" ပရမာနံ ကမ္မံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့အတွက်သာဖြစ်၏ "
Monday, March 29, 2010
အသက်ကယ်တဲ့ မြတ်ပဋ္ဌာန်း အပိုင်း ၂
အဲဒီ အဖိုးကြီးက ဘယ်လောက်ဆင်းရဲသလဲ ဆိုရင် ညပိုင်း အိမ်မှာ ထွန်းစရာ ဖယောင်းတိုင်တောင် မပြည့်စုံဘူး၊ မ၀ယ်နိုင်ဘူး၊ သာသမီးတွေ ၄ ယောက် နဲ့ အဖွားကြီးနဲ့ အားလုံး မိသားစု ၆ ယောက်ပေါ့၊ အိမ်က မိုးလုံခြုံတယ် ဆိုရုံပဲ၊ အရွယ်ရောက်တဲ့ သားသမီး ၂ ယောက်ကလဲ မပြုစုပဲ ပစ်ထားတယ်၊
ဆိုပါတော့ အဲဒီအိမ်က စာရေးသူကို လာပင့်တယ်၊ ဒကာကြီးက အိမ်မှာ အခြေအနေ ဆိုးနေသတဲ့၊ညနေပိုင်း မှောင်ရီ ပျိုးစ အချိန် ၆ နာရီခွဲ ၇ နာရီလောက်မှာပေါ့၊ တော၇ွာဆိုတော့ တော်တော် မှောင်နေပါပြီ၊ဆိုလိုတာက အမှောင်ကြိုက်တဲ့ သစ္ဆေ သရဲ မှင်စာ တွေ အစာရှာ ထွက်တဲ့အချိန်ပေါ့။ အဲဒီအချိန်မှာပဲ - -
ဟေ့ သွားကြ.. …
ငါ့ကို လာမခေါ်နဲ့ … …
ငါ မင်းတို့နဲ့ မလိုက်နိုင်ဘူး … …
သွား … ………………
သွား ….. …………….
ငါ့ အိမ်ထဲကို ၀င်မလာ ကြနဲ့၊
ငါ မလိုက်ဘူး - - ဆိုပြီး ပါးစပ်က အော်နေတယ်၊
အိမ်ထဲ ၀င်သွားတော့ လူနာနားမှာ ဖယောင်းတိုင် သေးသေးလေး တတိုင်အလင်းရောင်ရတယ် ဆိုရုံပဲ ထွန်းထားတယ်၊ ဒကာကြီးရဲ့ ဦးခေါင်းနား အထိ တိုးကပ်သွားပြီး - သူ သတိဝင်လာအောင် လက်ဖ၀ါးကို တင်းတင်းဆုတ်ကိုင်ပြီး -
ဒကာကြီး ဘာမှ မပူနဲ့၊ ဦးဇင်း ရောက်လာပြီ၊ စိတ်အား မငယ်နဲ့ လို့ ပထမဆုံး အားပေးစကားတွေ ပြောပေးရတယ်၊
နောက်တော့ သောက်တော်ရေ တခွက်ခပ်ခိုင်းပြီး လူနာ နားမှာ ထားစေကာ - သူတော်ကောင်း သာသနာတော်စောင့် နတ်ကောင်းနတ်မြတ်တွေကို ဖိတ်မာန်ပြီး
မေတ္တာပို့၊ ဂုဏ်တော်ရွတ်ပေးပါတယ်၊
နောက်တော့ ပဋ္ဌာန်း ပစ္စယုဒ္ဒေသနဲ့ ပစ္စယနိဒ္ဒေသ အကျယ်ကို ရွတ်ပေးတယ်၊
ဒါလောက်နဲ့ ပြည်စုံမယ် ထင်လို့ ရပ်ထားပြီး စကားဆက်ပြောနေဆဲပဲ၊ ၅ မိနစ်လောက်ပဲ ကြာမယ် ၊ လူနာက ပြန်ပြီး အလန့်တကြား အော်နေပြန်ရော၊
( သူ့စကားအရ လူမည်းမည်းကြီးတွေက အိမ်ခြံ ၀င်းပေါက် အပြင်ဘက်ကနေ ခေါ်နေကြသတဲ့၊) အမှန်က ပိဋကတ်ကျမ်းစာတွေ အလိုအရ သူ့ဘ၀ရဲ့ နောက်ဆုံးအချိန် ဂတိနိမိတ် လို့ ခေါ်တဲ့ သူ သွားရောက်ရမည့် ဘ၀တွေကို ကြိုတင် မြင်နေ ထင်နေတာပါ၊
၁။ တချို့က ငရဲခွေးတွေ ခွေးနက်ကြီးတွေ ၀ိုင်းဆွဲခံရတာမျိုး မြင်နေရရင် ငရဲဘုံကို ရောက်လိမ့်မယ် ၊
၂။ တောတွေ တောင်တွေ မြင်နေရတာမျိုး၊ သမုဒ္ဒရာ မြစ်ကမ်းတွေ မြင်နေရပြီ ဆိုရင် ကိုယ်နေရမယ့်နေရာ ပေါ့၊ ပြိတ္တာ သစ္ဆေ သရဲ စတဲ့ နာနာဘာဝတွေ ဖြစ်တတ်တယ်၊
၃။ တိရိစ္ဆာန်တွေ၊ သူတို့ရဲ့ ပျော်မြူးနေပုံတွေ မြင်ကွင်းမှာ ပေါ်နေရင် တိရိစ္ဆာန်ဘုံ ရောက်၇လိမ့်မယ်၊
၎။ အမိ ၀မ်းရေ စတဲ့ နီနီ ရဲရဲ အသားအရေတွေကို မြင်နေရရင် လူ့ဘ၀ကို ပြန်လည် ၀င်စားရောက်ရှိလာနိုင်သတဲ့၊
ဒါဆို စာပေ အထောက်အထားအရ အဲဒီ ဒကာကြီးက ငရဲကို သွားရမယ် ဆိုတဲ့ အရိပ်နိမိတ် ဆိုတာ သိလိုက်တယ်၊ ဒါကြောင့်လဲ အားတက်သရော စိတ်ပါလက်ပါ ရွတ်ပေးခဲ့တယ်၊ လက်ဖ၀ါးကို ဆုတ်ကိုင်ထားတာက သူက ဝေဒနာခံစားနေရတော့ ဦးဇင်းရဲ့ အသံကို သတိလွတ်သွားပြီး အာရုံ ပြောင်းသွားမှာ စိုးရိမ်လို့ ကြိုတွေးထားလို့ပါ။
သူ့ဘ၀မှာ ဆင်းရဲ နုံချာလွန်းတော့ အလှူဒါန ကုသိုလ်ကောင်းမှု့ ဆိုတာ မရှိသလောက်ပဲ၊ တခြားကုသိုလ် တွေလဲ သိပ်မရှိဘူး တဲ့၊ တကယ်တော့ ငွေမကုန်ပဲ ရနိုင်တဲ့ ကုသိုလ်ကောင်းမှု့တွေ အများကြိးရှိပါတယ်၊ ကိုယ်တိုင် စဉ်းစားဥာဏ် မရှိတော့ ကုသိုလ် ရအောင် မယူနိုင်ခဲ့ဘူးပေါ့၊ သီလတွေ ဘာဝနာတွေ ဆိုတာတော့ ဝေလာဝေး။
အတိုချုံး ပြောရရင် တချိန်လုံး လက်ကို ဆုတ်ကိုင်ထားပြီး ပရိတ်ကြီး ၁၁ သုတ်လုံးကို ရွတ်ပေးရပြန်တယ်၊ ပြီးတော့ အမျှဝေ ပေးတယ်၊
ဒီနောက်တော့ ကိုယ်လဲ မောပြီ၊ ဘာမှ အမောပြေ သောက်စရာက မရှိဘူးလေ၊ ရွတ်ဖတ်လို့ ပြီးတာနဲ့ စောစောက သောက်တော်ရေခွက် ပရိတ်ရေကို သောက်လဲ သောက်စေတယ်၊ မျက်နှာကိုလဲ ပက်ဖျန်းစေတယ်၊ ဒီလိုနဲ့ ပထမရက် အဆင်ပြေသွားတယ်၊
ဒုတိယ ရက်လဲ အတူတူပဲ ၊ ည မှောင်ရီပျိုးစ အချိန် သွေးရူးသွေးတန်း အော်နေလို့ လာပင့်ကြပြန်တယ်၊ အိမ်ကိုကြွဖို့ ပြင်နေဆဲမှာပဲ ကျောင်းမှာ ဝေယျာဝစ္စ ခိုင်းစရာ လုပ်နေတဲ့ ဒကာတယောက်က ထစ်ထစ်ငေါ့ငေါ့ နဲ့ လျောက်တယ်၊ ( သူက စကားထစ်နေတယ် )သူပြောတာလဲ ဟုတ်ပါတယ်၊ အဲဒီ အိမ်က ဘာမှ မလှူနိုင်လို့ ရွာခံ ကိုယ်တော်တွေကိုတောင် မပင့်ရဲလို့ မပင့်ဘူး တဲ့၊ ဒါကြောင့် လူစိမ်း အာဂန္တုဖြစ်တဲ့ ဦးဇင်းကို ပင့်တယ်ပေါ့လေ။
ကြွမသွားပါနဲ့၊ အဲဒီအိမ် ပရိတ်ရွတ်ကြွရင် ဦးဇင်း ဘာမှ ရမှာ မဟုတ်ဘူးတဲ့၊
သူက တခြား ဘုန်းကြီးတွေ ပရိတ်ရွတ်ရင် ၀တ္ထုငွေ ရတယ် ဆိုတာ သိနေတာကိုး၊ ဒီတော့မှ -
အေး ငါက ဘာမှ မရနိုင်ဘူးဆိုတာ သိတယ်၊ ငါက စေတနာ သက်သက်နဲ့ ရွတ်ပေးမှာ လို့ သူ့ကို နားလည်အောင် ပြောရသေးတယ်၊
ဒုတိယနေ့မှာလဲ အရင်ရက်ကလိုပဲ ရွတ်ပေးရတယ်၊ ပဋ္ဌာန်း နဲ့ ပရိတ်ကြီး ၁၁ သုတ်လုံးပဲ၊ နောက်တော့ အမျှဝေ ပေးခဲ့တာပါ၊ အဲဒီနောက်တော့ ရွာကနေ ရန်ကုန်ကို ပြန်ကြွလာခဲ့၇တယ်၊ အံ့သြစရာ ကောင်းတာက အဲဒီဒကာကြီးက နောက် တပတ်လောက်ကြာ တဲ့ အခါ နာလန်ထူလာပြီး လူကောင်းပကတိ လို သွား လာ လှုပ်ရှားနေတယ် လို့ ဒကာတွေက လျောက်ထားလို့ သိရတယ်၊ ကိုယ်တိုင်လဲ ပီတိဖြစ်ရတာပေါ့။ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က အဖြစ်အပျက် ဆိုတော့ အခုအထိ အသက်ရှင်သေးသလား ဆိုတာရယ် ၊ နာမည်ရယ်တော့ မှတ်မထားမိဘူး၊ ခဏတွေ့တုံး ကယ်တင်ပေးလိုက်တာပါ၊
နောက်တယောက်ကတော့ ဒကာမကြီးတယောက် မန္တလေးက၊ သူလဲ အတူတူပါပဲ၊ အဲဒီလို အော်ခေါ်နေတယ်၊ မလိုက်နိုင်ဘူး၊ မခေါ်နဲ့ - စသည် အော်နေတာပေါ့။ သားသမီးတွေက ဘာလုပ်ရမလဲ မသိဘူး၊ ဒါနဲ့ ကိုယ်လဲ လူနာ သွားမေးတဲ့ အချိန်နဲ့ ကြုံနေတာကြောင့် ရွတ်ပေးခဲ့တယ်၊ နောက်၇က်တွေမှာ သာမာန် ဖျားနာတဲ့ သူလိုပဲ ဖြစ်တော့တယ်၊ ကျမ္မာလာတယ်လို့ သိရပါတယ်၊
တကယ်တော့ နည်းလမ်း သိသွားပြီလေ၊ အနာ သိတော့ ဆေးက ရှိနေပြီကိုး၊ ဒီဆေးနည်းပဲ ပေးရုံ ရှိတယ်၊ ဒီနည်းကလဲ ရောဂါပျောက်တယ် သက်သာတယ် ဆိုတော့ ပြီးပြီပေါ့၊
တိုက်တိုက်ဆိုင်ဆိုင် စကားစပ်မိလို့ ပြောရအုံးမယ်၊ အဲဒီ မယ်ရကုန်း ရွာမှာပဲ ဒကာမကြီးတယောက်ရှိတယ်၊ သူက ဘာသာရေး သိပ်လိုက်စားပြီး ပရိတ် ပဋ္ဌာန်း ဓမ္မစင်္ကြာသုတ် အနတ္တလက္ခဏသုတ် အို စုံနေတာပဲ အမြဲ ရွတ်ဖတ် သရဇ္ဈာယ်တယ် ဆိုပဲ၊ နောက်ပြီး နတ် ဗြဟ္မာတွေ ချစ်ခံရအောင် လို့တဲ့ ၊ မဟာသမယသုတ်ကိုလဲ ညည သန်းခေါင် ၁၂ နာရီလောက် တရွာလုံး အိပ်နေချိန်မှာ အော်အော်ပြီး ရွတ်တယ်၊ မရွတ်ခင် ပရလောကက ပုဂ္ဂိုလ်အားလုံးကိုလဲ လာေ၇ာက်တရား နာယူကြဖို့ ဖိတ်ခေါ်တယ် တဲ့၊
ည သန်းခေါင် လောက် မဟာသမယသုတ်ကို ရွတ်နေဆဲအချိန် တရက်တော့ စိတ်ထဲမှာ သူရွတ်နေတာကို အများက ၀ိုင်းဝန်း စိုက်ကြည့်နေကြတယ် လို့ ခံစားမိတာနဲ့ အိမ်ဝင်း အပြင်ဘက်လှမ်းကြည့် လိုက် ချိန်မှာ -- အိုး - - ပုံစံ မျိုးစုံ မျက်နှာ မျိုးစုံ နဲ့ အိမ်ထဲကို စုပြုံပြီး စိုက်ကြည့်နေကြတာကို မြင်နေ၇ သတဲ့၊ ဒီနောက်တော့ ဒကာမလဲ ကြောက်လို့ မရွတ်ဖတ် ရဲတော့ဘူး၊ ပြဿနာကို စာရေးသူကို မေးတယ်၊
အေး ကိုယ်က ဖိတ်ထားမှတော့ သူတို့က လာပြီပေါ့၊ လာမှ ကြောက်မနေတော့နဲ့၊ အထူးသဖြင့် နာမည်တွေ ဘာတွေ ရွတ်ပြီး မဖိတ်ပါနဲ့၊ ရွတ်လိုက် မရွတ်လိုက် ဖြစ်၇င် သူတို့က ကြိုက်မှာ မဟုတ်ဘူး၊ ကိုယ့် လူသားတွေတောင်မှ ကိုယ်က မေတ္တာပေးလိုက် မပေးလိုက်လုပ်ရင် စိတ်ကွက်တာ တွေ စိတ်ဆိုးတာတွေ ရှိတတ်ကြတယ်၊ လို့၊
တကယ်တော့ နာနာဘာဝတွေက အမျှကုသိုလ် လိုချင်လို့ ၀ိုင်းရံနေကြတာပါ၊ သူက ကြောက်နေတော့ မဖြစ်တော့ဘူးပေါ့။ဒါကြောင့် ရွတ်ဖတ်တာကိုလဲ သတိထား ရွတ်စေချင်ပါတယ်၊ သူများထက် ထူးပြီး လုပ်ရင် ထူးပြီး ဖြစ်တတ်တယ် ဆိုတာ သတိထားဖို့ပါ။
ကဲ ဒီလောက်ဆို ပဋ္ဌာန်းရွတ်တာ က ဘယ်လောက် အကျိုးများတယ် ဆိုတာ သိလောက်ပါပြီ ဒကာလေးရေ ၊
ဘုရားရှင်ရဲ့ တရားတော်တွေက အသုံးချတတ်ရင် အသုံးချတတ်သလို ပစ္စုပ္ပန်ဘ၀ တမလွန်တွေမှာ အကျိုးပေးနိုင်တဲ့ စွမ်းရည် သတ္တိတွေ ရှိနေပါတယ်၊ လက်တွေ့လဲ အသုံးချနိုင်ပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်၊
အသက်ကယ်တဲ့ မြတ်ပဋ္ဌာန်း အပိုင်း ၁
စင်္ကာပူမှာကျေးဇူးရှင်ဗန်းမော်ဆရာတော်ဘုရားကြီး ဦးဆောင်ပြီးတော့ အဘိဓမ္မာဒေသနာတော်မြတ် ဖြစ်တဲ့ ပဋ္ဌာန်းတရားတော်ကို မတ်လ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့ တိုင်အောင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေတာ ကို ကြားသိနေရတဲ့ ဒကာလေး တစ်ယောက် က မေးတယ်၊
အရှင်ဘုရား - အခုလို ပဋ္ဌာန်းရွတ်တာ ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်မလဲ ၊ တပည့်တော်တို့လဲ ရွတ်လိုပါတယ် နည်းလမ်း ညွန်ပြပေးပါ - တဲ့။
ဒကာလေး -
စာမေးပွဲ အောင်ချင်လို့ ပဋ္ဌာန်း ( ပရိတ်ကြီး ) ရွတ်ခဲ့ဖူးတယ်၊ အောင်လဲ အောင်ခဲ့တယ်၊
လိုချင်တာ ဖြစ်ချင်တာတွေ ပြည့်ဝဖို့လဲ ရွတ်ခဲ့ဖူးတယ်၊ အချို့ ပြည့်စုံခဲ့တယ်၊
နောက်ဆုံး ပဋ္ဌာန်းတရား( ပရိတ် )တရား တော်နဲ့ လူ့ နှစ်ယောက်ကို အသက်ကယ် ခဲ့ဖူးတယ် - လို့ ပြောလိုက်တော့ တော်တော် စိတ်ဝင်စားသွားတယ် ထင်တယ်။
တင်ပါ - ပြောပါအုံး ဘုရား တော်တော် စိတ်ဝင်စားစရာ ကောင်းလာပြီ တဲ့၊
အေး - ဘ၀မှာ ငယ်ငယ်ကတည်းက စာမေးပွဲ အောင်ချင်လို့ ပဋ္ဌာန်း ( ပရိတ်ကြီး ၁၁ သုတ်ရော ) ရွတ်ခဲ့ဖူးတယ်၊ တကယ်လဲ အောင်နိုင်ခဲ့ပါတယ်၊ ဒါကလဲ ကိုယ့်ရှေ့က အောင်မြင်ပြီးသူတွေကို မေးလို့ သိရတာပါ၊ သူများက အောင်သွားပြီး ကိုယ်က တဘုံးဘုံးကျနေလို့ နည်းလမ်းလေးများ ရှိမလားလို့ မေးမိလို့ သိခဲ့၇တယ်၊
သစ်ရွက်မှာ ဂါထာတွေ ရေးပြီး ဆောင်ခိုင်းတာတို့၊ ခဲတံ ပေတံ ဘောပင် ကွန်ပါဘူး စတာတွေကို သိဒ္ဓိတင်ပြီး စာဖြေတာတွေလဲ ကြားနေ၇တယ်၊ ယတြာချေတာ၊ ခေါစာပစ်တာ ( ခေါစာ ပစ်ခြင်း ဆိုသည်မှာ ကြိမ်ခြင်း ပလစ်စတစ်ခြင်း တခုခု ထဲ၌ ထမင်း ဟင်း မုန့် သားရေစာ စသည် အစုံထည့်ပြီး လမ်းလေးခွဆုံနေရာ၌ တစ္ဆေ သရဲ မှင်စာ တို့ စားဖို့ စွန့်ကြဲ ပေးကမ်းခြင်းဖြစ်သည် ) တို့ မလုပ်ခဲ့မိပါဘူး။
တကယ်တော့ အရာရာ အောင်မြင်ဖို့ ကံ ဥာဏ် ၀ိရီယ စုံရသလိုပဲ ကိုယ့်ကုသိုလ်ကံ ကောင်းဖို့ မြှင့်တင်ပေးတဲ့ သဘောပါ၊ ဥာဏ်စိုက်ပြီး ကြိုးစားမှု့ ၀ီရိယ တော့ သုံးရမှာပါပဲ။ အရင်နှစ်တွေက ဥာဏ် ၀ီရိယ ရှိပေမယ့် မအောင်မြင်နိုင်တဲ့ စာမေးပွဲဟာ အဲဒီနှစ် ကံ ဥာဏ် ၀ိရီယ စုံတော့ အောင်ပြီပေါ့။
လူတွေမှာ ဆယ်တန်း စာမေးပွဲဟာ ဘ၀ တဆစ်ချိုး ပြောင်းပေးနိုင်တယ် ဆိုရင် စာရေးသူရည်ညွန်းတဲ့ စာမေးပွဲဟာလဲ ပြောင်းပေးနိုင်တယ်၊ တချို့များ ဘ၀ ပြောင်းပြီး လူ့ဘောင် ရောက်ကြရတဲ့ အထိပေါ့။
နောက်ပြီး အမှန်အတိုင်း ၀န်ခံရရင် လိုချင်တာတွေ ဖြစ်ချင်တာတွေ များလာပြီဆိုရင်လဲ ပဋ္ဌာန်း နဲ့ ပရိတ်ကို နာနာ ရွတ်မိတယ်၊ ၀တ်တခုအနေနဲ့ မပျက်မကွက်အောင် အဓိဋ္ဌာန် ရွတ်မိခဲ့တယ်၊ တကယ်လဲ လိုချင်တာတွေ အားလုံးနီးပါး ပြည့်စုံနိုင်ခဲ့တယ်၊
