဲ.နေခြင်းလို. မှတ်ပါ။
၁၅။ တဏှာကို အဖော်မလုပ်ဘဲ ဉာဏ်ကို အဖော်လုပ်ပါ။

၁၆။ ရက်ရာဇာ၊ ပြဿဒါး ရက်မရွေးနဲ.၊ သူတော်ကောင်း အလုပ် လုပ်နေတဲ့ အချိန်ဟာ မင်္ဂလာအချိန်လို. မှတ်ပါ။
၁၇။ ကိုယ့်ကိုယ်ကို သနားရင် ဝိပဿနာလုပ်ကြ၊ ကိုယ့်ကိုယ်ကို မသနားရင် သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်ကြ။
၁၈။ သစ္စာတရားကို နာမှ သိမယ်၊ သိမှ ကျင့်မယ်။
၁၉။ နားက တရားကိုနာပါ၊ ဉာဏ်က ခန္ဓာကို လှည့်ပါ။
၂၀။ နိဗ္ဗာန်သည် ကံ၏ အကျိုးမဟုတ်၊ ဉာဏ်၏ အကျိုးသာ ဖြစ်တယ်။

၂၁။ တရားနာနေသည့် အချိန်ဟာ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။
၂၂။ မိမိခန္ဓာရဲ. အရှိဖြစ်ပျက်ကို အသိမဂ်နဲ. တကယ်သိအောင်လုပ်ပါ။
၂၃။ ရှေ.စိတ်ကို နောက်စိတ်က ကြည့်တာ ဝိပဿနာ။
၂၄။ တစ်(၁) စိတ်ကို နှစ်(၂) စိတ်နဲ.ကြည့်တာ ဝိပဿနာ။
၂၅။ ရှေ.အသေကို နောက်အသေနဲ.ကြည့်တာ ဝိပဿနာ။

၂၆။ အရှိကို အသိလိုက်တာ ဝိပဿနာ။
၂၇။ ရှေ.က ဖြစ်ပျက်ပြီးတာ အနိစ္စ၊ နောက်က ပျက်မှန်းသိတာ မဂ္ဂ။
၂၈။ အရှိက ဖြစ်ပျက်ဓမ္မ၊ အသိကတော့ မဂ္ဂ။
၂၉။ ခန္ဓာက လောင်စာ၊ ဇရာ မရဏက မီး။
၃၀။ ဘယ်ခန္ဓာရရ၊ လောင်စာနဲ.မီး တွဲလျက်ကြီး။

၃၁။ လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်။
၃၂။ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းတာ နိဗ္ဗာန်။
၃၃။ ကိလေသာ အပူဓာတ်တွေ အေးငြိမ်းတာ နိဗ္ဗာန်။
၃၄။ ခန္ဓာက အနိစ္စ၊ တွေ.တာက မဂ္ဂ၊ သေတာက သမုဒယ၊ ဆိုက်ရောက်တာက နိရောဓ။

၃၅။ ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်၊ သင်္ခါရကို ငါကောင်ထင် ခင်မင် သမုဒယ၊
ရုပ်နာမ် အားလုံး ဖြစ်ပျက်သုဉ်း ချုပ်ဆုံး နိဗ္ဗာန်မှတ်၊
ချုပ်ဆုံး မှုတွင် ဉာဏ်သက်ဝင် သိမြင် မဂ်ဟုမှတ်။

Saturday, April 3, 2010

မှန်တိုင်း မကောင်းဘူး

စကားပြောတဲ့အခါမှာ အကောင်းဆုံး၊ အကျိုးရှိဆုံးစကားဖြစ်အောင် ရွေးပြီးပြောရတယ်။ ကိုယ်ထက်ကြီးသူတွေနဲ့စကားပြောတဲ့အခါမှာ ပိုပြီးတော့တောင် ဂရုစိုက်ရတယ်။

“လူကြီးတွေဆိုတာ များသောအားဖြင့် မိမိကိုယ်ကို အပြစ်ကင်းပြီးသား။ လူငယ်တွမှာသာ အပြစ်ရှိတာလို့ တထစ်ချစွဲယူထားတတ်ကြတယ်။ ဒါ့ကြောင့် သူတို့ရဲ့အားနည်းချက်ကို ထောက်ပြလာပြီဆိုရင် ကျေးဇူးတင်တဲ့လူထက် အပြစ်တင်တဲ့လူက များတယ်။ ဒါ့ကြောင့် ကောင်းသောစကားပင်ဖြစ်သော်လည်း မပြောဘဲ နေသင့်ရင် နေလိုက်ရတယ်။”

တခါက မုဆိုးသားအဖနှစ်ယောက် တောလိုက် ထွက်ကြတယ်။ တောတွင်းတစ်နေရာကျတော့ ရေပေါ်မှာပေါ်နေတဲ့ ကျောက်ဖျာကြီးတစ်ခုကို တွေ့ကြရတယ်။ အံ့သြလွန်းလို့ သားအဖနှစ်ယောက် ခပ်ကြာကြာငေးစိုက်ကြည့်မိကြတယ်။ အတွေးအခေါ်ရှိတဲ့ဖခင်က ဒီအကြောင်းကို ဘယ်သူမှမပြောဖို့၊ ပြောမိရင် ကိုယ်သာအရူးထင်ခံရမယ့်အကြောင်း သေချာမှာထားတယ်။