ဥပမာ ဒီနှစ် ငါ ဘယ်လို တွေ ဖြစ်အောင် လုပ်မယ်၊ ဘာတွေ ဖြစ်အောင် တော့ အားထုတ်လိုက်မယ် စသည်ပေါ့၊ တခုခုကို စိတ်ထဲက နှစ်နှစ် ကာကာ ဇောက်ချ လဲ လုပ်ပေးတယ်ဆိုရင် ဖြစ်လာတာက များတယ်၊ ပဋ္ဌာန်းပဲ ရွတ်နေပြီး စာမကျက်ပဲ အလုပ်မလုပ်ပဲ ထိုင်နေရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊
နောက်တမျိုးက အလုပ်တခုကို အဓိပတိ တပ်ပြီး လုပ်ရတယ်၊ အဓိပတိကလည်းလေးပါးရှိတယ်၊ အဲဒီ လေးပါးလုံး ပြည့်စုံပါစေ - မဖြစ်ဘူး မအောင်မြင်ဘူး ဆိုတာ မရှိစေရဘူး လို့ ဘုရားရှင်က အာမခံထားတယ်၊
၁ ၊ ဆန္ဒာဓိပတိ - သာမာန် ဖြစ်ချင်တဲ့ စိတ်ဓာတ် မဟုတ်ပဲ စိတ်ဓာတ် ပြင်းထန်နေရမယ်၊ ( ဆန္ဒ - အဓိပတိ - သာမာန်စိတ်မဟုတ်ပဲ ကဲလွန်ခြင်း )
၂၊ ၀ီရိယာဓိပတိ - ကြိုးစားမှု့ ၀ီရိယ လဲ ရှိရမယ်၊ ( ၀ီရိယ - အဓိပတိ )
၃ ၊ စိတ္တာဓိပတိ - ငါ ဖြစ်ကို ဖြစ်ရမယ် အောင်မြင်စေရမယ် ဆိုတဲ့ စိတ်မျိုးပေါ့၊ သွားလဲ ဒီစိတ်၊ စားလဲ ဒီစိတ် ပုံစံမျိုး ပြင်းထန်ရမယ်၊ ( စိတ္တ - အဓိပတိ )
၎ ၊ ၀ီမံသာဓိပတိ - ဒါကို ဘယ်လို လုပ်ရင် အောင်မြင်နိုင်မလဲ ၊ စသည်တွေးတောကြံဆတာမျိုး၊ ရှေ့က လူတွေကို နည်းလမ်းမသိသေးရင် မေးမြန်းတာမျိုး ဆိုတဲ့ ထက်မြက်တဲ့ ဖြတ်ထိုးဥာဏ်မျိုးလဲ ရှိရမယ် တဲ့။
( ၀ီမံသ -ကြောင်းကျိုး စဉ်းစားတွေးခေါ်တတ်တဲ့ ပညာ ၊ အဓိပတိ )
ကဲ မင်းရော ဘယ်နှစ်မျိုး ပြည့်စုံနိုင်ပြီ လဲ -
လို့ အလစ်အငိုက် အမေးခံလိုက်ရတော့ -
တင်ပါ့ - အရှင်ဘုရား ရေရေ လည်လည် ထိတယ်၊ ဘာဖြေရမှန်းတောင် မသိတော့ဘူး တဲ့၊
အေး ထားပါတော့ - ဒါက မင်းတို့ဘ၀မှာ စီးပွားရေး လူမှုရေး ဘာသာရေး ဘာရေးပဲ ဖြစ်ဖြစ် ဖြစ်ဖြစ်မြောက်မြောက် အောင်အောင်မြင်မြင် လုပ်ချင်တယ် ဆိုရင် မှတ်သားထားပေါ့။
နောက်တချက်ကတော့ အဲဒီ ပဋ္ဌာန်း တရားနဲ့ လူ့အသက်ကို ၂ ယောက် ကယ်ခဲ့ဖူးတယ်၊ ကယ်လို့ မရခဲ့တာတွေလဲ ရှိတာပေါ့လေ။
ရဟန်းသံဃာ နဲ့ သေခါနီး လူနာ ဆိုတာက မိတ်ဆွေတွေကိုး၊ ဘုရားရှင် လက်ထက်တော်ကတည်းက ဒီအလေ့အထက ရှိခဲ့တယ် ဆိုတော့ မဆန်းပါဘူး၊
ဘယ်လိုမှ ကင်းလို့ မရဘူး၊ ရက်ကွက်ထဲ လူနာတယောက် အခြေအနေ သိပ် မဟန်တော့ဘူး ဆိုရင် သေခါနီး ဘ၀ကူးကောင်းဖို့ ပရိတ် ပဋ္ဌာန်း ရွတ်ပေးဖို့ လာပင့်ကြတော့တာကိုး၊ တချို့များ သေပြီး နောက် ၃ ၇က် ၄ ရက် အလောင်းကြီးကို ထားတယ်၊
အညာဒေသ နေကလဲ ပူ ဆိုတော့ အသုဘ ချတဲ့ရက် မှာ နံစော်နေပြီ၊ သံဃာတွေက အဲဒီအနားကပ်ပြီး အသုဘ ရှု့ရတယ်၊ နံလိုက်တာ မပြောပါနဲ့တော့၊ ဒါကတော့ ဘုန်းကြီး ဖြစ်ရတဲ့ ဒုက္ခပေါ့လေ။ တချို့လူများ သတိထားစရာ ကောင်းပါတယ်။
ဒါကြောင့် ကိုယ့်လက်ထဲ နဲ့ ကိုယ့်ရှေ့မှာ အသက်ထွက် သေသွားတဲ့ လူတွေ ဆရာတော်ကြီးတွေ ကတော့ တော်တော် များတယ်၊ ရေတွက်လို့တောင် မလွယ်ဘူး၊
ဒီအထဲကမှ ရှားရှားပါးပါး စာရေးသူ အသက် ၂၅ နှစ် သိက္ခာ ၅ ၀ါ အရွယ်လောက်ကပေါ့။ ဓမ္မာစရိယစာမေးပွဲ အောင်ပြီးကာစ စာတွေက ပါးစပ်ထဲမှာတော့ ရှိတယ်၊ လက်တွေ့ ပြင်ပလောကဘ၀မှာ အသုံးမချတတ်သေးဘူး၊
အဲဒီအချိန် တိုက်တိုက်ဆိုင်ဆိုင် ဧရာဝတီတိုင်း ကွမ်းခြံကုန်းမြို့နယ် မယ်ရကုန်းရွာ ဆိုတာ ရှိတယ် ၊ တော်တော် ဝေးလံ ခေါင်သီတဲ့နေရာပါ၊ သင်္ဘောတတန် ကားတတန် အဲဒီခေတ်က ထော်လာဂျီ နဲ့တောင် သွားရတယ်၊
ရောက်ပြီး လေးငါးရက် မြောက်မှာ စတည်းချတဲ့ ကျေးရွာ ဘုန်းကြီးကျောင်းရဲ့ အနောက်ဖက်က အိမ်တအိမ်မှာ အဖိုးကြီးတယောက် နေမကောင်းဖြစ်နေတာကြာပြီပေါ့လေ။
ဆက်ပါအုံးမည် - -
Saturday, March 27, 2010
ရှင်ဥပဂုတ္တအကြောင်းကို လေ့လာခြင်း ( ပ )
ရှင်ဥပဂုတ်မထေရ်၏ အကြောင်းသည် ထေရ၀ါဒ ဗုဒ္ဒဘာသာ ကျမ်းဂန်များတွင် ထင်ထင်ရှားရှား မရှိပါ။ သို့သော်လည်း သာသနာ နှစ်ပေါင်း ၂၅၅၃ နှစ်အတွင်း လွန်ခဲ့သော နှစ်ပေါင်း ၂၂၀၀ ၀န်းကျင်ခန့်က  တကယ်ပင် ပေါ်ပေါက်ခဲ့သည်ဟု ဗုဒ္ဓဘာသာဝင်အများက ယုံကြည်လက်ခံနေကြပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာကျမ်းဂန်ဖြစ်သော  မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော် ပရိဗ္ဗာဇက၀ဂ်၊ စူဠသကုလုဒါယီသုတ်၌ မြတ်စွာဘုရားရှင်သည် ရှင်ဥပဂုတ္တရဟန္တာ အလောင်းအလျာဖြစ်သည့် စူဠသကုလုဒါယီ ပရိဗိုဇ်ထံ ကြွရောက်တော်မူလာကာ ခက်ခဲနက်နဲသော  ပြဿနာများ မေးမြန်းလျောက်ထားပြီး အဆုံး၌ သရဏဂုံတည်ကာ ဘုရားရှင်ထံ ရှင်ရဟန်းပြုခွင့်တောင်း၏။  ရဟန်းအဖြစ်ကို ရလိုကြောင်း ခွင့်တောင်းရာ ဘုရားရှင်က ခွင့်ပြုတော်မူသည်။ သို့ရာတွင် ၄င်း၏တပည့် ပရိဗိုဇ်များက ၀ိုင်းဝန်းတားမြစ်ကြသဖြင့် ရဟန်းပြုခွင့် မရရှိလိုက်ပေ။
အဘယ့်ကြောင့် ရဟန်းပြုခွင့် မရလိုက်သနည်း ဆိုမူ = ရှေးအတိတ်အကုသိုလ်ကံ အကျိုးပေးကြောင့်လို့ အဋ္ဌကထာက ဆိုပါတယ်။ သတိထားဖွယ် အကုသိုလ်ကား = ကဿပ ဘုရားရှင် သာသနာတွင် ရဟန်းပြုပြီး တရားအားထုတ်ခဲ့စဉ် သာသနာ့ဘောင် ငြီးငွေ့သော  သူငယ်ချင်း ရဟန်းအား လူဘ၀၏ ပျော်စရာကောင်းပုံ၊ ရဟန်းဘ၀၏ အပြစ်ကြီးပုံ စသည်ဖြင့် လူမထွက် ထွက်အောင် အားပေးအားမြောက်ပြုမိခဲ့၏။ 
အကြောင်းကား လူထွက်လျင် သူ့ သပိတ်သင်္ကန်း ပရိက္ခရာ အသုံးအဆောင်တွေ ပိုင်ဆိုင်နိုင်မည် ဟူသော အသေးစား လောဘ တဏှာ မျှလောက်ဖြင့်  အားပေးခဲ့သောကြောင့် ဖြစ်သတဲ့။  ယခုခေတ် ရဟန်း ရှင် လူများ သတိထားဖွယ်ပါပေ။  တကယ်လည်း သူ့အားပေးမှု့ကြောင့် တပါးက လူထွက်ခဲ့ရကား ဘုရားရှင်ထံ ရဟန်းဝတ်လိုပါသော်လည်း  တပည့်အများက ၀ိုင်းဝန်းကန့်ကွက်ကြသောကြောင့် မ၀တ်နိင်ခဲ့ပေ။
ယခုခေတ် ၀တ်ကြောင်ကို လွတ်အောင် ရုန်းလိုပါသော်လည်း  မရုန်းနိုင်ပဲ လည်နေကြသူတွေကိုပင် သတိရမိသေးတော့သည်။ စူဠသကုလုဒါယီ သုတ် အဖွင့်အဋ္ဌကထာ ဋီကာတို့တွင် ပါရှိသည်မှာ စူဠသကုလုဒါယီ ပရိဗိုဇ်သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အနှစ် ၃၅၀ ရှိသော် သီရိဓမ္မာသောကမင်း (အသောကမင်း) လက်ထက်တွင် အဿဂုတ္တ မည်သော ရဟန္တာဖြစ်၍ မေတ္တာဝိဟာရီ အရာ ထင်ရှားကျော်ကြားကာ တန်ခိုးဣဒ္ဓိပါဒ် စွမ်းအားကြီးမားတော်မူမည်။ သီရိဓမ္မာသောကမင်းသည် စေတီပေါင်း ရှစ်သောင်းလေးထောင် စသော ဒါနအလှူကြီးများ ပြုလုပ်သည့်အခါ မာရ်နတ်မင်းနှောင့်ယှက် ခြင်းမပြုနိုင်ရန်ကာကွယ်စောင့်ရှောက်လိမ့်မည်-ဟုပါရှိပါသည်။
အချုပ် ဆိုရသော် စာရေးသူအမြင်ဖြင့် ဤဇာတ်ကြောင်းသည် ရှင် ဥပဂုတ္တမထေရ်နှင့် နာမည်တူသာ ဖြစ်တန်ရာ၏၊ အဿဂုတ္တ = ဥပဂုတ္တ အားဖြင့် ထင်ယောင်ထင်မှား ပြုထားသည်ဟု ယူဆမိပေသည်။ အဿဂုတ္တ နာမည်ကား မိလိန္ဒမင်းကြီးကို  ဆုံးမသော အရှင်နာဂသေန၏ ဆရာမထေရ်တဆူဖြစ်ပေသည်၊ နှစ်ပေါင်း များစွာအတွင်း နာမည်တူ ရဟန္တာမထေရ်ပေါင်းများစွာ ပေါ်ပေါက်ခဲ့သည်ဟု ယူဆရပါသည်။ အရှင်မဟာကဿပ မထေရ်ကြီးနှင့် အလောင်းတော် ကဿပ၊ ပေါင်းလောင်းရှင်မဟာကဿပ စသည် ဖြင့် ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သလို ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်  လက်လှမ်းမှီရာ ဖြစ်သော လောကပညတ္တိကျမ်း ရာဇ၀ံသကျမ်း ဒိဗျာဝဒါနသက္ကတကျမ်း တို့၏အဆိုအရ ရှင်ဥပဂုတ္တမထေရ်ကို ကိုးကွယ်သော အယူအဆသည် လွန်ခဲ့သော နှစ်ပေါင်း၂၂၀၀ နီးပါးအချိန် အသောက မင်းတရားကြီးလက်ထက်ကတည်းက ကိုးကွယ်နေဟန်ရှိ၏။
ရှေးထုံးကိုလည်း မပယ်နှင့်၊
ဈေးသုံးကိုလည်း မကြွယ်နှင့်၊
ရှေးထုံးကို ပယ်က ဒုက္ခရောက်တတ်သည်၊ ဈေးသုံး ကြွယ်က မွဲတတ်သည် တဲ့။
ရှေးရှေး သူတော်ကောင်းတို့၏ အယူအဆဖြစ်တာမို့ ပယ်ရန်လည်း ခက်နေသည်ထင်၏။ အဘယ့်ကြောင့်
ဆိုသော် အလှူဒါန ပြုစဉ်ဝယ် မိုးလေ၀သ မနှောက်ယှက်စေဖို့ ပွဲထိုးပူဇော်ထားလျင်အေးဆေးသက်သာ ပြီးဆုံးသော်လည်း ပွဲမထိုးလျင်ကား မိုးအကြီးအကျယ် ရွာသောကြောင့်  အလှူဒါန ပျက်လောက်အောင် အလှူရှင်ဒကာ ဒကာမတွေ ကိုယ်စိတ်ဆင်းရဲသည်ကို စာရေးသူ ၃ - ၄ ကြိမ် တွေ့ဘူးခဲ့သည်။
ဘာကြောင့်ပဲ ဖြစ်နေပါစေ - ရတနာသုံးပါး နှင့် တတန်းတည်း ထားပြီးတော့ မကိုးကွယ် သင့်ပါဘူး၊ အနှောက်အယှက်မပေးနိုင်ရန် အကာအကွယ်သဘောဖြင့်တော့ သင့်လျော်သလို ပြုလုပ်သင့်သည် ဟု ယူဆပါသည်။ ရှင်ဥပဂုတ် မထေရ်သည် ထေရ၀ါဒ ကျမ်းဂန်များတွင် ဘယ်နေရာမှ မတွေ့ရသေးကား ရှိသည် ဟု လက်မခံနိုင်ပါ။( မိမိ လေ့လာမှု့ မပြည့်စုံသည်လည်းဖြစ်နိုင်ပါသည် )ယခုလည်း ရှေးရှေးဆရာများ၏အယူအဆ အထောက်အထားများကို လက်လှမ်းမှီသလောက် ဖော်ပြလိုက်ပါသည်။
နှစ်စဉ်ပင် တော်သလင်းလတွင် ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ်အား ပူဇော်ပသသည့် မီးဖောင်မျှောပွဲကို ကျင်းပလေ့ရှိသည်။ ဖောင်ပေါ်တွင် ရှင်ဥပဂုတ္တရုပ်တု၊ ရုပ်တုတော်ရှေ့တွင် အုန်း ငှက်ပျောပွဲများ၊ ပန်း၊ ရေချမ်း၊ ဆွမ်း၊ သစ်သီးစသည့် လှူဖွယ်များကို ထားရှိပါသည်။ ဖော်တော်ကို ရောင်စုံမီးပုံးများဖြင့် ဆင်ယင်ကာ ဆီမီးများ ထွန်းညှိထားပါသည်။
ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ်သည် တောင်သမုဒ္ဒရာတွင် ကြေးပြာသာဒ်ဖြင့် သီတင်းသုံးစံနေတော်မူသည်ဟု ယုံကြည်ကြသောကြောင့် မီးဖောင်ကို ဧရာဝတီမြစ်တလျှောက်မှ သမုဒ္ဒရာသို့ ရောက်အောင် မျှောချပူဇော်
ကန်တော့ကြသည်။ မြန်မာ့ဒေသက မျှောချလိုက်သော ရှင်ဥပဂုတ္တဖောင်တော် အချို့သည် သီရိလင်္ကာ
တိုင်အောင်ရောက်ရှိသွားတတ်သည်။ရှင်ဥပဂုတ္တရဟန္တာမြတ်သည် ကောင်းမှုကုသိုလ်များ ပြုလုပ်သည့်အခါ ရန်အပေါင်းကို ထိန်းသိမ်းကာကွယ်ပေးသည်ဟု ယုံကြည်ကြပါသည်။ အထူးအားဖြင့် မိုးလေ၀သကို ထိန်းသိမ်းပေသည်ဟုယုံကြည်ကြသည်။ 
Friday, March 26, 2010
ရှင်ဥပဂုတ္တအကြောင်းကို လေ့လာခြင်း ( ဒု )
ရုပ်တုတော်ကို ထုလုပ်ရာ၌ ရဟန္တာအရှင်မြတ်သည် ဦးခေါင်းတော်ကို မော့လျက် နေကိုကြည့်၍ ဆွမ်းဘုဉ်းပေးနေပုံကို ထုလုပ်ကြပါသည်။ လက်ယာဘက် လက်တော်က သပိတ်တွင် နှိုက်လျက်ရှိပေသည်။ ယခုအခါတွင်မူ ယခင်ကကဲ့သို့ နေကိုကြည့်လျက် ဆွမ်းဘုဉ်းပေးနေပုံကို မထုလုပ်ကြတော့ဘဲ ရိုးရိုးတင်ပလ္လင်ခွေထိုင်နေပုံကိုထုလုပ်ကြသည်ကိုလည်းတွေ့ရှိရပါသည်။
ဗုဒ္ဓဘာသာဝင် နောက်ပိုင်းကျမ်းများတွင် ရှင်လေးပါး၊ သေလေးပါးရှိသည်ဟု ယုံကြည်ကြသည်။ ဤရှင်လေးပါးမှာ သင်္ဂါယနာတင် ကျမ်းကြီး တို့တွင် မပါရှိပါ။ သို့ရာတွင် ရှေးရိုး ဘိုးဘွားမိဘပြောစဉ် ယုံကြည်မှုဖြစ်ကာလူအများပင်ယုံကြည်ကိုးကွယ်နေကြသည်။
သို့ရာတွင် လောကပညတ္တိကျမ်းတွင် တိဿနာဂဥပဂုတ္တဟု ပါရှိခဲ့သည်။ ရှင်ဥပဂုတ်ကို ပူဇော်ကိုးကွယ်သော အရပ်ဒေသတွင် နတ်ဆိုးနတ်ယုတ်များ မဖမ်းစားနိုင်ခြင်း၊ မြေဘုတ်ဘီလူး တစ္ဆေ သရဲ စသည်တို့ မကပ်ရောက်နိုင်ခြင်း၊ ရောဂါကင်းခြင်း စသည့် အကျိုးများကို ရသည်ဟု ဘားမဲ့ဆရာတော်က မိန့်တော်မူခဲ့ကြောင်းမှတ်သားမိပါသည်။
ဒိဗျာဝဒါနသက္ကတကျမ်းလာ ရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိမှာ ဂေါတမမြတ်စွာဘုရားရှင်သည် မထုရာမြို့သို့ ကြွရောက်တော်မူခဲ့သည်။ ထိုမြို့တွင် ရှင်အာနန္ဒာအား ဤသို့ ဗျာဒိတ်စကား မြွက်ကြားခဲ့သည်။
အာနန္ဒာ-ရှေးအခါက ဤမထုရာမြို့တွင် ဥရုမုဏ္ဍမည်သော တောင်ကြီးရှိခဲ့၏။ တောင်၏တဖက်တွင် ပစ္စေကဗုဒ္ဓါ ငါးရာ နေကြသည်။ တဖက်တွင် ရသေ့ ငါးရာနေ၍ တဖက်တွင် မျောက် ငါးရာ နေကြ၏။ မျောက်ငါးရာတို့၏ အကြီးအကဲ မျောက်မင်းသည် ပစ္စေကဗုဒ္ဓါတို့အား သစ်သီး သစ်ဥ စသည်တို့ဖြင့် ပြုစုလုပ်ကျွေး၏။ ပစ္စေကဗုဒ္ဓါတို့ပရိနိဗ္ဗာန်စံတော်မူသောအခါ ရသေ့ငါးရာကို လုပ်ကျွေးပြန်သည်။ ရသေ့ငါးရာတို့အား ပစ္စေကဗုဒ္ဓါတို့ကဲ့သို့တရားအားထုတ်ရန် မျောက်မင်းက လက်ဟန်ဖြင့် ပြသညွှန်ကြား၏။ ရသေ့ငါးရာလည်း ၀ိပဿနာတရားကို အားထုတ်လေရာ ပစ္စေကဗုဒ္ဓါများ ဖြစ်ကြသည်။ မျောက်မင်းလည်း အိုမင်းမစွမ်းဖြစ်ကာ ကွယ်လွန်လျှင်ပစ္စေကဗုဒ္ဓါတို့ကနံ့သာ၊ထင်းစသည်တို့ဖြင့်သင်္ဂြိုဟ်ကြ၏။
ထိုမျောက်မင်းသည် နောင်အခါ နံ့သာဆီ၊ နံ့သာမွှေးတို့ ရောင်းချသည့် သူဌေး၏သားဖြစ်ကာ ရှင်ဥပဂုတ္တဟု အမည်တွင်လျက် ငါဘုရား၏ သာသနာတော်ကို စောင့်ရှောက်ကာ အကျိုးပြုပေလိမ့်မည်-ဟု ဗျာဒိတ်ပေး ဟောကြားတော်မူခဲ့သည်။ အထက်ပါအကြောင်းအရာမှာ မဟာယာနဂိုဏ်းလာ ဒိဗျာဝဒါနသက္ကတကျမ်းမှ ဖြစ်ပါသည်။ရာဇ၀ံသကျမ်းတွင်လည်းသီရိဓမ္မာသောကမင်း၏အလှူဒါနကိုဝိုင်းဝန်းကူညီစောင့်ရှောက်၍ အနု
မောဒနာပြုသော ကာလ၌ ရှင်ဥပဂုတ္တမထေရ်မြတ်က မာရ်နတ်မင်းကို ဆုံးမတော်မူကြောင်း ပါရှိပါသည်။
လောကပညတ္တိကျမ်း၌လည်းအောက်ပါကဲ့သို့တွေ့ရှိရပါသည်။
ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီးသည် သားသမီးမရရှိသောကြောင့် အမွေခံသားသမီးရရန် ကြီးစွာသော မဟာဒါနကို ပြုလုပ်ပေးလှူ၏။ ထိုစဉ် တံငါသည်တို့က ငါး၏၀မ်းထဲမှ လူမိန်ကလေး ရရှိသဖြင့် မင်းကြီးအား ဆက်သကြသည်။ မင်းကြီးလည်း ၀မ်းမြောက်စွာဖြင့် မွေးမြူထား၍ မစ္ဆဒေ၀ီဟု အမည်ပေးထား၏။ မစ္ဆဒေ၀ီ အရွယ်သို့ရောက်လာသော် ကိုယ်မှ မကောင်းသော အပုပ်နံ့ထွက်ရာ မည်မျှကုသပါသော်လည်း အပုပ်နံ့ မပျောက်ချေ။ ထို့ကြောင့် စားနပ်ရိက္ခာအပြည့်အစုံနှင့် ဖောင်ပေါ်တင်၍ မြစ်တွင် မျှောလိုက်လေသည်။
မြစ်အကွေ့တခုတွင် ရှင်ဥပမည်သော ရသေ့က မြစ်တဖက်ကမ်းသို့ကူးလို၍ ပို့ပေးရန်ပြောရာ မစ္ဆဒေ၀ီက သူ၏မျက်နှာကို မကြည့်လျှင် ပို့ပေးမည်ဟုပြော၏။ ရသေ့က မကြည့်ပါ ၀န်ခံသဖြင့် တဖက်ကမ်းသို့ ပို့ပေး၏။ ကမ်းသို့ရောက်သောအခါ ရသေ့က အမျိုးသမီး၏ အမျိုးအနွယ်ကို သိလိုသဖြင့် မစ္ဆဒေ၀ီအား ကြည့်လိုက်ရာ မျက်နှာချင်းဆုံမိသောကြောင့် မစ္ဆဒေ၀ီတွင် ပဋိသန္ဓေတည်ရှိသွားလေ၏။ ထို့ကြောင့် ရသေ့အား ပြောပြ၍ စောင့်ရှောက်ရန် မေတ္တာရပ်ခံရာ ရသေ့က သဘောတူသည်။ သားကိုဖွားမြင်သည့်အခါ ရသေ့  ဥပ၏ စောင့်ရှောက်ကျွေးမွေးသည်ကို အစွဲပြု၍ ဥပဂုတ္တ-ဟု အမည်ပေး၏။ အရွယ်ရောက်သောအခါ ရဟန်းပြု၍ တရားကျင့်ရာ ဈာန်သမာပတ်တို့ကို ရရှိသော ရဟန္တာဖြစ်ပြီးလျှင် တောင်သမုဒ္ဒရာ၌ ကြေးပြာသာဒ်နှင့် စံနေတော်မူသည်။
သီရိဓမ္မာသောကမင်းကြိး၏ မဟာဒါနအလှူတော်ကြီး ကောင်းမွန်ပြီးစီးအောင်မြင်ရန် မာရ်နတ်မင်း၏ မဟာဒါန အလှူတော်ကြီး ကောင်းမွန်ပြီးစီးအောင်မြင်စေရန် မာရ်နတ်မင်း၏ အထူးထူးသော အန္တရာယ်တို့ကို တားဆီးလျက်မာရ်နတ်မင်းအားလည်းဆုံးမတော်မူ၏-ဟုတွေ့ရှိရပါသည်။
ရှင်ဥပဂုတ္တမထေရ်မြတ်အား ယုံကြည်ကိုးကွယ်သည်ကို ပုဂံမင်းဆက်၌ပင် ရှိသည်ကို တွေ့မြင်ရပါသည်။ အထောက်အထားမှာ ကျန်စစ်သားမင်း၏ သားတော် ရာဇကုမာရ်မင်းသားသည် မြင်းကပါအရပ်တွင် ဂူပြောက်ကြီးဘုရားကို တည်ထားကိုးကွယ်၏။ ထိုဘုရားစေတီရှိ နံရံဆေးရေးပန်ချီတို့တွင် ရှင်ဥပဂုတ္တနှင့် အသောကမင်းကြီးတို့ သာသနာတော် ပြန့်ပွားရေးအတွက် ဆွေးနွေးနေပုံကို တွေ့ရှိရပါသည်။ ရေးထိုးထားသော ကျောက်စာအရရှင်ဥပဂုတ္တနှင့်အသောကမင်းကြီးတို့ဖြစ်ကြောင်းကိုသိရှိရပါသည်။
ဖော်ပြပါ ဆေးရေးပန်ချီ၊ ကျောက်စာတို့ကို တွေ့ရှိရသဖြင့် ရှေးပုဂံခေတ်ကပင် ရှင်ဥပဂုတ္တကို ယုံကြည်ကိုးကွယ်
ကြကြောင်းကို သိရှိနိုင်ပေသည်။ သက္ကရာဇ် ၁၁၅၄-ခုနှစ်တွင် ပုဂံ၌ ရှင်အဂ္ဂ၀ံသ ရေးသားပြုစုခဲ့သော သဒ္ဒနီတိ ပါဠိသဒ္ဒါကျမ်းတွင်လည်း ရှင်ဥပဂုတ္တက မာရ်နတ်မင်းကို ( ခါးပန်းကြိုးဖြင့်) ချည်နှောင်ကာ ဆုံးမတော်မူသည်။ ( ဥပဂုတ္တော မာရဗန္ဓော ) ( Upagutto Mara bandho ) ဟု ရေးသားထားသည်ကို တွေ့ရှိနိုင်ပါသည်။
ထို့ပြင် မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး ပြုစုသော သမန္တစက္ခုဒီပနီကျမ်း၌ အရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိ ၀တ္ထုထုံးစံများကို ခိုင်ခိုင်ခံ့ခံ့ ဒဠှီကမ္မ ဉာပကပြု၍ မှတ်းသားလောက်အောင် ကျမ်းဂန်ကို မတွေ့ဖူးသော်လည်း ရာဇ၀ံသကျမ်း၌ သီရိဓမ္မာသောကမင်းကြီးသည် စေတီရှစ်သောင်းလေးထောင်တို့ကို အနုမောဒနာ
ပြုသောကာလ မာရ်နတ်ကို အရှင်ဥပဂုတ္တက ဆုံးမကြောင်း၊ သဒ္ဒါကစ္စည်းကျမ်း သဒ္ဒနီတိကျမ်းတွင် ဥပဂုတ္တေန မာရဗန္ဓော-ဟု ဥဒါဟရုဏ် သာဓက ထုတ်ဖော်ကြောင်း၊
မိလိန္ဒပဥှာတွင် ယထာ မောဂ္ဂလိပုတ္တတိဿတ္ထေရာ ဥပဂုတ္တတ္ထေရာဒယော နိဒ္ဒိဿတိ၊ ဧ၀ံ ဧတေပိ နိဒ္ဒိသတိ မယံ ပရိနိဗ္ဗုတေ ပဉ္စသတ၀ဿသတေ ကာလေ ဧတေ ဥပဇ္ဇိဿန္တိ စသည်ဖြင့် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်၊ အရှင်ဥပဂုတ္တထေရ် စသည်တို့သည် တရားညွှန်ပြသကဲ့သို့ ထို့အတူ ပရိနိဗ္ဗာန်စံပြီးနောက် အနှစ်ငါးရာတိုင်သော် ဖြစ်ကုန်လတံ့၊ တရားညွှန်ပြကုန်လတံ့-ဟု ဗျာဒိတ်ထားတော်မူကြောင်းများကိုသာ တွေ့ဖူးသည်-ဟူ၍ ဖော်ပြထားပါသည်။
ကျမ်းကိုးစာရင်း
၁။ မဇ္ဈိမပဏ္ဏာသ ပါဠိတော်
၂။ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ ဋီကာ
၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄
၎။ ရှင်ဥပဂုတ္တရဟန္တာ ပူဇော်နည်းနှင့် ဥပဂုတ္တထေရအပဒါန်၊
၅။ သမန္တစက္ခုဒီပနီကျမ်း။ ( မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး)
၆။ သဒ္ဒနီတိပါဠိသဒ္ဒါ။
Thursday, March 25, 2010
၂၄ ပစ္စည်း အဓိပ္ပါယ်အကျဉ်းချုပ်
ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
( ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ် )
အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
( တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြု၊ အာရမ္မဏခေါ် )
အဓိပတိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
( စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ် )
အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)
အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)
နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)
ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)
ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)
ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)
အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)
ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)
ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)
အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)
ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)
ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)
မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)
သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)
ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)
အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)
နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)
ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)
အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)
ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
Tuesday, March 23, 2010
ယုံကြည်ချက် ရှိဖို့လိုတယ် ( ဒု )
သက်သတ်လွတ်စား၊ အဓိဋ္ဌာန်ဝင်၊ ပုတီးစိပ်၊ တရားထိုင်လုပ်ကြလို့ အူကြောင်ကြောင် ဖြစ်သွားကြသူတွေ ဆိုတာ အဲဒီလို မျှော်လင့်ချက်နဲ့ လုပ်သူ တွေပေါ့။
ယုံကြည်ချက် ခံယူချက်နဲ့သာ လုပ်မယ်ဆိုရင် တို့ဘုရားအလောင်းဟာ ဒီပင်္ကရာမြတ်စွာဘုရားရဲ့ စကားတော်ကို အခိုင်အမာ ယုံကြည်ခံယူပြီး ကတည်း က ဘုရား ဖြစ်ဖို့ ကြိုးစားခဲ့တာ လေးအသင်္ချေ ကမ္ဘာတစ်သိန်းကြာလို့ နောက်ဆုံး ဘုရားဖြစ်မယ့် ဘ၀မှာ အရိုးပေါ် အရေသာ ကျန်တဲ့အထိ ခြောက်နှစ်ကြီးများ တောင် အပြင်းအထိန်ကြိုးစားစား အားထုတ်ခဲ့ပေမယ့် ရူးဖို့နေနေသာသာ ကြောက်ရွံ့တဲ့စိတ် နောက်တွန့်တဲ့စိတ်ကလေးတောင် တစ်ချက်မှ မဖြစ်ခဲ့ ပါဘူး တဲ့၊ အဲဒါ စဉ်းစားကြည့်ပေါ့ကွာ။
ပြီးတော့ ခုနမင်းပြောတဲ့ စကားထဲမှာ “မခံချင်စိတ်တွေဖြစ်လို့ တနေ့လုံး ဘယ်သူနဲံမှ အတွေ့မခံဘဲ အိပ်ရာထဲမှာ ငိုနေရတယ်”လို့ ပြောတယ်နော်၊ အဲဒါ လည်း သေသေ ချာချာ စဉ်းစားဖို့လိုတဲ့ ကိစ္စပဲကွ၊ လူတော်တော်များများဟာ “ရှက်နေတာနဲ့ ရှက်တတ်တာ၊ နာနေတာနဲ့ နာတတ်တာ၊ မခံနိုင်စိတ်နဲ့ မခံ ချင်စိတ်” ဆိုတာတွေကို ကွဲကွဲပြားပြား သဘောမပေါက်ကြဘူးနဲ့တူတယ်၊ မင်းလည်း အခုဖြစ်တာ ဘာစိတ်လဲ ဆိုတာ ကိုယ့်ဟာကိုယ် သဘောပေါက်ပုံ မရဘူး၊ မှတ်ထား.. အခုမင်းမှာ ဖြစ်နေတဲ့စိတ်တွေဟာ မခံချင်စိတ်တွေ မဟုတ်ဘူး မခံနိုင်စိတ်တွေ ဖြစ်နေတာ… ကြားလား၊
အေး… ဒါဆိုရင် မခံနိုင် စိတ်နဲ့ မခံချင်စိတ်ကို မင်း ကွဲကွဲပြားပြား သဘောပေါက်သွားအောင် အခု ငါဖတ်လက်စဖြစ်တဲံ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး (၃)တိုက်တို့ရဲ့ အဓိပတိ နာယကဆရာတော်“ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ” ရဲ့ စိန်ရတု အထိမ်းအမှတ် သြ၀ါဒ တရားတော်များထဲက လူငယ်နှစ်ယောက်အကြောင်းကို ပြောပြမယ်၊ သေသေ ချာချာ နားထောင်နော်။
လူငယ်နှစ်ယောက်မှာ တစ်ယောက်က မောင်ဌေးလွင်တဲ့၊ သူက လူဝတ်နဲ့ ( ဦးသူတော် ဘ၀တုန်းက) ပထမငယ်တန်း ၀င်ဖြေတာ စာမေးပွဲ ကျလို့ တစ်ရက် နှစ်ရက် ဆက်ပြီး ငိုနေခဲ့တယ်တဲ့။
နောက်တစ်ယောက်က မောင်ခင်တဲ့၊
သူကတော့ သာသနာ့ဘောင်ဝင်ပြီး လို့ ရဟန်းဖြစ်စ ရောက်တဲ့အခါ အငယ်တန်၊ အလတ်တန်း၊ အကြီးတန်းတွေ ပထမကျော် အထိ အောင်ပြီးပြီ၊ သူလည်း မြန်မာပြည် ပရိယတ္တိစာမေးပွဲ လောကမှာ အခက်ဆုံးလို့ နာမည်ကြီးတဲ့ မန္တလေးမြို့က သကျသီဟ စာမေးပွဲမှာ စာသင်တန်းဝင်ဖြေတော့ ပထမဆုံးနှစ်မှာ ကျတယ်၊ ကျတော့ သူက သကျသီဟ အသင်းလူကြီးတွေဆီသွားတဲ့ပြီး
“ဦးဇင်းး..ဒကာကြီးတို့ အသင်းက ကျင်းပတဲ့ စာသင်တန်းဝင်ဖြေတာ ကျတယ်၊ ဒီနှစ်ကျချင် ကျပါစေ၊ နောက်နှစ်မှာ တော့ ဒကာကြီးတို့ရဲ့ စာမေးပွဲ စာသင်တန်းမှာ ဦးဇင်း ပထမ ရလိမ့်မယ်”ဆိုပြီး ကြုံးဝါး ပြောဆိုခဲ့သတဲ့။