သားက နှုတ်ဖွာမှန်းလည်း သိလို့ပေါ့လေ။ အဲသလို မှာထားတဲ့ကြားထဲက သားဖြစ်သူက ရွာထဲလျှောက်ပြော တော့ ဘယ်သူမှ မယုံကြဘူး။ သူ့သားပဲ အရူးတစ်ယောက်လို ဖြစ်နေတယ်။ နောက်ဆုံး မုဆိုးသားက သူမှန်ရဲ့သားနဲ့ အရူးအထင်ခံရတော့ ဒေါသထွက်ပြီး အလောင်းအစားလုပ်တယ်။ ကျောက်ဖျာရေပေါ်တာကို သူ့ဖခင်ကပါ ဟုတ်တယ်လို့ ထောက်ခံရင် ရွာသားတွေဆီက ငွေတစ်ထောင် သူရမယ်။ အကယ်၍ သူ့အဖေက မထောက်ခံဘူးဆိုရင် ရွာသားတွေကို သူကငွေတစ်ထောင်ပေးမယ်ဆိုပြီး သူ့အိမ်ခေါ်လာတယ်။ အိမ်ရောက်လို့ မုဆိုးကြီးကိုမေးကြည့်တော့ မုဆိုးကြီးက မင်းတို့အရူးစကားများယုံနေကြသလားလို့ ပြောလွှတ်လိုက်သတဲ့။ ဒါနဲ့သူ့သားလည်း ငွေတစ်ထောင်ဆုံးသွားတော့ သူ့အဖေကို အပြစ်တင်တာပေါ့။

ဒီအခါ သူ့အဖေက ငါဒီအရေးတွေမြင်လို့ ဘယ်သူ့မှ မပြောဖို့အကြောင်း မင်းကိုမှာခဲ့တာပေါ့။ စကားဆိုတာ ကောင်းတာမှန်တာဖြစ်ပေမယ့် မပြောဘဲနေသင့်တဲ့အခါ နေရတယ်။ နောက်တစ်ခါ ငါကပြောလို့ တိုက်တွန်းတဲ့စကားကျမှ သူများကိုပြောလို့ သြ၀ါဒပေးပြီး တောလိုက်ထွက်သွားတယ်။

သူ့သားကလည်း ငွေတစ်ထောင်ရှူံးလို့ စိတ်ညစ်ပြီး အိမ်မှာပဲ နေခဲ့တော့တယ်။ သူ့အဖေပြန်လာတဲ့အခါ သမင်တစ်ကောင်ထမ်းလာတာကို တွေ့ရတယ်။ သူ့အဖေက သမင်ကိုပစ်ချလိုက်ရင်း ကဲ.. သား ဒီတစ်ခါ မင်းရွာထဲကို ကြိုက်သလောက် လျှောက်ပြောပေတော့။ ငါ့အဖေ သမင်တစ်ကောင်ကို ပစ်လိုက်တာ ခြေထောက်ကနေ နားရွက်ကိုဖောက်ထွက်သွားတယ်လို့ပြောကွာ။ မယုံတဲ့သူတွေကို အရင်တစ်ခါ ထက်နှစ်ဆတက်ပြီး လောင်ခဲ့လို့ ပြောလိုက်သတဲ့။

ဖခင်ပြောတဲ့အတိုင်း သာဖြစ်သူကလည်း တစ်ရွာလုံးလျှောက်ပြောတာပဲတဲ့။ နောက်ဆုံး မယုံတဲ့သူတွေစုပြီး နှစ်ထောင်ကြေးလောင်းကြပြန်သတဲ့။ အဆုံးအဖြတ်ပေးမယ့်သူကတော့ မုဆိုးကြီးပဲပေါ့။
မုဆိုးကြီးဆီရောက်တော့ သူ့သားပြောတဲ့စကား ဟုတ်-မဟုတ် မေးကြတဲ့အခါ မုဆိုးကြီးက … ဒီတစ်ခါတော့ ငါ့သားပြောတာမှန်တယ်။

သမင်က သူ့ခြေထောက်နဲ့ နားရွက်ကို အယားဖျောက်နေတဲ့အချိန်မှာ ငါက ပစ်လိုက်တာ ဖြစ်တဲ့အတွက် မြားတံက ခြေထောက်ကနေ နားရွက်ကိုဖောက်ထွက်သွားတာ ဟုတ်ပါတယ်လို့ ပြောလိုက်တဲ့အတွက် မုဆိုးကြီးသားဟာ လောင်းကြေးနှစ်ထောင်နဲ့အတူ စကားဆိုတာ ကောင်းတာမှန်တာဖြစ်ပေမယ့် မပြောဘဲနေသင့်တဲ့အခါ နေရတယ်ဆိုတဲ့သင်ခန်းစာကိုလည်း တစ်ခါတည်းရသွားသတဲ့။

ဒါကြောင့်လဲ ထင်ရှားတဲ့ ရဟန်းစာပေ ပညာရှင်ကြီးတပါးဖြစ်တဲ့ ဦးအာဒိစ္စ၀ံသ က မှတ်ချက်ရေးခဲ့ဖူးတယ်၊

အများနှင့် အခန့်သင့်ရန်စကားများ၊ အများစိတ်တိုင်းကျမည့်အလုပ်များ လောက၌ရှိသည်ဟု ဧကန်မမှတ်သင့်။
ထိုသို့သောစကားမျိုး၊ အလုပ်မျိုးကား လောက၌မရှိ။
စင်စစ်တစ်ဦးနှင့် မဆန့်ကျင်လျှင် တစ်ဦးနှင့်ဆန့်ကျင်မည့်စကား အလုပ်များသာ ဖြစ်ကြကုန်၏။

ဘ၀နှင့် ရင်းရသော အတွေးအမြင်များ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

LinkWithin

Related Posts Plugin for WordPress, Blogger...