အဲဒီလို ကြုံးဝါးခဲ့တဲ့ ဦးဇင်းငယ်က နောက်နှစ်မှာတော့ သူကြုံးဝါးတဲ့အတိုင်း တကယ်ပဲ စာသင်တန်းမှာ ပထမစွဲပြီး အောင်တယ်။ အဲဒီနောက်တစ်နှစ်မှာ စာချ တန်းဆိုတာကို ဖြေတော့လည်း သကျသီဟ စာမေးပွဲတလျှောက်မှာ တစ်ခါမျှ မကြုံဘူးသေးတဲ့ ”စာသင်တန်း၊ စာချတန်း ဆက်တိုက်နှစ်ချင်းပေါက် သုံးကျမ်းပြီး အဖြစ်နဲ့အောင်တယ်၊
ဒီဦးဇင်းရဲ့ ထူးခြားတဲ့ အောင်မြင်မှုကြောင့် အသင်းလူကြီး တွေနဲ့ နာယက ဆရာတော်ကြီးတွေက တိုင်ပင်ပြီး ရိုးရိုးစာချဘွဲ မျိုးပေးလို့တော့ မတော်ဘူး၊ ဂုဏ်ထူးနဲ့ ထိုက်တန်တဲ့ ဘွဲ့ထူးတစ်ခု သတ်မှတ်ပြီး ပေးသင့်တယ် ဆိုပြီး “၀ဋံသကာ” ဆိုတဲ့ ဘွဲ့ကို သတ်မှတ်ပေးရတယ်တဲ့။ မြန်မာလိုကတော့ “ဦးဆောက်ပန်း” လို့ ခေါ်တာပေါ့၊ အထွတ်အမြတ် ဆိုတဲ့ အဓိပ္ပါယ်ပဲ။
အဲဒီ ဦးဇင်းငယ်ဆိုတာ နောက်တော့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ မင်းကွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသလို့ ထင်ရှားတဲ့ ကမ္ဘာ့ဂရင်းနစ် စံချိန်ဝင် ဆရာတော်ကြီးဖြစ်လာတာပေါ့။
စောစောကပြောတဲ့ မောင်ဌေးလွင်ဆိုတာလည်း နောက်တော့ ဆရာ သမားများက ဖျောင်းဖျသွန်သင်
တဲ့အတိုင်း မခံနိုင်စိတ်တွေ ပယ်ဖျောက် ပစ် လိုက် နိုင်ပါတယ်၊
သာသနာတော်ဝင်ရောက်ပြီးတဲ့အခါမှာတော့ အဲဒီ ဦးဇင်း ငယ်လည်း သကျသီဟ စာမေးပွဲကြီးမှာ စာသင်တန်း စာချတန်းတွေ အောင်မြင် သွားရုံမကဘူး၊ ကျန်းဂန်တွေ အများကြီးပြုစုခဲ့လို့ လွတ်လပ်ရေးရပြီးတဲ့အခါမှာ ပထမဆုံး အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ကို သက်တော်-၀ါတော် အငယ်ဆုံးနဲ့ ရခဲ့တဲ့ ဘာသာဋီကာကျန်းပြုအကျော်၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဆိုတာ ဖြစ်လာတာပေါ့၊ ဆရာတော်ဘုရားကြီးက သူကိုယ်တိုင်ရေးသားတဲ့ “တစ်ဘ၀သံသရာ” ကိုယ်ရေးအထ္ထုပ္ပတ္တိ စာအုပ်မှာ အဲဒီအကြောင်းတွေကို ထည့်ရေးထားပါသတဲ့၊ ဒီလောက်ဆိုရင် မခံနိုင်စိတ်နဲ့ မခံချင်စိတ်တို့ရဲ့ ခြားနားချက်တွေကို မင်း ခန့်မှန်းမိလောက်မယ် ထင်ပါတယ်။
မခံနိုင်စိတ်ရှိသူက မခံနိုင်ဘူးဆိုပြီး ၀မ်းနည်းပူဆွေး ငိုကြွေးတဲ့အတွက် အချိန်ပြုန်း လူနုံးနဲံ ကျက်သရေတုံး နေမယ်၊ ဘာမှကောင်းကျိုး မပြီးဘူး၊ “နေမင်းကြီး ၀င်သွားလို့ သင်ထိုင်ငိုနေလျှင် လမင်းကြီးနဲ့လဲ သင်လွဲအုံးမှာပါ”ပဲ ဆိုတဲ့ စာဆိုကြီးတဂိုးရဲ့ ကဗျာလေးလိုပေါ့၊ မခံချင်စိတ်ရှိသူက နောက်တစ်ခါ ဒီလိုမျိုး မခံစားရအောင်ဆိုပြီး စိတ်ဓာတ်ခွန်အားကို မြှင့်တင်ကြိုးစားတယ်၊ အဲဒီတော့ သူ့မှာ ကောင်းကျိုး ချမ်းသာတွေ ကျက်သရေမင်္ဂလာတွေ တိုး သည်ထက် တိုးလာတာပေါ့။
မင်းကိုယ်မင်းပြန်မေးကြည့်ပေါ့ကွာ“ကျက်သရေတုံးနေချင်တာလား၊ကျက်သရေတိုးနေချင်တာလား”ဆိုတော့ အဲဒီကလေးက “ကျက်သရေ တိုးနေချင်တာပါ”တဲ့ ၊ အေး.. ဒီလိုဆိုရင် မခံနိုင်စိတ်တွေကို ဖယ်ရှားပစ်
လိုက်ပြီး မခံချင်စိတ်ကို မွေးပါ လို့ ပြောလိုက်ပါတယ်။
မှန်ပါ…. အဲဒီလို ဖြစ်အောင် ကြိုးစားပါမယ်၊ ကတိပြုပါတယ်ဘုရား လို့ ပြန်ပြောပါတယ်၊ အေး… ရည်မှန်းချက်တို့ ကတိစကားတို့ဆိုတာ လုပ်ဆောင် ချက်နဲ့ သက်သေပြမှ ယုံကြည်အားကိုး လေးစားထိုက်သူ ဖြစ်မယ်နော်”ဆိုတော့ သူက နည်းနည်းရယ်သံပါပြီး မှန်ပါ.. စိတ်ချပါ ဘုရားလို့ ကတိထပ်ပေးပါတယ်။
ပြီးတော့ နည်းနည်းထပ်ပြောဦးမယ်၊ မင်းရဲ့ ရည်မှန်းချက်တွေထဲမှာ စာမေး ပွဲ အောင်ဖို့ ၊ အလုပ်အကိုင်တွေ ရပြီး စည်းစိမ်ဥစ္စာတွေနဲ့ ပျှော်မွေ့နေဖို့လောင် တင် ရပ်မနေနဲ့ဦး၊ လူဖြစ်ကျိုးနပ်တဲ့ ကျက်သရေဆိုတာ အလုပ်အကိုင်တွေ ရာထူးတွေ စည်းစိမ်တွေကို ဆိုလိုတာမဟုတ်ဘူး၊ တကယ့် ကျက်သရေအစစ် ဆိုတာ ယုံကြည်ထိုက်သူ၊ အားကိုးထိုက်သူ၊ လေးစားထိုက်သူဖြစ်အောင် လောကအကျိုး ဓမ္မအကျိုးတွေကိုလဲ စွမ်းနိုင်သမျှ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဆောင်ရွက်တဲ့ ဂုဏ်သိက္ခာကို ခေါ်တာ၊ မင်းလည်း ဘာပဲ လုပ်လုပ် ရာထူးတိုးဖို့ စီးပွားဖြစ်ဖို့ဆိုတဲ့ စိတ်ဓာတ်ကို အဓိကမထားဘဲ ဂုဏ်သိက္ခာရှိဖို့ ကျက်သရေရှိဖို့ ဆိုတာကို အဓိကထားရမယ်နော်”လို့ ပြောလိုက်တော့ လုံးဝ စိတ်ချပါဘုရား လို့ တော့ ပြောတာပဲ။ လုံးဝ တင် ရပ်မနေဘဲ စိတ်ချရသူများ ဖြစ်ကြပါစေလို့သာ ဆုတောင်းလိုက်ပါတော့တယ်။
ယုံကြည် လေးစား အားကိုး ထိုက်တဲ့ ကျက်သရေရှင်များ ဖြစ်ကြပါစေ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
ယုံကြည်ချက် ရှိဖို့လိုတယ် ( ပ )
 စင်္ကာပူကိုသွားပြီး ပညာသင်နေတဲ့ တပည့်တစ်ယောက်က အင်တာနက်ကနေ လျှောက်ထားချင်လို့ပါ ဆိုတာနဲ့ သွားပြီး နားထောင်လိုက်ပါတယ်။သူ့နားမှာ အကုသိုလ်တွေများနေလို့တဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ စာမေးပွဲဖြေခါနီးရက်တွေမှာ သက်သက်လွတ်လည်း စားတယ်၊ ပုတီးလည်း စိတ်တယ်၊ ဒါနဲ့တောင် စာမေးပွဲ ဖြေတဲ့အခါ သူနဲ့အတူ ဖြေသူတွေက ဂုဏ်ထူးတွေ နဲ့အောင်ကြပြီး သူ့မှာတော့ တစ်ဘာသာတောင် ထပ်ပြီး ဖြေရဦးမှာတဲ့။
        ဒါကြောင့် ဂေဇက်ကြည့်ပြီးတဲ့အခါ သက်သက်လွတ်တွေ၊ ပုတီးတွေကလည်း ဘာမှ မစွမ်းဘူးဆိုပြီး ပြစ်မှားမိတယ်၊ သူများတွေ ဂုဏ်ထူးရလျှက်နဲ့  ကိုယ်က တစ်ဘာသာ ကျတာကိုလည်း အရမ်းဝမ်းနည်းပြီး မခံချင်စိတ်တွေလည်း ဖြစ်တယ်တဲ့။အဲဒါကြောင့် သူ့မှာ အကုသိုလ်တွေ များနေပြီး ဆောက်တည်ရာ မရသလို ဖြစ်နေတယ် ဆိုတဲ့အကြောင်း ငိုချင်ရှည်ကြီးနဲ့ ရောပြီး လျှောက်ထားနေပါတော့တယ်။
မိမိက “ဒီမှာ - အခုမင်းငိုတာတွေကို ခဏရပ်ထားလိုက်ဦး ၊ ဒီကပြောမှာ ကို သေသေချာချာနားထောင်ဦး၊ 
ပြီးတော့ မေးတာကိုလဲ ဖြေးဖြေး စဉ်းစားပြီးမှ ဖြေနော်၊ မင်းပြောသွားတဲ့ အထဲမှာ စာမေးပွဲနီးကတည်းက သက်သက်လွတ်လည်း စားတယ်၊ ပုတီးလည်းစိပ်တယ်လို့ပဲ ပြောတယ်၊ စာကို အေးအေး ဆေးဆေး ကြည့်တယ်လို့ မပါဘူးနော်။
        အေး…စားမေးပွဲက သက်သက်လွတ်နဲ့  ပုတီးအကြောင်းမေးတဲ့ စာမေးပွဲ ဟုတ်ပုံမရဘူးကွ၊ သူပြဋ္ဌာန်းထားတဲ့ ဘာသာရပ်တွေကိုပဲ မေးတဲ့ စာမေးပွဲမျိုး ဖြစ်မယ်၊ ဟုတ်တယ်မို့လား၊ မင်းက ပြဋ္ဌာန်းတဲ့ ဘာသာရပ်ကိုတော့ မကြိုးစားဘဲ မပြဋ္ဌာန်းတာ သွားကြိုးစားနေရင်တော့ ဘယ်ဖြေနိုင်မလဲ၊ ဒါဟာ  ဘယ်သူအပြစ် လဲ ဆိုတာကို မင်း စဉ်းစားကြည့်ရင် သိမှာပါ။
        မဖြေနိုင်တဲ့အခါကျတော့ သက်သက်လွတ်နဲ့ ပုတီးကိုလည်း ပြစ်မှားတယ်၊ ဟုတ်လား….၊
ငါ…ပြောမယ်နော် စဉ်းစားပြီးနားထောင်ဦး၊ သက်သတ်လွတ်တို့ ပုတီးတို့.. အေး.. မင်းတို့ပြောသလို ပုတီးပဲထားလိုက်ပါတော့ကွာ၊ အမှန်ကတော့ ဘုရားဂုဏ်ကို  အာရုံပြုတာပါ၊ အဲဒီမှာ မင်းတို့ ခံယူပုံက အခြေခံကစပြီး လွဲနေ ကြတာ၊ သက်သတ်လွတ် ဆိုတာ သတ္တ၀ါတွေအပေါ် ကြင်နာသနားတဲ့ စိတ်နဲ့ “ စားသူနည်းရင် သေတာနည်းပါစေ”ဆိုပြီး သူတို့အကျိုးကို ရှေးရှု ရှောင်ကြဉ်တာ ဆိုရင်တော့ ဘာမှ အထူးပြောစရာ မလိုပါဘူး၊ ကိုယ်ကျိုးဖြစ်၊ စီးပွားဖြစ် ရှောင် တယ်ဆိုရင်တော့ မင်းစေတနာကိုက မှန်မှမမှန်ဘဲဟာ၊ ဘာအကျိုးထူးမှာလဲ ကွာ။
ပြီးတော့ ဘုရားဂုဏ်တော်တွေကို အာရုံပြုပြီး ပုတီးစိတ်တယ်တဲ့နော် ၊ အေး..မင်းတို့ ဘုရားကို တကယ် ကြည်ညိုတယ်ဆိုရင် လေးလေးနက်နက် သိထားရမှာက မြတ်စွာဘုရားဆိုတာ လေးစားကြည်ညိုဖို့၊ ဒုက္ခလွတ်မြောက် ရေးအတွက် အားကိုးဖို့သာ ဖြစ်တယ်၊ မန်းမှုတ် ကယ်တင် ခိုင်းဖို့မဟုတ်ဘူး၊ အဲဒါ မြဲမြဲ မှတ်ထားရမယ်။
        ကြည်ညိုတယ်ဆိုတာကတော့ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေကို အောက် မေ့ပြီး ရိုသေလေးစားမှု ပြုတာပဲ၊ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေနဲ့ ပတ်သက်ပြီး  ကိုယ်ဉာဏ်မီသလောက် နှလုံးသွင်း အာရုံပြု ကြည်ညိုရတာပေါ့။
        ဒုက္ခလွတ်မြောက်ရေးအတွက် အားကိုးဖို့ဆိုတာ ကိုယ်ကြုံတွေ့ရတဲ့  ဒုက္ခ တွေက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဘုရားရှင်ပေးတဲ့ နည်းလမ်း တွေကို သင်ယူလေ့လာပြီး လိုက်နာကျင့်သုံးဖို့ ပြောတာနော်၊ ဒုက္ခတွေက လွတ် မြောက်အောင် ကယ်တင်ခိုင်းဖို့ မဟုတ်ဘူး။
တို့ရဲ့ ဂေါတမမြတ်စွာဘုရား ဆိုတာ ကယ်တင်ရှင် ဘုရားမဟုတ်ဘူး၊ လမ်းညွှန် နည်းပြ ဘုရားသာဖြစ်တယ်၊ ဘုရားဂုဏ်တော်တွေထဲမှာ “သတ္ထာဒေ၀ မနုဿာနံ = နတ်လူတို့ရဲ့ လမ်းညွှန်နည်းပြ သြ၀ါဒပေးဆရာ ဖြစ်တော်မူပါပေ၏” ဆိုတာ ပါသားပဲ။
       မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ကလဲ ဓမ္မပဒ (၂၇၆)မှာ…
“သင်တို့က ကိုယ့်တာဝန်ကို ကျေပွန်အောင် ကြိုးစားအားထုတ်ရမယ်၊ မြတ်စွာ ဘုရားတို့ဆိုတာ လမ်းညွှန်
ပုဂ္ဂိုလ်များသာ ဖြစ်တယ်၊ လိုက်နာကျင့်သုံးသူသာ ဒုက္ခက လွတ်မြောက်မယ်”လို့ ဟောထားပါတယ်။
မင်းဖြစ်ပုံကို ဆရာတစ်ယောက်အနေနဲ့ အကြိုက်ကိုမငဲ့ဘဲ အကျိုးကိုငဲ့ပြီး ပြောရမယ်ဆိုရ်ငတော့ ဘုရားရှင်ကို ရိုသေလေးစားပြီး အားကိုးတဲ့သဘောမျိုး မဟုတ်ဘူး၊ ကိုယ်က အပင်ပန်း မခံချင်တဲ့အတွက် ဘုရားရှင်ကို ကိုယ်လိုချင်တာ တွေရအောင် အလုပ်ခိုင်းတဲ့ သဘောမျိုး ဖြစ်နေတယ်။
ဒါကလဲ တို့ဗုဒ္ဓဘာသာဝင်တွေ အတော်များများ မှားလေ့ရှိတဲ့ အမှားကြီး ပါပဲ၊ အန္တရာယ်ကင်းအောင်၊ ရာထူးဂုဏ်သိမ် တိုးတက်အောင်၊ စီးပွားဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိဋ္ဌာန်ဝင်တယ်၊ ပွဲထိုးတယ်၊ ပုတီးစိပ်တယ်ဆိုတာ သေချာ စဉ်းစားကြည့်လေ၊ ကိုယ်လိုချင်တာ တွေကို ကိုယ်စွမ်းကိုယ်စနဲ့ မကြိုး စားချင်တဲ့ ဖြတ်လမ်းက အချောင်ရချင်လို့ ဘုရားရှင်ကို မရိုမသေ အလုပ်ခိုင်းနေ တဲ့ သဘောပဲ မဟုတ်ဘူးလား။
ခိုင်းတာမှ ရိုးရိုးခိုင်းတာတောင် မဟုတ်ဘူး၊ ဖြတ်လမ်းကနေ ပေါချောင် ကောင်းနဲ့ ရအောင် အမြန်ကို ရှာခိုင်းနေတာပဲ၊ ငါပြောတာ ကြမ်းလွန်းတယ် ထင်ရင် မင်းလုပ်ခဲ့တဲ့ သက်သတ်လွတ်စားတာနဲ့ ပုတီးစိပ်တယ် ဆိုတဲ့ အခါမှာ မင်းထားတဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို ပြန်ပြီး သုံးသပ်ကြည့်ပေါ့နော်။
        အေး… မင်းက “ ဘုရားဂုဏ်တော် အာရုံပြုတာ ရိုးရိုးသားသား ကြည်ညို လို့ပါ”ဆိုရင်လဲ စာမေးပွဲကျတဲ့အခါ ဘာဖြစ်လို့ ပြစ်မှားစရာလိုမလဲပေါ့။
        မင်း.. နောက်ဆို မြဲမြဲ မှတ်ထားနော်၊ ရတနာ သုံးပါးနဲ့ ပတ်သက်ရင် ယုံကြည်ချက် ခံယူချက်နဲ့သာလုပ်ပါ၊ မျှော်လင့်ချက်နဲ့ လုံးဝမလုပ်မိစေနဲ့၊ မျှော်လင့်ချက်နဲ့ လုပ်မိရင် မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ပြစ်မှားမိ တတ်တယ်၊ မင်းမှာ အခုကြုံရတာဟာ အဲဒီ ပြဿနာပဲ။
ရှူး တိုးတိုး
အပ္ပသဒ္ဒါ ဘောန္တော ဟောန္တု
လူ အတော်များများက ရှူးတိုးတိုး ဆိုမှ စကားက ပြောချင်စိတ်တွေ တဖွားဖွား ပေါ်တတ်တယ်။
မလုပ်ရဘူး ဆိုတဲ့ အလုပ်ကို ပိုလုပ်ချင်တတ်တယ်။ ဒါကို သဘာဝ တစ်ခု လို့  လက်ခံ ထားကြ ရော့ လေ သလား။ ကာတွန်း ပုံတစ်ပုံ မှတ်မှတ်ရရ သတိထားမိတယ်။ အမှိုက်မပစ်ရ ဆိုင်းဘုတ်အောက် မှာ အမှိုက်ပုံ ရေးဆွဲထားတယ်။ ကဲ ...ကြည့်တော့။ လုပ်ပုံများ။
အရေးကြီးတာ တိုးတိုး ပြောတတ် ဆိုတတ်ဖို့ က လိုပါတယ်။ အရေးကြီးတယ်။ ကျယ်ကျယ် လောင်လောင် ပြောတတ် ဆိုတတ်သူကို ရွာမှာ ပြောရိုးဆိုရိုး က ငါးစိမ်းသည်မ ကြနေတာပဲတဲ့။
လူအများရဲ့  အပြစ်တင်သံ တွေပေါ့။
ဒီစကားကလည်း ဘုရားရှင်က ဆူဆူညံညံ လုပ်တဲ့ သူတွေကို တိတ်တိတ်ဆိတ်ဆိတ်နေဖို့ ။ ငါးရောင်းသူတို့  လုယက် ရောင်းသလိုပဲ အာနန္ဒာ သွားပြောချေ လို့  ဆိုတဲ့ စကားနဲ့ ကိုက်ညီ နေတယ်။ ဘုရားရှင်ရဲ့  တိတ်တိတ်ဆိတ်ဆိတ် နေတဲ့ အပြုအမူကို အခြား ဂိုဏ်းဂဏ ဆရာကြီး တွေကလည်း လက်ခံတယ်။ နားလည်ပေးတယ်။
သုတ္တန်ထဲက သီလက္ခန္ဓ၀ဂ် ပေါဌပါဒသုတ်မှာ ဘုရားရှင် ခပ်လှမ်းလှမ်းက ကြွရောက်လာတာ မြင်လို့  ပေါဌပါဒ ပရိဗိုဇ်က - ရှုး တိုးတိုး ကိုယ့်လူတို့ ၊ အသံတွေ မကျယ်ကြနဲ့ ။ ရဟန်းဂေါတမ လာ နေ တယ်။ ရဟန်း ဂေါတမ တိုးတိုး တိတ်တိတ် နေတာသဘောကျတာ၊ တိုးတိုးတိတ်တိတ် နေတာကို အထူးတလည် ချီးမွမ်းပြောဆိုတာ။ တိတ်ဆိတ်တဲ့ ပရိသတ်ကိုပဲ တတ်သိနားလည်စွာ သွားရောက် သင့်တယ် လို့  မှတ်ယူထားတာ။ ဆရာကြီး ဖြစ်သူက တပည့်တွေကို အဲသလိုမျိုး ဆုံးမပါတယ်။ သုတ်ပါထေယျ၊ ဥဒုမ္ဗရ သုတ်မှာလည်း ဒီအတိုင်းပါဘဲ။
သူတို့ က ဘုရားရှင်ကိုသာ အဲလို သဘောပေါက် နားလည် ထားတာ မဟုတ်သေး။ ဘုရားရှင် ရဲ့  သားတပည့်တွေ ကိုလည်း အဲသလိုမျိုးပဲ သဘောပေါက်ထား ကြတယ်။ မဇ္ဈိမနိကာယ် သန္ဒသုတ်မှာ ဆရာကြီး သန္ဒက ပရဗိုဇ်က သူ့ ရဲ့  တပည့်တွေကို ရဟန်း အာနန္ဒာ လာနေတယ်။ မြတ်စွာဘုရားရှင် ကောသမ္ဗီမှာ နေသလောက် သူလည်း ကောသမ္ဗီနေမည့် ရဟန်း တစ်ပါးပဲ။ တိုးတိုးသက်သာ ပြော ကြ ဆိုကြ၊ တိုးတိုးသက်သာ ပြောတာဆိုတာ သဘောကျတဲ့ ရဟန်းတွေ စသဖြင့် ပြောဆို ဆုံးမထား တယ်။ သာဝက တွေအပေါ်မှာလည်း လေးစားမှု အထင်ကြီးမှု ရှိကြတာကို တွေ့ ရတယ်။
အသံ ကြောင့် ဖားသေ တဲ့။ မြတ်စွာဘုရား တရားတော် အလိုရ အသံ ကြောင့် ပထမဈာန်သေ ကြောင်း ပြထားပါတယ်။ ပဌမဿ ဈာနဿ သဒ္ဒေါ ကဏ္ဋော။ ကဏ္ဋက သုတ်၊ ဒသကနိပါတ၊ အင်္ဂုတ္တရနိကာယ။ ပါဠိ အလိုအရကတော့ အသံသည် ပဌမဈာန်ရဲ့  ဆူးခလုတ်ဘဲ တဲ့။ လျော်အောင် နားလည် ကြည့်တာက တော့ အသံညံရင် ဈာန်မရဘူး ပေါ့၊ ဈာန်သေ တာပဲ။
သုတ္တနိပါတ၊ သေလသုတ်မှာ ကြည့်ပြန်တော့လည်း သေလ ပုဏ္ဏားက သူရဲ့ လုလင်ငယ် သုံးရာနဲ့  အတူ ဘုရားရှင်ထံ သွားတဲ့ အခိုက်မှာ မသွားခင် ထရိန်နင် ပေးထားတယ်။ သွားတဲ့ လာတဲ့ အခါ ခြေနင်း မကြမ်းဖို့ ။ နောက်က အသံဗလံ မထွက်အောင် လိုက်လာခဲ့ကြတဲ့။
( မြန်မာ မှာလည်း ရှိပါတယ်၊ ခြေနင်း မကြမ်းနဲ့ ၊ ခြေနင်းကြမ်းရင် ကြမ်းပေါက် ကျွံကျမယ်။ အဲ...အဲ.. ဆင်းရဲတတ်တယ် ဆိုတာပါလေ။ )
ဆက်ပြီး တပည့်တွေကို ပြောတာက ဘုရားရှင် ခြေလှမ်း ချတိုင်းဟာ ခြင်္သေ့ တစ်ကောင်တည်း လှည့်လည်သလိုတဲ့၊ ခြေလှမ်းတိုင်း သုသံဝုတ-စောင့်စည်းမှုရှိတယ်။ ခြေသံလုံတယ် ခြေသံ မကြား ရဘူး လို့  ဆိုလိုဟန် ချီးမွမ်းတာ ရှိမှာပေါ့လေ။ အပါဒါန ပါဠိ ဗုဒ္ဓ၀ဂ်မှာတော့ ဂါထာနဲ့  ပြထားတယ်။
နေရာတကာ ဘုရားရှင် တိတ်ဆိတ်တာကို လိုးလာတော်မူတာပါ။ ကျောင်းတိုက်တွေကို တောင် အသံဆိတ်တဲ့ နေရာ ရွေးတာကို အချက်လက် တစ်ခု အနေနဲ့  ထည့်ထားတယ်။ ၀ိနယ ၊မဟာ ၀ဂ္ဂ ပါဠိ၊ ဗိမ္ဗိသာရကထာမှာ ဝေဠုဝန် ဥယျာဉ် ဂါဒင်းကို မင်းတြားကြီး ကိုယ်တော်တိုင် အသံတိတ် ဆိတ်တဲ့ အကြောင်းတစ်ရပ်မှာပါဝင်လို့  ဘုရားအမှူးရှိတဲ့ သံဃာတော်ကို ရေစက်သွန်းချပြီး ဝေဠုဝန် ကျောင်းတော် အဖြစ် လှူလိုက်ပါသကော။
မြတ်ရောင်နီ
(၂၀၊၀၃၊၂၀၁၀)
Saturday, March 20, 2010
THE VISITOR
THE VISITOR
Alone, I came to this world
without company.
Empty handed, nothing to show
just a breathing body.
Alone, I will leave this world
without company.
Empty handed, nothing owned
but a lifeless body.
From the cradle to the coffin
all along the way,
attachments thickly spun and
acts, endlessly played.
Here a smile and there a tear
wrapped in sensation.
Melt in love or boiled with fury
dancing to temptation.
Now it is dark and fate beckons
to bid all "adieu".
So let us part and in haste
onwards continue.
(Translated from a Myanmar general epitaphic verse printed on fans distributed to those attending a funeral).
(From Poems On Death)
မူရင်း မြန်မာ ဓမ္မသံဝေဂ ကဗျာ
လာတုံးကလဲ၊ တစ်ယောက်ထဲနော်၊
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။
ပြန်သွားတော့လဲ၊ တစ်ယောက်ထဲနော်၊
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး၊
ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။
လာပြီးတော့နား၊ မသွားသေးခင်၊
ချိန်လေးတွင်မှ၊ ၀န်းကျင်းယှက်နွယ်၊
နှောင်ကြိုးသွယ်ကြ၊ ပြုံးရယ်မဲ့ငို၊ ချစ်မုန်းပိုကြ။
မလိုဒေါသ၊ လိုလောဘနှင့်၊
ဘ၀ရိပ်မြုံ၊ ကကြိုးစုံခဲ့၊
ကံကုန်မိုးချုပ်၊ လက်တွဲဖြုတ်ကာ၊
သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်၊
တို့ လျင် ဧည့်သည်ပါတကား။
Friday, March 19, 2010
ကျွန်းမြတ်သီဟိုဠ်နှင့် ကလျာဏီ
မြတ်စွာဘုရားရှင် ဒုတိယအကြိမ် ကြွရောက်တော်မူခဲ့ရာ နာဂဒီပ ကျွန်းသို့ စာရေးသူတို့အဖွဲ့ လေ့လာရေး ဘုရားဖူးခရီး သွားရောက်ပြီးနောက် နောက်ထပ် သွားဖြစ်တာက တတိယအကြိမ်ကြွေ၇ာက် ချီးမြောက်တော်မူခဲ့ရာ ကလျာဏီစေတီ
တည်မည့်အရပ် ဖြစ်တဲ့ ယခုအခေါ် ကလျာဏီသိမ်တော်နေရာအနီးတ၀ိုက်ပါပဲ၊ မဟာဝံသ ကျမ်း မှတ်တမ်းများကတော့ ဒီလို ဆိုပါတယ်၊
မြတ်စွာ ဘုရားရှင်သည် ( ၈ ) ၀ါမြောက်၌ သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းဝယ် သီတင်းသုံးတော်မူစဉ် မဏိအက္ခိက
နဂါးမင်း၏ ပင့်လျောက်ချက်အရ ကဆုန်လပြည့်နေ့တွင် ရဟန်းငါးရာ ခြံရံလျက် သီဟိုဠ်ကျွန်းသို့ ကြွတော်မူသည်၊
နဂါးမင်းသည် ကလျာဏီအရပ်၌ ဆောက်လုပ်ထားသော ရတနာမဏ္ဍပ်အတွင်းဝယ် ရတနာပလ္လင်တော်၌ ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား ဆွမ်းလုပ်ကြွေး လှူဒါန်းလေသည်၊ မြတ်စွာဘုရားသည် နဂါးတို့အား တရားရေအေး တိုက်ကျွေးတော်မူပြီး ကလျာဏီမြစ်အတွင်းဝယ် ရေချိုးသပ္ပါယ်တော်မူသည်။
ထိုကလျာဏီမြစ်သည် ယခု အချိန်အထိ ရှိသေး၏၊ သို့ပါသော်လည်း မြတ်စွာဘုရား ဘယ်နေရာမှာများ ရေချိုးတော်မူခဲ့ပါလိမ့် ဆိုပြီး သေချာစွာ ရှာကြည့်မိသေး၏၊ ဒါပေမယ့် ခေတ်ကာလတွေပြောင်းလဲ လာသည့်အလျောက် အရာရာ ပြောင်းလဲခဲ့ပြီ ဆိုသော အသိကြောင့် မောပမ်း လက်လျော့ခဲ့ရသည်။
ရေသပ္ပါယ်ပြီးသောအခါ ကောင်းကင်ခရီးဖြင့် သုမနကူဋတောင်တော်သို့ ကြွတော်မူသည်၊ ထိုတောင်နေ သုမနနတ်မင်း၏ ပင့်လျောက်ချက်အရ တောင်ထိပ်၌ ၀ဲဘက်ခြေတော်ရာ ပါဒ စေတီတော်တစ်ဆူ ချထားတော်မူခဲ့သည်၊
ဘုရားရှင်သည် တောင်တော်ခြေရင်းတွင် နောက်ပါ ရဟန်းငါးရာနှင့်တကွ နေ့သန့်နေတော်မူပြီး ယခုအခါ မဟာစေတီ တည်မည့် နေရာတို့၌ နိရောဓသမာပတ် ၀င်စားတော်မူကာ ချီးမြောက်တော်မူခဲ့သည်၊
အချုပ်အားဖြင့် နဂါးမင်းသည် ဘုရားရှင်သီတင်းသုံးတော်မူခဲ့ရာ ရတနာပလ္လင်တော်ကို ဋ္ဌာပနာလျက် စေတီတည်
ပူဇော်ခဲ့သည်၊ ထိုစေတီကား ယခုအခါ ကလျာဏီစေတီ ဟူ၍ သမိုင်းဝင်စေတီတစ်ဆူအဖြစ် ထင်ရှားနေပေသည်၊ ထိုမှတဆင့် မြန်မာနိုင်ငံ ပဲခူးမြို့ရှိ ကလျာဏီသိမ်တော် အားဖြင့် ခေတ်အဆက်ဆက် ဘုရားသာသနာတော် ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် ကြိုးပမ်းခဲ့ကြသည်ကား ၀မ်းသာစရာ ကြည်နူးစရာ ပင်ဖြစ်ပေသည်။
သမိုင်းဆိုင်ရာ အထောက်အထားများ ရှိလေမလား မျှော်လင့်ချက်ဖြင့် တတ်စွမ်းသမျှ ရှာဖွေသော်လည်း ပြတိုက်အတွင်းရှိ သီဟိုဠ်ကျောက်စာ ၂ ချပ် ၃ ချပ်မှ တပါး ဘာမှ ရှာလို့ မတွေ့နိုင်သည်ကား စာရေးသူ၏ အားနည်းချက် ဟုပင် ဆိုရမလား။ ဘာပဲ ဖြစ်ဖြစ် မြတ်ဗုဒ္ဓ ကြွတော်မူခဲ့ရာ သမိုင်းဝင်နေရာကို သွားရောက်လေ့လာနေရသည်ကပင်တန်းဖိုးမဖြတ်နိုင်တဲ့ အသိတွေ ပီတိတွေ ရယူနိုင်ခဲ့သည်က အမြတ်ဟု ဆိုရပေတော့မည်တကား။ ။
စေတီဝင်းအတွင်းက လက်ရာမြောက်ရုပ်တု
ကလျာဏီစေတီ နှင့် သိမ်တော်
ပရိဘောဂစေတီထိုက်တဲ့ ဒီရတနာပလ္လင်ကို ဋ္ဌာပနာပြီးစေတီ တည်ထားတယ် လို့ သိရပါတယ်
သိမ်တော်သမိုင်း ပန်းချီကားများ
စေတီ နှင့် သိမ်တော်ကို အဝေးမှဖူးမြင်ရပုံ
ပြတိုက်အတွင်း ရှေးဟောင်းကျောက်စာများထဲက တစ်ခုပါ
လက်ရာမြောက်ပန်းအလှဖြင့် ခြေတော်ရာကို ပူဇော်ထားပုံ
ကလျာဏီသိမ်တော်အတွင်းက ရှေးဟောင်းနံရံဆေးရေး ပန်းချီကားများ
Wednesday, March 17, 2010
ဗုဒ္ဓ၀င် အကျဉ်းချုပ်ဆောင်ပုဒ်များ
မ, သိ, ကြ, လတ်၊ တွေး, ဆ, အပ်၊ နေ့မြတ် ခုနှစ်ထွေ။
သန်, ဖွား, တော, ပွင့်၊ စက်, စု, သင့်၊ ရှင်ပင့် သာကိဆွေ။
ရှင်းလင်းချက်
၁။ မ - ကြာသပတေးနေ့တွင်
သန် - ပဋိသန္ဓေ နေတော်မူပါသည်။
၂။ သိ - သောကြာနေ့တွင်
ဖွား - ဖွားမြင်တော်မူပါသည်။
၃။ ကြ - တနင်္လာနေ့တွင်
တော - တောထွက်တော်မူပါသည်။
၎။ လတ် - ဗုဒ္ဓဟူးနေ့တွင်
ပွင့် - ဘုရားပွင့်တော်မူပါသည်။
၅။ တွေး - စနေနေ့တွင်
စက် - ဓမ္မစကြာတရား ဟောတော်မူပါသည်။
၆။ ဆ - အင်္ဂါနေ့တွင်
စု - စုတိ ပရိနိဗ္ဗာန် စံတော်မူပါသည်။
၇။ အပ် - တနင်္ဂနွေနေ့တွင်
သင့် - တေဇောဓာတ် (မီးသင့်) လောင်တော်မူပါသည်။
ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး၏
ခုနစ်နေ့ဘုရားရှိခိုး
သန္ဓေယူသောနေ့ ( မ - သန် )
၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စင်္ကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည် … နတ်လူငြိမ်းဖို့ ကိန်းပါကို၊၊
ဖွားမြင်တော်မူသောနေ့ ( သိ - ဖွား )
၂။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗဏီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည် … နတ်လူ အောင်မြို့ လမ်းပါကို၊၊
တောထွက်တော်မူသောနေ့ (ကြ - တော)
၃။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည် … စုံမြိုင်ပင်ရိပ် ခန်းမှာကို။
ဘုရားဖြစ်တော်မူသောနေ့ ( လတ် - ပွင့် )
၎။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိမာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံး ကျော်သည် … သုံးဖေါ်လူတို့ ငြမ်းပါကို၊၊
ဓမ္မစကြာဟောတော်မူသောနေ့ ( တွေး - စက် )
၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည် … တရားနတ်စည် ရွမ်းတယ်ကို၊၊
ပရိနိဗ္ဗာန်စံတော်မူသောနေ့ ( ဆ - စု  )
၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်, လူ, ဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည် … ဝှန်းဆူသောင်းလုံး ကျော်တယ်ကို ၊၊
၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည် … မွေတော်ရှစ်စိတ် ကြွင်းတယ်ကို၊၊
ဆုတောင်း
ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ အထွဋ်ခေါင်ဖျား၊ ကိုယ်တော်ဘုရားကို၊ သုံးပါးမှန်စွာ၊ ဝန္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည် … ကောင်းကျိုးခပ်သိမ်း ကြွယ်စေသောဝ်။
Monday, March 15, 2010
တန်ဖိုးထား တတ်ပါစေ
သမ္ဗုဒ္ဓေ ဂါထာတော် ကို လူတိုင်း ရနေပေမယ့် တန်ဖိုး ထားရကောင်းမှန်း မသိကြဘူး၊ လူ့စိတ် ဆိုတာကလဲ အခက်သားကလား၊ လူတိုင်း ရနေတဲ့ ဂါထာတွေ တရားတွေ အဆုံးအမတွေ ဆိုရင် အထင်မကြီးချင်ကြဘူး၊ သူများ မရသေးတဲ့ မသိသေးတဲ့ ဂါထာ ဆိုရင် လိုချင်ကြတယ်၊ ပြီးတော့ ပြောလိုက်သေး၊ ဒီဂါထာက ဘယ်လို စွမ်းတယ်၊ ဘယ်လို အစီအရင်တွေနဲ့ လုပ်ထားတာ၊ စသဖြင့် စုံနေတာပဲ။ ဘာထူးသလဲ ကြည့်လိုက်တော့ ဂါထာ အစတွေမှာ ဥုံ သြောင်း စတဲ့ အထက်ဂိုဏ်း အောက်ဂိုဏ်းတွေက သုံးနေကျစကားတွေ ပါနေတယ်၊ ဒါကြောင့် မသိသေးသူ တွေကို သိစေချင်ပါတယ်၊
ဥုံ တွေ သြောင်းတွေ ပါလာပြီ ဆိုရင် ဘုရားဟော စစ်စစ် ဂါထာတွေ မဟုတ်ပါဘူး၊ မိမိ လေ့လာ လက်လှမ်းမှီသလောက် ပိဋကတ်သုံးပုံ ထဲမှာ ဥုံ သြောင်း ပါတဲ့ ပါဠိ ဂါထာတွေ တနေရာမှာမှ မတွေ့ဘူးသေးဘူး၊ ဒါကြောင့် လက်ကမ်း စာရွက်လေးတွေ ကတ်ထူ စာရွက်လေးတွေမှာ ရေးထားတဲ့ ဘာသိဒ္ဓိ ညာသိဒ္ဓိ တွေ ပြီးစေနိုင်တယ်၊ ရွတ်ဖြစ်အောင် ရွတ်ပါ ဆိုပြီးတော့ စီးပွားဖြစ် ရောင်းချနေတာတွေ မြင်ရတော့ အင်း ဒါလဲ သံကို သံဖျက် သံချေးတက် ဆိုတာပဲပေါ့ လို့တွေးမိပြန်တယ်၊
တကယ်တော့ နည်းနည်း သိသူတွေက စီးပွားဖြစ် လုပ်စား ထုတ်ရောင်းနေတာတွေကို တရားကို ကောင်းကောင်း မသိသေးသူတွေက အဟုတ်တကယ်ထင်ပြီး ရွတ်ကြ ဖတ်နေကြတယ်၊ သေချာ စစ်လိုက်ရင်လဲ ပါဠိတွေက တလွဲတွေ ချည်းပဲ၊ စိတ်မကောင်းစရာမြင်ကွင်းတွေပါ၊ ဘုရားရဲ့ တရားတော်တွေကို ကိုယ်ပိုင် အယူအဆတွေနဲ့ ရောနှောပစ်လိုက်ကြတော့ သဲတရှပ်ရှပ် နဲ့ ၀က်သားကို စားနေရသလိုပေါ့၊ စာရေးသူ လဲ ခဏတိုင်း ကြုံဖူးပါတယ်၊
အရှင်ဘုရား
ပစ္စည်းဥစ္စာ ပေါများချင်ပါတယ်၊ ဘယ်လို လုပ်၇မလဲ ---
ရောဂါ ကင်းချင်ပါတယ်၊
အလွမ်းတွေ နဲ့ မဆုံ မကြုံချင်ပါဘူး၊
အလွမ်းတွေ ပျောက်ပြီး ရက်တိုတို နဲ့ ထိရောက်တဲ့ တရားထိုင်နည်းကို ပေးပါ တဲ့၊
ထီပေါက်စေနိုင်တဲ့ ဂါထာ ရှိရင် ပေးပါတဲ့၊
ကားရောင်းထွက်အောင် ဆိုင်ကယ် ရောင်းထွက်အောင် ယတြာ ချေပေးပါ တဲ့၊
ဈေးရောင်း ကောင်းစေမဲ့ ဂါထာ ပေးပါ တဲ့၊
မရှိပါဘူး ဆိုတော့ ရှိအောင် ရှာဖွေပေးပါတဲ့ ၊ ကဲ ဘယ်နှယ့်လုပ် ရမလဲ စဉ်းစားသာ ကြည့်ပေတော့ ၊
တကယ်တော့ အရမ်းယုံ၊ မှန်းဆယုံနဲ့ သူများထက် ထူးဆန်းတာ ကို လုပ်နေသူကိုမှ အထင်ကြီးတတ်ကြတာ လူ့သဘာဝလို ဖြစ်နေပြီ၊ စာရေးသူတို့ ဆရာသမား အဆက်ဆက် ကတော့ ဆုံးမစကား အမြဲပြောကြတယ်၊ အနေရိုးစေ အသိ ဆန်းစေ တဲ့၊ နေတာ ထိုင်တာ စားတာ သောက်တာ ၀တ်တာ စားတာ ရိုးရိုးသားသား သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ရှိပါစေ၊ အသိပညာ အတတ်ပညာ ဗဟုဿုတအနေနဲ့ အားလုံး သိနိုင် တတ်နိုင်ရင် အကောင်းဆုံး ပဲ တဲ့၊ အခုတော့ အနေ လဲ မရိုးကြတော့သလို အသိလဲ ဆန်းနေကြပါတယ်၊
ဒါပေမယ့် ဘာသာရေး အသိမှာတော့ အားနည်းနေကြသေးတယ်၊ ငယ်ငယ် သာမဏေဘ၀ က ကြုံခဲ့ဖူးတယ်၊ ကျေးဇူးရှင်တွေပါပဲ၊ ကိုယ့်ရဲ့ ဆွမ်းခံအိမ် က ဒါယကာမကြီး တယောက်က ဂိုဏ်းဆရာတွေကို သိပ်ယုံတယ်၊ အထက်ဂိုဏ်းဆရာတွေ အောက်ဂိုဏ်းဆရာတွေ အိမ်ကို လာရင် လက်အုပ် ချီပြီး တရိုတသေ ပေးတယ်၊ ရသေ့တွေ လဲ ကိုးကွယ်တာပဲ၊ နောက်ပြီး မိမိ နဲ့ အတူ တတန်းထဲ ထိုင်ပြီး ပူဇော်ခံပါ တဲ့၊ ဘာလို့ ဒီလောက် လက်အုပ်ချီနေတာလဲ မေးတော့ သူတို့ကို ကလန်ကဆန် လုပ်ရင် သူတို့က ပညာ နဲ့ လုပ်မှာ တဲ့၊ ကိုးကွယ်ရင် စီးပွား တက်အောင် လုပ်ပေးမယ် ဆိုသတဲ့၊
စာရေးသူက သတိပေး စကား ပြောလိုက်တယ်၊ ဒါယကာ မကြီး-- ကြည်ညိုတာ လွဲနေတယ်၊သေချာ စဉ်းစားပါအုံး၊ လို့၊ တခါ နှစ်ခါ သတိပေးလို့ မရတော့တာနဲ့ နောက်ကျတော့ အိမ်ကို ဆွမ်းခံမကြွတော့ဘူး၊ ဘုရားကလဲ အဲလို လူမျိုးကို ဆက်လက် မပေါင်းသင့်ဘူး လို့ ဟောထားတာကိုး။
အထက်က ဖော်ပြခဲ့တဲ့ အဖြစ်အပျက်က ထူးဆန်းတာကိုမှ ယုံကြည် နေကြဆဲ ဆိုတာ သက်သေပေါ့။ လူတိုင်း ရနေတဲ့ နမော တဿ ဘုရားရှိခိုးတို့၊ သရဏဂုံ သုံးပါးတို့၊ ဒါတွေလောက်ကို အထင်မကြီးတတ်တော့ဘူး၊ မတွေ့ဘူးတဲ့ ခပ်ဆန်းဆန်း ဂါထာမျိုးမှ အထင်ကြီးပြီး ရွတ်ချင်ကြတယ်၊
အခုတော့ ရိုးရှင်းပြီး လူတိုင်းသိနေပြီးသားဆိုပေမယ့် အဓိပ္ပါယ် မသိလို့ပါ ရှင်းပြပေးပါ လို့ မေးမြန်းနေကြ တာကြောင့် အနက် အဓိပ္ပါယ် မြန်မာပြန်နှင့်တကွ ရေးသားလိုက်ပါတယ်၊အကျိုးကျေးဇူးအနေနဲ့  ပရလောက မှ  အမှောင့်ပယောဂ၊ စုန်း ကဝေ သရဲ စတာတွေ လုံးဝ မနှောက်ယှက်နိုင်တာ ကိုယ်တွေ့ပါပဲ၊  အချုပ်အနှောင် တွေ၊ သူတပါး စွပ်စွဲ ခံရတာတွေ ပျောက်စေနိုင်ပြီး ကား ရထား လေယဉ် စီးသူတွေအနေနဲ့  မသွားခင် သွားဆဲ ရွတ်ပွားနေသင့်ပါတယ်၊
အန္တရာယ်ကင်း သမ္ဗုဒ္ဓေ ဂါထာတော်ကြီး
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စဿတ သဟဿာနိ၊
နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန္တာ နိဗ္ဗုတာ ဇိနာ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။
အနက်အဓိပ္ပာယ် ဂါထာ အနက်
အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ ပဉ္စဿတ သဟဿာနိ-- အေ၇အတွက် ပမာဏ ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ( ၅၁၂၀၂၈ ) အတိုင်းအရှည်ရှိကုန်သော၊ သမ္ဗုဒ္ဓေ စ အဆူဆူ ပွင့်တော်မူပြီးသော ဘုရားရှင်တို့အား၊ အဟံ - ဘုရားတပည့်တော်သည်၊ သိရသာ - ဦးခေါင်းအင်္ဂါ မြတ်ရတနာဖြင့်၊ နမာမိ- ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား၊
ဂင်္ဂါ၊ - ဂင်္ဂါမြစ်ထဲ၌ ရှိကုန်သော၊ ၀ါဠုကာ - သဲပွင့်တို့သည်၊ အပ္ပကာ - နည်းသေး၏။
နိဗ္ဗုတာ - ပရိနိဗ္ဗာန် စံတော်မူပြီး၍ ငြိမ်းအေးတော်မူပြီးကုန်သော၊
ဇိနာ - ငါးမာန်အောင်မြင် ဘုရားရှင်တို့သည်၊ အနန္တာ - ဤ၍ ဤမျှ ဂဏန်းချ၍ ရေတွက်ခြင်းငှါ မစွမ်းနိုင်ပါပေ၊
အဟံ - ဘုရားတပည့်တော်သည်
တေသံ - ပရိနိဗ္ဗာန်စံတော်မူပြီးကုန်သော ဘုရားရှင်တို့၏ ၊
ဓမ္မဉ္စ - နှုတ်မြွက် ဟောဖော် တရားတော်ကို၎င်း၊
သံဃဉ္စ - တပည့်သား သံဃာတော်မြတ်ကို၎င်း၊
အာဒရေန - ရိုသေလေးမြတ်သောအားဖြင့်၊
နမာမိ - ရှစ်ခိုးပူဇော်ပါ၏ ။
နမက္ကာရာ နုဘာဝေန၊ - ဤသို့ ရှစ်ခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့်၊
သဗ္ဗေ - ခပ်သိမ်းကုန်သော၊
ဥပဒ္ဒဝေ - ဘေးရန် ဥပါဒ် မှန်သမျှတို့ကို၊
ဟိတွာ - ပယ်ဖြတ်၍၊
အနေက အန္တရာယာပိ၊ - တစ်ပါးမက များစွာကုန်သော အခြားသော အန္တရာယ် အားလုံး တို့သည်လည်း၊
အသေသတော - အကြွင်းအကြံမရှိသောအားဖြင့်၊( အကျိုးမပေးနိုင်သောအားဖြင့် )
ဝိနဿန္တု - ပြောက်ပျက်ပါစေကုန်သတည်း။
မြန်မာပြန်--
အေ၇အတွက် ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ( ၅၁၂၀၂၈ ) ကုန်သော ပွင့်တော်မူပြီးသား ဘုရားရှင်တို့အား ဘုရားတပည့်တော်ရဲ့ - ဦးခေါင်း ရတနာဖြင့် ရှိခိုးပါ၏ အရှင်ဘုရား၊
ဂင်္ဂါမြစ်ထဲမှာ ရှိနေတဲ့ သဲတွေက နည်းပါးနေပါသေးတယ်၊
ပရိနိဗ္ဗာန် စံတော်မူပြီးတဲ့ ဘုရားရှင်တွေကတော့ ဤ၍ ဤမျှ ဂဏန်းချ၍ ရေတွက်ခြင်းငှါ မစွမ်းနိုင်ပါ။
ဘုရားတပည့်တော်သည် ထိုဘုရားရှင်တွေရဲ့ တရားတော် အရိယာသံဃာ သမ္မုတိ သံဃာတော်တွေ
အားလည်း ရိုသေလေးမြတ်စွာ ရှစ်ခိုးပါ၏ ။
ဤသို့ ရှစ်ခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့်၊ ဘေးရန် ဥပါဒ် အလုံးစုံကို ပယ်ဖြတ်ပြီး သကာလ အခြားသော အန္တရာယ် အားလုံးတို့သည်လည်း၊အကြွင်းအကျံ မရှိသော
အားဖြင့် ပျောက်ပျက် လွင့်ပြယ် ပါစေကုန်သတည်း။
စစ်မှန်သော တရားတော်တို့ကို တန်ဖိုးထား အသုံးချနိုင်ကြပါစေ
Sunday, March 14, 2010
ဘုရားသော်မှ မလွတ်သော ၀ိပါတ်တော် ၁၂-ပါး
(၁) ပဌမ ၀ိပါတ်တော်။
(မေး) ဥရုဝေဠ၊ တောဝမြိုင်ခွင်၊
ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်၊
အားကုန်ခန်းလို့။ ညှိုးနွမ်းရုပ်အင်၊
ပင်ပန်းရေး၊ ၀ဋ်ကြွေး ဘယ်ကြောင့်တင်။
(ဖြေ) ကဿဘုရား၊ ထင်ရှားပွင့်သော်၊
ဇောတိပါလ၊ နာမအကျော်၊
ပုဏ္ဏားမာန်တက်၊ နှုတ်မြွက်အာဘော်၊
ဝစီပြင်း ရှေးရင်း ၀ိပါတ်တော်။
(၂) ဒုတိယ၀ိပါတ်တော်။
(မေး) စိဉ္စမာဏ၊ မိန်းမစေကျွန်၊
ကိုယ်ဝန်ရှိသော ဆိုပြောအလွန်၊
လက်သယ်ထားလို့ ဘုရားကိုညွှန်၊
စွပ်စွဲခဲ့ အဘယ့် ၀ိပါက်ဝန်။
(ဖြေ) သောက်စားလွန်ကျူး၊ ယစ်မူးပျော်ရွှင်၊
သေသောက်သမား၊ ဖြစ်ငြားယခင်၊
ရဟန္တာမြတ်၊ ဆွမ်းရပ်သည်မြင်၊
အကျင့်ယုတ် ဖွင့်ထုတ် စွပ်စွဲအင်။
(၃) တတိယ ၀ိပါက်တော်။
(မေး) တိတ္ထိ စေခိုင်း၊ မိုက်ရိုင်း ဒုဿီ၊
ထင်ရောင် ထင်မှား၊ ပြုငြား သုန္ဒရီ၊
လူရှင်အပေါင်း၊ ယုံကြောင်းပွေလီ၊
ရှင်တော်ထွတ်၊ ဘယ်ဝဋ် ရှေးကမှီ။
(ဖြေ) မုနာဠိဟု၊ မည်ရှိလောင်းတော်၊
မောက်ကြွား မှောက်မှား၊ သောက်စားအပျော်၊
ရှင်ပစ္စေက ဗုဒ္စမြင်သော်၊
ဒုဿီဘဲ စွပ်စွဲ ၀ဋ်ကြွေးပေါ်။
(၄) စတုတ္ထ ၀ိပါက်တော်။
(မေး) သုန္ဒရီမိုက်၊ သတ်လိုက် သေရာ၊
တိတ္ထိအသင်း သတင်းလွှင့်ကာ၊
တပည့်များနှင့် ဘုရားကိုသာ၊
လူအများ ယုံမှား ဘယ်တွက်တာ။
(ဖြေ) လောင်းတော်ရသေ့၊ ပျော်မွေ့စံရာ၊
ရသေ့တဦး ဈာန်မြူးကွန့်လာ
ငြူစူစိတ်ဇော၊ မနောဣသာ၊
ကျင့်ယုတ်ကြီး၊ နှုတ်သီး ချွန်သည့်တာ။
(၅) ပဉ္စမ ၀ိပါက်တော်။
(မေး) ဝေဘာတောင်စောင်း ကျောက်မောင်းဆင်ကာ၊
ဒေ၀ဒတ်ယုတ် ခလုပ်အသာ၊
သူဖြုတ်ချလို့ ဗုဒ္ဓခြေမှာ၊
ကျောက်လွှာငြိ ဒဏ်ထိ ဘယ်ဝဋ်ပါ။
(ဖြေ) သူကြွယ်မျိုးဇာတ် ဖြစ်လတ်တုံချေ၊
ညီကို လှည့်စား ခေါ်သွားသလေ၊
ကျောက်နှင့်ဖိညှပ်၊ ထုသတ်ကြိတ်ချေ၊
ကျောက်ဝိပါတ်၊ အဆက်ပါခဲ့ပေ။
(၆) ဆဋ္ဌမ ၀ိပါက်တော်။
(မေး) ကျောက်လွှာထိပါး မြတ်ဖျားထွတ်တင်၊
တည်နေ၀ပ်ကိန်း သွေးစိမ်းအရှင်၊
ခြေမတော်ထဲ ကိုက်ခဲနာကျင်၊
ဝိပါက်ရင်း အလင်း ပြစေချင်။
(ဖြေ) သူငယ်ဖြစ်ခိုက် လမ်း၌ပျော်ရွှင်၊
ရှင်ပစ္စေက ဝေးမှအမြင်၊
ခဲနှင့်ပစ်လိုက် ထိခိုက်ခြေတွင်၊
သွေးယိုဆင်း၊ ရှေးရင်း ၀ိပါက်ပင်။
(၇) သတ္တမ ၀ိပါက်တော်။
(မေး) ဆွမ်းခံကြွမြန်း ထိပ်ပန်းဘုန်းကြွယ်၊
မုန်ကျဆင်ကြီး ခရီးအလယ်၊
ဒေ၀ဒတ်မိုက်၊ လွှတ်လိုက်ပြန်တယ်၊
ရင်ဆိုင်တွေ့၊ ဆင်ဝှေ့ ဘယ်ဝဋ်နွယ်။
(ဖြေ)ဆင်ထိန်းဆင်ကျောင်း အလောင်းဖြစ်တုံ၊
ရှင်ပစ္စေက လမ်းမအဆုံ၊
ဒေါသထားလို့၊ ပြစ်မှားသုန်မှုန်၊
ဆင်နှင့်တိုက်၊ ၀ဋ်လိုက် စေဘို့ကြုံ။
(၈) အဋ္ဌမ ၀ိပါက်တော်။
(မေး) ကျောက်လွှာခတ်လို့၊ သွေးဓာတ်ဆူပူ၊
ခြေမတော်ဦး ထွတ်ဖူးတဆူ၊
သွေးညိုကိန်းလို့ ကျိန်းဝပ်တော်မူ၊
ဇီဝက၊ ခွဲရ ဘယ်ဝဋ်ဟူ။
(ဖြေ) ပဒေသရာဇ်၊ မင်းဖြစ်စဉ်ဝယ်၊
မူးယစ်သောက်စား၊ ဖောက်ပြားမဖွယ်၊
လူရှင်လတ်လတ် ထိုးသတ် ပြန်တယ်၊
ဓားဝိပါက်၊ အဆက် သူကနွယ်။
(၉) န၀မ ၀ိပါက်တော်။
(မေး) သုံးလူထွတ်ဖူး၊ မြိုက်မှူးသျှောင်ကေ
ရံဖန်ခါလဲ ခေါင်းခဲပလေ၊
ဝေဒနာဝဋ် မလွတ်တုံချေ၊
ဘယ်ဝိပါက်၊ အဆက် ပါခဲ့ပေ။
(ဖြေ) ရှေးခါကပ်ဟောင်း မကောင်းကံဆော်၊
တံငါမျိုးဇာတ်၊ ဖြစ်လတ်လေသော်၊
ငါးတို့ဦးခေါင်း ထုထောင်းမြင်သော်၊
ဝမ်းမြောက်မိ၊ လိုက်ဘိ ၀ိပါက်တော်။
(၁၀) ဒသမ ၀ိပါက်တော်။
(မေး) ၀ါတော်ကပ်တော့ မာရ်နတ်နှိုးဆော်၊
ဝေရဉ္ဇာတိုင်း သမိုင်းအကျော်၊
မုယောဆွမ်းမို့ ကြမ်းကြမ်း ထော်ထော်၊
ဘုဉ်းပေးရ၊ ရှေးက ဘယ်ဝဋ်နော်။
(ဖြေ) မထင်မရှား၊ မျိုးသားဖြစ်တုံ၊
ရဟန်းတော်များ ဆွမ်းစားခိုက်ကြုံ၊
ဆွမ်းကြမ်းစားဟု၊ ပြစ်မှားဆိုပုံ၊
ဝစီထွက်၊ ၀ိပါက် တော်တဲ့ ယုံ။
(၁၁) ဧကာဒသမ ၀ိပါက်တော်။
(မေး)အထွတ်ဆုံးဟု သုံးလူ့မျက်မှန်၊
ခါးတော်ကိုက်ခဲ အသဲအသန်၊
ဝေဒနာများ၊ ခံစားရံဖန်၊
ဘယ်အကြောင်း၊ ကံဟောင်းထုတ်လို့ပြန်။
(ဖြေ) လက်ဝှေ့သတ်ကောင်း အလောင်း ဖြစ်သော်၊
ပြိုင်ပွဲဆိုင်ပွဲ နိုင်မြဲ အကျော်၊
နိုင်လျှင် ခါးရိုး ရိုက်ချိုးမြေပေါ်၊
အသတ်ကောင်း၊ ဇာတ်ဟောင်းဝိပါက်တော်။
(၁၂) ဒွါဒသမ ၀ိပါက်တော်။
(မေး)ဆဒ္ဒန်ဆယ်စီး အားကြီးလျင်မြန်
ဝမ်းတော်သွန်ငြား ရွှေအားမသန်၊
ခွေယိုင်နွဲ့လို့ မြန်းခဲ့နိဗ္ဗာန်၊
ဖြေစေကြောင်း၊ ကံဟောင်း သိဘို့ရန်။
(ဖြေ) ရောဂါကုစား၊သမားဥာဏ်ကျယ်၊
ရှင်သူဌေးသား ဆေးဝါးကုတယ်၊
ဆေးဖိုး မပေးလို့ ဟိုရှေးဘုန်းကြွယ်၊
ဝမ်းလားဆေး တိုက်ကျွေး ၀ဋ်ဟောင်းလယ်။
သတိပေး ဥယျောဇဉ်
ဝိပါက်ရောက်ရေး ကြောက်သွေးတုန်ဘွယ်၊
ဘုရားသော်လဲ ရှောင်လွှဲမလွယ်၊
တွေ့ကြုံမြဲမို့ တ၀ဲ လယ်လယ်၊
မလွတ်သေး၊ ၀ဋ်ကြွေး ခက်လှတယ်။
ကြင်နာထောက်ထား သနားမြှော်ခေါ်၊
ကုသိုလ်ပွားမှု၊ အားပြုကြနော်၊
နှိပ်စက်ညှဉ်းပန်း သရမ်းပျက်ချော်၊
ရှောင်ကြဉ်ရေး၊ ၀ဋ်ကြွေး စင်ဘို့မြှော်။
အပါဒါန် ။ပါ။ ပ-အုပ်။၃၄၆။
ယဉ်ကျေးလိမ္မာ ဆုံးမစာ သံပေါက်ကဗျာများ
၁။ အနန္တငါး၊ ဦးထိပ်ထား၊ ညွတ်တွားပါကွဲ့ မမေ့နဲ့။
၂။ ဆရာ မိဘ ဆိုဆုံးမ၊ လိုက်နာကြကွဲ့ မမေ့နဲ့၊
၃။ မိဦး ဖဦး၊ ဆရာဦး၊ ခူး၍နော်ကွဲ့ မစားနဲ့။
၎။ ကိုယ့်ထက်ကြီးသူ၊ ပြောဆိုမူ၊ နင် ငါဟူ၍ မပြောနဲ့။
၅။ သူများကိုသာ၊ ရန်မရှာ၊ မခံချင်တာ မပြောနဲ့။
၆။ ယဉ်ကျေးအောင်သွား၊ ယဉ်အောင်စား၊ စကားပြောလည်း ယဉ်စေကွဲ့၊
၇။ ပရမ်းပတာ၊ သူ့ထက်ငါ၊ လုယက်ကာကွဲ့ မစားနဲ့၊( မသွားနဲ့၊ မပြောနဲ့၊ မရပ်နဲ့၊ မထိုင်နဲ့၊ မအိပ်နဲ့၊ )
၈။ ထမင်းစားရာ၊ အစားစာ၊ များစွာစကား မပြောနဲ့၊
၉။ ငြိမ်သက်သားနား၊ သတိထား၊ ကောင်းကောင်းစားကွဲ့ ဖိတ်စေနဲ့။
၁၀။ စားပြီးသောခါ၊ စင်ကြယ်စွာ၊ ဆေးကြောပါကွဲ့၊ ကောင်းကောင်းတဲ့။
၁၁။ လက်ကိုလျက်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့၊ ကောင်းကောင်းတဲ့။
၁၂။ နှုတ်ခမ်း ပါး နား၊ လျက်ကာစား၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
၁၃။ လျာကို ထုတ်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့၊
၁၄။ ဟင်းရေသောက်ပြန် ၊ ရှူးရှူးသံ၊ ဧကန်မပြုနဲ့။
၁၅။ ထမင်း ဟင်းပေလျက်၊ သောက်ရေခွက်၊ လက်နဲ့မကိုင်နဲ့၊
၁၆။ အိမ်ပေါ် ကျောင်းပေါ်၊ ဇရပ်ပေါ်၊ သွားသော် ခြေနင်း မပြင်းနဲ့။
၁၇။ ရဟန်း သံဃာ၊ ရှေ့မှောက်မှာ၊ ရိုသေစွာတဲ့ သွားပါကွဲ့။
၁၈။ လူကြီးသူမ၊ ရှေ့သို့ကျ၊ ကုန်းကွ၍တဲ့ သွားပါကွဲ့။
၁၉။ ဒူးထောင် ပေါင်ကား၊ ဆရာနား( မိဘနား) အားလျားမှောက်၍ မနေနဲ့။
၂၀။ သောက်ရေ သုံးရေ၊ မရှိချေ၊ ရေကို ခပ်ကွဲ့ မပျင်းနဲ့၊
၂၁။ အိပ်ယာနေရာ၊ အိပ်ပြီးခါ၊ သိမ်းကြပါကွဲ့ ကောင်းကောင်းတဲ့၊
၂၂။ ကျောင်းတွင်း အိမ်တွင်း၊ ရှုပ်နေလျင်း၊ သန့်ရှင်းအောင်တဲ့ ပြုပါကွဲ့၊
၂၃။ မိန်းကလေးမှာ၊ အရာရာ၊ ပြာတီး ပြာတာ မရှုပ်နဲ့။
၂၄။ မိန်းမ မင်း ဆင်၊ ၇ဟန်းပင်၊ ဣနြေ္ဒရှင်ကွဲ့၊ လေးဦးတဲ့။
၂၅။ မိန်းမ ဣနြေ္ဒ၊ သိရ်သရေ၊ စိန်ကုဋေတန်သကွဲ့၊ မှတ်လေတဲ့။
၂၆။ ကျောင်းပစ္စည်းကို ၊ မယူလို၊ မြွေဆိပ်လိုတဲ့ ကြောက်ပါကွဲ့။
၂၇။ ဝေယျာဝစ္စာ၊ ကျောင်းအိမ်မှာ၊ လျော်စွာလုပ်ကွဲ့။ မခိုနဲ့။
၂၈။ အများပိုင်ကို၊ ကိုယ့်ဟာလို၊ ရိုသေကြကွဲ့၊ ကောင်းကောင်းတဲ့။
၂၉။ ဝေယျာဝစ္စာ၊ ကျောင်းအိမ်မှာ၊ လျော်စွာလုပ်ကွဲ့၊ မခိုနဲ့။
၃၀။ ဧည့်သည် အာဂန္တု၊ ရောက်လာမှု့၊ ဆူညံ၍လည်း ၊ မနေနဲ့။
၃၁။ လူရှုပ် လူပွေ၊ လူယုတ်တွေ၊ ရှောင်လေရှားကွဲ့ ဝေးဝေးတဲ့။
၃၂။ ဘိန်း အရက်ကို ၊ မရှူလို၊ မစင်လိုတဲ့ ရွံပါကွဲ့။
၃၃။ ကုန်းချော ကြမ်းကြုတ်၊ အကျင့်ယုတ်၊ မဟုတ်စကား မပြောနဲ့။
၃၄။ ဘုရား ပုထိုး၊ ဦးညွတ်ကျိုး၊ ရှိခိုးအိပ်ကွဲ့ မမေ့နဲ့။
၃၅။ မိခင် ဖခင်၊ ဆရာရှင်၊ နေ့စဉ် ရှိခိုးကွဲ့။
၃၆။ သူက ပြုဖူး၊ သူ့ကျေးဇူး၊ အထူးမမေ့နဲ့ ၊ ပြန်ဆပ်ကွဲ့၊
၃၇။ ကောင်းမြတ်အကျင့် ထိုသူကျင့် မလင့် တိုးတက်မည်။
Thursday, March 11, 2010
ဗျာဒိတ်ရပြီး ဘုရားလောင်းတို့ မဖြစ်ရာဋ္ဌာန ၁၈ မျိုး
ဗျာဒိတ်ရပြီးသော ဘုရားအလောင်းတို့ မဖြစ်ရာဋ္ဌာန ၁၈ ပါးရှိပါသည်။ ယင်းကို အဋ္ဌာရသ အဘဗ္ဗဋ္ဌာန ဟု ကျမ်းဂန်တို့၌ သုံးနှုံးထားသည်။ ထိုအချက်တို့ကို သုတ္တနိပါတအဋ္ဌကထာ ပထမအုပ် ခဂ္ဂ၀ိသာဏသုတ် အဋ္ဌကထာ နှာ ၄၅ တွင် ဖွင့်ပြထားသည်ကို တွေ့ရသည်။
၁။ ကန်း = မွေးကတည်းက မျက်စိကန်းသူ မဖြစ်၊
၂။ ပင်း = နားပင်း ဆွံ့အသူ မဖြစ်၊
၃။ ရိ = အရိမယို ( သွားရေ တမြားမြားမဖြစ်တတ်)
၎။ ဆွံ့ = ဆွံ့အ စကားမပြောတတ်သူ မဖြစ်၊
၅။ ရူး = အရူးမဖြစ်၊
၆။ ရိုင်း = လူရိုင်း မဖြစ်၊
၇။ ကျွန် = ကျွန်မျိုးတွင် မဖြစ်တတ်။
၈။ ဒိဋ္ဌ် = နိယတ မိစ္ဆာဒိဋ္ဌိ မဖြစ်၊
၉။ ပန် ( ပဉ် ) ပဉ္စာနန္တရိယ ကံ မလွန်ကျူး၊
၁၀။ သတ် = အသညသတ် ဗြဟ္မာမဖြစ်၊
၁၁။ ငုံး = ငုံးအောက်ငယ်သော တိရိစ္ဆာန်မဖြစ်( ဆင်ထက်လည်း မကြီး)
၁၂။ နူ = နူနာ ရောဂါမဖြစ်၊
၁၃။စက် =စကြ၀ဠာတစ်ပါးသို့ ပြောင်း၍ မဖြစ်၊
၁၄။သုဒ် = သုဒ္ဒါဝါသဗြဟ္မာ့ဘုံ၌ မဖြစ်၊
၁၅။ ပါယ် =အပါယ် ငရဲ၌မကျ ( အ၀ီစိ နှင့် လောကန္တရိတ်ငရဲ၌ မဖြစ်၊
၁၆။ မာရ် = မာရ်နတ် မဖြစ်၊
၁၇။ ပြိတ် = ပြိတ္တာမျိုး၌ မဖြစ်၊( ပြိတ္တာတွင် ခုပ္ပိပါသ၊ နိဇ္ဈာမတဏှိက မဖြစ်၊ အသုရာတွင် ကာလကဉ္စိက မဖြစ်)
၁၈။ ပြန် = လိင်ပြန်ရိုး မရှိ( ယောင်္ကျားဘ၀ အမြဲဖြစ်ရ၏ )
လင်္ကာဆောင်ပုဒ်။ ။
ကန်း- ပင်း- ရိ- ဆွံ့၊ ရူး- ရိုင်း- ကျွန်၊ ဒိဋ္ဌ်-ပန်- သတ်- ငုံး- နူ၊
စက်- သုဒ်- ပါယ်-မာရ်၊ ပြိတ်နှင့်ပြန်၊ အမှန်ဆဲ့ရှစ်ယူ၊
ယင်းအဋ္ဌာရသ်၊ ဗောဓိသတ်၊ လွတ်လွတ်ကင်းတော်မူ၊
နိပါတသုတ်၊ ပါဋ္ဌဂုတ်၊ ဖွင့်ထုတ်ကျမ်းထွက်ဟူ။
(ကင်းဝန်မင်းကြီး)
မှတ်ချက်။ ။ စွယ်စုံကျော်ထင်ကျမ်းတွင်၎င်း၊ မဃဒေ၀လင်္ကာတွင်၎င်း၊ မဟာဗုဒ္ဒ၀င် ပထမတွဲ ဒုတိယပိုင်းတွင်၎င်း၊ ၁၈ပါး သရုပ်ကို ဗဟုဿုတအဖြစ် ကြည့်နိုင်ပါသေးသည်။
သတ္တဌာန ဘုရားရှိခိုး
ပလ္လင်္ကသတ္တာဟ
(၁) ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်၊ ပညိနြေ္ဒ၊ ချွေရာမှန်သိ၊ ဗောဓိကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်း အံ့လောက်၊ မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊ ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဉာဏ်ကိုရပြီး၊ သတ္တာဟရက်၊ ဖွဲ့ခွေလျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစံပယ်သည် …. ဘုန်းကြွယ်လက်ဦး ပွဲပေကို။
အနိမိသသတ္တာဟ
(၂) နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊ ပလ္လင်ပျံမှ၊ ဧသန်တူရူ၊ ရပ်တော်မူလျက်၊ ကြည်ဖြူ ငြိမ်းချမ်း၊ ပလ္လင်နန်းကို၊ ဖြောင့်တန်းစက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည် …..ကြည်လင်ညွတ် နူး ဖွယ်ပေကို။
စင်္ကမသတ္တာဟ
(၃) သုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ မြောက်ခွင်ဥတ္တရာ၊ စင်္ကြံသာ၌၊ လူးလာတုံ့ခေါက်၊ ကြွချီလျှောက်၍၊ ဘုန်းတောက်ဘုရား၊ ပျော်စံစားသည် ….. တရားဆင်ခြင် လျက်ပေကို။
ရတနာဃရသတ္တာဟ
(၄) လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင့်၊ ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့ လောက်ဖွယ်ရာ၊ ရတနာရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဖန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ၊ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်သည် ….. ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။
အဇပါလသတ္တာဟ
(၅) ငါးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ ရှေ့ခွင်ပြုဗ္ဗာ၊ ရပ်ဒိသာဝယ်၊ ကြီးစွာမြင့်ခေါင်၊ ဆိတ် ကျောင်းညောင်၌၊ ဘုန်းခေါင်ပရမေ၊ စံပယ်နေသည် ….. ရိုသေမြတ်နိုး ဖွယ်ပေကို။
မုဉ္စလိန္ဒသတ္တာဟ
(၆) ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင်၊ အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညိုပြည့် လျှမ်း၊ ကြာပန်းညွတ်ရုံ၊ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စံပယ် နေသော်၊ မိုးလေထန်ပြင်း၊ သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်းဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်းကာ မိုးသည် ….. ရှေးကျိုးသမ္ဘာတော်ကြောင့်ကို။
ရာဇာယတနသတ္တာဟ
(၇) ခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ယာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ် တွင်၊ လင်းလွန်းပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည် ….. ကြီးမားဉာဏ်တော် ဖွင့်လို့ကို။
ထိုခုနစ်ပါး၊ အရပ်များကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊ ဝန္ဒနာမာန၊ ဂါရဝဖြင့်၊ ဦးချညွတ်ကျိုး၊ ကျွန် ရှိခိုးသည် ….. ကောင်းကျိုးခပ်သိမ်း ပြည့်စေသောဝ်။
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး
ဝိပဿနာဥာဏ် ၁၀-ပါး
အထူးထူး အပြားပြား ရှုဆင်ခြင်ရသောယောဂီပုဂ္ဂိုလ်တို့၏ ဥာဏ်အမြင် ဆယ်ပါး။
(၁) သမ္မသနဥာဏ်- ရုပ်နာမ်တရားစုကို လက္ခဏာ ၃-ပါးတင်၍ ဆင်ခြင်သုံးသပ်သော ဥာဏ်၊
(၂) ဥဒယဗ္ဗယဥာဏ်- ရုပ်နာမ်တရားတို့၏ ဖြစ်ပုံ ပျက်ပုံကို ရှုသော ဥာဏ်၊
(၃) ဘင်္ဂဥာဏ် ရုပ်နာမ်တရားစု၏ အပျက်ကို ရှုသော ဥာဏ်၊
(၄) ဘယဥာဏ်- ရုပ်နာမ်တို့၏ ကြောက်မက်ဖွယ်ဘေးကိုရှုသော ဥာဏ်၊
(၅) အာဒီနာဝဥာဏ်- ရုပ်နာမ်တို့၏ အပြစ်ကိုရှုသောဥာဏ်၊
(၆) နိဗ္ဗိဒါ ဥာဏ်- ရုပ်နာမ်တို့၌ ငြီးငွေ့သော ဥာဏ်၊
(၇) မုစ္စိတုကမျတာ ဥာဏ်- သင်္ခါရတို့မှ လွတ်မြောက်လိုသောဥာဏ်၊
(၈) ပဋိသင်္ခါ ဥာဏ်- ထိုသင်္ခါရတို့၌ အနိစ္စ, ဒုက္ခ, အနတ္တ ဟု ထပ်မံ၍ရှုသော ဥာဏ်၊
(၉) သင်္ခါရုပေက္ခာ ဥာဏ်-သင်္ခါရတို့၌ လျစ်လျူရှုနိုင်သော ဥာဏ်၊
(၁၀) အနုလောမ ဥာဏ်- ပြဆိုပြီးဥာဏ်စဉ်ရှစ်ပါးမှ မဂ်ဖိုလ်တရားတို့ကိုပေါင်းကူးပမာ လျော်စွာ ရှုသော ဥာဏ်။
ဝိဿနာဥာဏ် ၁၆-ပါး၊
တနည်း။ ။ ၀ိပဿနာ အလုပ်စခန်း၌ ရသလောက်သိမ်းကျုံး
ရေတွက်ထားသော ဥာဏ်စဉ်ဟူ၏။
(၁) နာမရူပပရိစ္ဆေဒဥာဏ်၊
(၂) ပစ္စယပရိဂ္ဂဟဥာဏ်၊
(၃) သမ္မသနဥာဏ်၊
(၄) ဥဒယ၀ယဥာဏ်၊
(၅) ဘင်္ဂဥာဏ်၊
(၆) ဘယဥာဏ်၊
(၇) အာဒီန၀ဥာဏ်၊
(၈) နိဗ္ဗိဒါဥာဏ်၊
(၉) မုစ္စိတု ကမျတာဥာဏ်၊
(၁၀) ပဋိသင်္ခါဥာဏ်၊
(၁၁) သင်္ခါရုပေက္ခာဥာဏ်၊
(၁၂) အနုလောမဥာဏ်၊
(၁၃) ဂေါတ္တရဘူဥာဏ်၊
(၁၄) မဂ်ဥာဏ်၊
(၁၅) ဖိုလ်ဥာဏ်၊
(၁၆) ပစ္စဝေက္ခဏာဥာဏ်။
Monday, March 8, 2010
ဗုဒ္ဓ၏ သက်တော် ၈၀ အတွင်း ၀ါဆိုရာ ဋ္ဌာနများ
၁။ ------------- ဗာရဏသီ မိဂဒါဝုန်တော၊
၂-၃-၄ ။ ----------ရာဇဂြိုလ် ဝေဠုဝန်ကျောင်း၊
၅။ --------------- ဝေသာလီပြည်၊
၆။ ---------------မကုဠတောင်၊
၇။ ---------------တာဝတိံသာနတ်ပြည်၊
၈။ -------------- ဘဂ္ဂတိုင်း၊
၉။ --------------- ကောသမ္ဗီပြည်၊
၁၀။ -------------- ပါလိလေယျက တောအုပ်၊
၁၁။ -------------နာဠ ပုဏ္ဏားရွာ၊
၁၂။ ------------- ဝေရဉ္စာ ပြည်၊
၁၃။ ------------- စာလိယ တောင်တော်၊
၁၄။ ------------- သာဝတ္ထိပြည်၊
၁၅။ ------------- ကပိလ၀တ် ပြည်၊
၁၆။ -------------- အာဠ၀ီ ပြည်၊
၁၇။ -------------- ရာဇဂြိုလ် ပြည်၊
၁၈-၁၉။ --------- စာလိယတောင်၊
၂၀ -------------- ရာဇဂြိုလ်၊
၂၁ ၀ါမှ ၄၄ ၀ါ အထိ။ -------- သာဝတ္ထိပြည် ဇေတ၀န်ကျောင်း၊
၄၅။ ------------------ ဝေဠုဝ ရွာ၊
မြတ်စွာဘုရား၏ လေးဆယ့်ငါးဝါ ၀ါဆိုစဉ် လင်္ကာ
သုံးလူသခင်၊ ငါးမာရ်သင်၍၊ ပလ္လင်ပတ်ရံ၊ သတ္တဋ္ဌာန်ဝယ်၊ သတ္တဟန်ဖွဲ့၊ စံပါယ်ခဲ့ပြီး၊ တစ်ဆယ့်ရှစ်ယူဇနာ၊ ထိုမှကွာသည်၊ ဗာရာနဂရ၊ မိဂဒ၌၊ နန္ဒိယ ၀ိဟာ၊ ပထမ၀ါတည့်၊ ဒွါတိဇယ၊ ရာဇဂဟံ၊ ဝေဠုဝန်ပျော်၊ ငါးသော်ဝေသာလီ၊ လိစ္ဆ၀ီ ၀ိဟာ၊ ဆ၀ါ မကုဠ၊ သတ္တမ ၀တိံသာ၊ အဋ္ဌာ ဘဂ္ဂ၊ န၀မ ကောသမ္ဗီ၊ ဃောသီ ရွှေဘုံ၊ ရဂုံ ပလလေယျ၊ ဒသမတည့်၊
နာဠ ပုဏ္ဏားရွာ၊ ဧကာဒသဉ်၊ ဝေရဉ် ဗာရသ်၊ တောင်မြတ် စာလိယ၊ တေရသတည့်၊ စုဒ္ဒသမ၀ါ၊ သာဝတ် တောင်စွန်၊ ဇေတ၀န် စံမှီ၊ ကပ္ပီ ပန္နရသ်၊ ကျောင်းမြတ် နိဂြော၊ သောဠသမှီ၊ အာဠ၀ီတည့်၊ ဂိရိဗ္ဗဇ၊ သတ္တရသာ၊ ဆယ့်ရှစ်ဝါနှင့်၊ န၀ါ ဒက်သ၊ စာလိယဆို၊ ရာဇဂြိုလ် ၀ီသ၊ ဤထိုမျှကား၊ ပထမဗောဓိ၊ အနိဗဒ် ၀ါ၊
နောင်လာတွက်ဖွဲ့၊ နှစ်ဆယ့်လေးတန်၊ ဇေတ၀န် ပုဗ္ဗာ၊ လှည့်လည်ကာဖြင့်၊ ခေမာနီးသော်၊ ရွာကြီး ဝေဠုဝ၊ ၀ါတော်မျှ၍၊ ပဉ္စ စတ္တာလီ၊ အသီတျာယု၊ တိုင်သမှု့ဖြင့်၊ ဤလူ့သက္ကရာဇ်၊ အဋ္ဌ်၊ ဇော၊ ဧက်၌၊ နှစ်သစ်ကဆုန်၊ ပုဏ္ဏမီစေ့၊ အင်္ဂါနေ့တွင်၊ နိဗ္ဗာန်ဝင်သား၊ ရှင်တော်ဘုရားကို၊ ညွတ်တွား ၀န္ဒနာ ပူဇော်ပါ၏ဘုရား။ ။
ဇိနတ္ထပကာသနီကျမ်း
ကျီးသဲလေးထပ် ဆရာတော်၊
သိမှတ်ဖွယ်။ ။ မြတ်စွာဘုရားရှင်သည် ၀ါတော်နှစ်ဆယ်အထိ အမြဲနေလေ့ရှိတော်မမူပဲ မြို့ရွာ အနှံ့ လှည့်လည်တော်မူပြီး ၀ါဆိုတော်မူခဲ့သည်၊ ထို့ကြောင့် ရှေ့ပိုင်း ၀ါတော် ၂၀ ကို အနိဗဒ္ဓ ( မမြဲသော ၀ါတော်များ ) ဟု ခေါ်ဆိုကြသည်၊ ၂၁ ၀ါမှ ၄၅ ၀ါအထိ နောက်ပိုင်း ၂၅ ၀ါအနက် ၂၄ ၀ါကို သာဝတ္ထိပြည်၌သာ အမြဲဝါဆိုတော်မူသည်၊ ထို့ကြောင့် နိဗဒ္ဓ၀ါ ( မြဲသော ၀ါတော်များ) ဟု ခေါ်ဆိုကြပါသည်၊ နောက်ဆုံးအချိန် ပရိနိဗ္ဗာန် စံတော်မူခါနီးအချိန် ၄၅ ၀ါမြောက်တွင် ဝေဠုဝ ရွာ၌ ၀ါကပ်တော်မူပါသည်။
Saturday, March 6, 2010
ကျွန်းမြတ် သီဟိုဠ် နှင့် ရာဇာယတန
သီဟိုဠ်တကျွန်းလုံးရှိ စေတီပုထိုးများ အားလုံး တစ်ဆူတလေမျှ ရွှေ သင်္ကန်းကပ်တယ် ဆိုတာ မရှိပဲ ထုံးရောင် ဖွေးဖွေးသာ ရှိသောကြောင့် ရွှေရှိတဲ့ ဘုရားကျမှ ကိုးကွယ်ချင်ကြတယ် - ဆိုတဲ့ ကိုယ့် မြန်မာတွေရဲ့ စိတ်ဓာတ်နဲ့ ဆိုလျင်ဖြင့် ကိုးကွယ်စရာကို ရှိမှာ မဟုတ်ဘူး ဆိုပြီး တစ်ယောက်ထည်း ပြုံးယောင်မိတယ်။
နှလုံးသားထဲမှာ ဘုရား မတည်ပဲ( ဘုရားဂုဏ်တော်ဖြင့် စိတ်ထဲ နှလုံးသားထဲ အမြဲထုံမွှမ်း ပွားများနေခြင်းကို မပြုလုပ်ကြပဲ ) ပြင်ပ ဗဟိဒ္ဓ သဏ္ဍာန်ကိုပဲ တန်ဖိုးထားနေကြတဲ့ ဘာသာရေး အသိဥာဏ် အားနည်းသူတွေ ကို အဓိက လမ်းညွန်ပေးသင့်တယ် လို့ ထင်မြင်မိပါတယ်၊ ဒါကြောင့် သီဟိုဠ်ကျွန်းသို့ ဘုရားရှင် ဒုတိယ အကြိမ် ကြွတော်မူခြင်း အကြောင်းကိုလက်လှမ်းမှီသမျှ ကိုးကားပြီး ဖြည့်စွက် တင်ပြလိုက်ပါတယ်။
မြတ်စွာဘုရားရှင်သည်ငါးဝါမြောက်၌ သာဝတ္ထိပြည်ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူသော အခါ နာဂဒီပကျွန်းငယ်အရပ်၌ ဦးရီးတော် မဟောဒရ နဂါးမင်းနှင့် တူတော် စူဠောဒရ နဂါးမင်းတို့ ပတ္တမြား ပလ္လင်ကို အကြောင်းပြု၍ နဂါးစစ်ပွဲကြီး ဆင်နွဲ တိုက်ခိုက်နေကြ၏၊
ဘုရားရှင်သည် တန်ခူးလကွယ်နေ့ နံနက်ပိုင်း၌ ဇေတ၀န်ကျောင်း၏ တံခါးမုဒ်အနီး လင်းလွန်းပင်နေ သမိဒ္ဓိသုမနရုက္ခစိုးနတ်မင်းကိုလင်းလွန်းပင်ကိုယူဆောင်စေလျက် နာဂဒီပကျွန်းသို့ ကြွတော်မူလေသည်။ နဂါးမင်းနှစ်ဦးတို့သည် ညီညွတ်ရေးတရား နာကြားပြီးသောအခါ ပတ္တမြားပလ္လင်ကို မြတ်ဘုရားအား လှူဒါန်း ကြလေသည်၊
ဘုရားရှင်သည် ထိုပလ္လင်ထက်၌ သီတင်းသုံးတော်မူလျက် လင်းလွန်းပင်နှင့်ပလ္လင်တော်ကို နဂါးအပေါင်းတို့ အား ကိုးကွယ်ရစ်ရန် အပ်နှင်းတော်မူသည်၊ အကြောင်းကား လင်းလွန်းပင်ကို သမိဒ္ဓိသုမန နတ်မင်းသည် ဘုရားရှင်အပေါ် ဆောင်းမိုးပေးတော်မူပြီး လိုက်ပါလာသည်ဖြစ်ရကား ပ၇ိဘောဂစေတီထိုက်သောကြောင့် ယခုကဲ့သို့ ရည်ညွန်းတော်မူခဲ့ခြင်းပင်။
ထိုလင်းလွန်းပင်ကို နာဂဒီပကျွန်း၌ စိုက်ပျိုးတော်မူခဲ့ပြီး နတ်မင်းကိုလည်း နေရစ်ခဲ့ရန် မိန့်မှာတော်မူလေ သည်။ ထိုအပင်အနီး ပတ္တမြားပလ္လင်ကို ဋ္ဌာပနာပြီး တည်ထားသော စေတီကား ယခုအခါ ရာဇာယတန စေတီ ဟု လူအများလက်ခံယုံကြည်ကိုးကွယ်နေကြလေသည်။စာရေးသူ သတိထားမိသည်ကား လင်းလွန်း
ပင်သည် အတော် ငယ်လွန်းသောကြောင့် နောက်ပိုင်းကာလမှ စိုက်ပျိုးထားသော အပင်ဖြစ်ရာ၏၊ မြတ်စွာဘုရားလက်ထက်က အပင်တော့ မဖြစ်နိုင် ဟူ၍ပင်။
ထူးခြားသည်မှာ နောင်အခါ သာသနာတော် ကွယ်ခါနီး နှစ်ပေါင်း ငါးထောင် ပြည့်မြောက်ပြီး ဓာတုပရိနိဗ္ဗာန် စံခါနီးအချိန်တွင် စကြာဝဠာတတိုက်လုံး ရှိရှိသမျှ ဘုရားရှင်၏ သရီရ ဓာတ်တော်တို့သည် သီဟိုဠ်ကျွန်း မဟာစေတီ သို့ ပထမဆုံး ကြွရောက်စုပေါင်း ကြလိမ့်မည်၊
မဟာစေတီမှ တဆင့် ဒုတိယနေရာအားဖြင့် ယခု နာဂဒီပကျွန်း ရာဇာယတန စေတီသို့ စုပေါင်း ကြွကြလိမ့်မည်။ ဤစေတီမှ တဆင့် တတိယနေရာအားဖြင့် မဇ္ဈိမဒေသ ဗုဒ္ဓဂါယာ ဘုရားရှင်ပွင့်တော်မူရာ မဟာဗောဓိစေတီတော်သို့ စုပေါင်းကြပြီးလျင် သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဲ့သို့ ရုပ်ပွား တော်သဏ္ဍာန် ရောင်ခြည်တော်ခြောက်သွယ်ဖြင့် ပြတော်မူကာ ပရိနိဗ္ဗာန်စံတော်မူလိမ့်မည် ဟု မှတ်သားရပါသည်၊
ပရိနိဗ္ဗာန် တို့သည် ကိလေသပရိနိဗ္ဗာန်၊ ခန္ဓပရိနိဗ္ဗာန်၊ ဓာတုပရိနိဗ္ဗာန်-ဟု သုံးမျိုးရှိ၏။ ထိုသုံးမျိုးတို့တွင် ကိလေသပရိနိဗ္ဗာန်စံခြင်းသည် ဗောဓိပလ္လင်၌ ဖြစ်၏။ ခန္ဓပရိနိဗ္ဗာန် ဝင်စံခြင်းသည် ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဖြစ်၏။ ဓာတုပရိနိဗ္ဗာန်စံခြင်းသည် နောင်အနာဂတ်ကာလ၌ ဖြစ်လတ္တံ့။
အဘယ်သို့ ဖြစ်လတ္တံ့နည်းဟူမူကား - မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်တို့သည် ထိုထိုအရပ်တို့၌ ကောင်းစွာပူဇော် ကိုးကွယ်မှုကို မရကြတော့လျှင် မြတ်စွာဘုရား၏ အဓိဋ္ဌာန် အစွမ်းအားလျော်စွာ ပူဇော် ကိုးကွယ်မှု ရရာအရပ်သို့ ကြွသွားကြလိမ့်မည်။
( ဓါတ်တော်ပွားသည် ဆိုခြင်းမှာ မိမိက ရိုသေလေးမြတ်စွာ ပူဇော်လျှင် မိမိကဲ့သို့ ရိုရိုသေသေ မပူဇော်သော အရပ်ဒေသတို့မှ မိမိထံသို့ ရောက်လာခြင်းဖြစ်၏။ ) ထို့နောက် သာသနာတော် ကုန်ဆုံးသောအခါ သီဟိုဠ်ကျွန်းတွင် ဓာတ်တော်အားလုံး စုပေါင်းကာ မဟာစေတီကြီး၌ တည်လာလိမ့်မည်။ ထို့နောက် နာဂဒီပကျွန်းတွင် ရာဇယတနစေတီ၌ တည်ပြီးနောက် မဟာဗောဓိမဏ္ဍိုင် ပလ္လင်တော်သို့ ကြွရောက်လာကြ ကုန်လတ္တံ့။ ဓာတ်တော်မွေတော်အားလုံးသည် မုန်ညင်းစေ့မျှလောက်ပင် မကြွင်းမကျန်ဘဲ ကြွရောက်လာ ကြကုန်လတ္တံ့။
ဓါတ်တော်မွေတော် အားလုံးတို့သည် မဟာဗောဓိမဏ္ဍိုင် ပလ္လင်တော်၌စုဝေးကြပြီးနောက် မြတ်စွာဘုရား အသွင်တော်ကိုယူ၍ ဗောဓိမဏ္ဍိုင်၌ တင်ပလ္လင်ခွေ ထိုင်တော်မူကာ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော် ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် တကွ ထက်ဝန်းကျင်မှ ရောင်ခြည်တော်တို့နှင့် ပြည့်စုံသော ဗုဒ္ဓအသရေတော် ကို ဆောင်တော်မူလျက် သက်တော်ထင်ရှား ရှိတော်မူစဉ်က ယမိုက် ပြာဋိဟာ ပြတော်မူသကဲ့သို့ ရေမီးအစုံအစုံသော တန်ခိုးတော်တို့ကို ပြတော်မူလတ္တံ့။
ထိုအခါ ထိုနေရာသို့ လူသတ္တဝါတို့ မရောက်နိုင်ကြဘဲ စကြဝဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာအားလုံးတို့ စုဝေးရောက်လာကြကုန် လျက် “ယနေ့ မြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူပြီ၊ ဤနေ့မှစ၍ အမှောင်တိုက်ကြီး ဖြစ်ကုန်ပြီ”ဟုဆိုကာ ငိုကြွေးကြကုန်လတ္တံ့။ ထို့နောက် ဓာတ်တော်မွေတော် ရုပ်ပုံတော်မှ မီးအလျှံကြီး ဖြစ်ပေါ်၍လာကာ ဓာတ်တော်မွေတော် ကိုယ်တော်မကြွင်း လောင်ကျွမ်းခြင်းသို့ရောက်ကာ မီးအလျှံကြီးသည် ဤလူ့ပြည်မှ ဗြဟ္မာ့ ပြည်တိုင်အောင် တက်ရောက်သွားပေလတ္တံ့။
ထို့နောက် ဓာတ်တော် မွေတော်ဟူ၍ မုန်ညင်းစေ့ငယ်လောက်မျှ မကျန်တော့ဘဲ လောင်ကျွမ်း၍ သွားပေလတ္တံ့။
ထိုအခါ စည်းဝေးရောက်လာကြကုန်သော နတ်ဗြဟ္မာအားလုံးတို့ သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်
ဝင်စံသောနေ့၌ကဲ့သို့ နတ်ပန်းနံ့သာ တူရိယာတို့ဖြင့် ပူဇော်ကြကုန်လျက် သုံးကြိမ်တိုင် လက်ယာရစ် လှည့်ပတ်၍ ပူဇော်ကာ “နောင်ပွင့်လတ္တံ့သော မြတ်စွာဘုရားရှင်အား ပူဇော်ခွင့်ကို ရရပါလို၏” ဟု ဆုတောင်းမြွက်ဆိုကြကာ မိမိတို့နေရာ ထိုထိုအရပ်တို့သို့ ပြန်ကြကုန်လတ္တံ့။
( အင်္ဂုတ္တရ အဋ္ဌကထာ ၁၊ ၇၀)
မဟာဗောဓိစေတီတော်၌ ရေ မီးအစုံစုံ တန်ခိုးပြာဋိဟာ တို့ကို ပြတော်မူသည်၏ အခြားမဲ့၌ စကြာဝဠာတိုက်ပေါင်း များစွာမှ အသင်္ချေမက မရေမတွက်နိုင်သော နတ် ဗြဟ္မာတို့သည် အော် ဒီနေ့ ဒီအချိန်အခါမှ စ၍ မြတ်စွာဘုရား သာသနာတော်သည် အမှန်တကယ် ကွယ်လေပြီတကား ဟု သတိသံဝေဂ စိတ် ဖြစ်ပြီးလျင် တရားထူး ရသော အရိယာ အရေအတွက်သည်လည်း ဘယ်ရွေ့
ဘယ်မျှ ဟု မရေမတွက်နိုင်သော ဟူ၏။
ဝမ်းနည်းဖွယ် ကောင်းသည်မှာ ထိုသို့သော ပွဲတော်ကြီး၌ လူသား ဟူ၍ တယောက်မျှ မပါ ရှိခြင်းပင်၊မိမိအပါအ၀င်စာဖတ်သူများအား ဖြစ်နိုင်သော အကြံကို ပေးရလျင်ဖြင့် နတ်ပြည် ဗြဟ္မာ့ပြည် သုဂတိ ဘုံဋ္ဌာန တခုခုကို ရောက်အောင်သွား၍ အပြီးအသတ် ဓာတုပရိနိဗ္ဗာန်စံ ချိန်နှင့် ဆုံတွေ့နိုင်လျင် တရားထူးရနိုင်ကောင်း၏ ဟု အကြံပေးလိုပေသည်။ ဘာဖြစ်လို့လဲ ဆိုတော့ အသင်္ချေမက မရေမတွက်
နိုင်သော သတ္တ၀ါတွေထဲ ကိုယ်လဲ ရောယောင် ပါနိုင်သေးသည်ပေါ့လေ။
ထို့ကြောင့် ဤ ရာဇာယတန စေတီသည် ဓာတ်တော်အားလုံးစုရုံးရာ ဒုတိယနေရာ ဖြစ်သောကြောင့် မြင့်မြတ်သော စေတီတစ်ဆူ ဟုပင် ဆိုချင်ပါတော့သည်၊
နံနက်ဝေလီဝေလင်း စိတ်ကြည်လင်လန်းဆန်းနေချိန်မှာ ဘုရားဖူးရတဲ့အရသာက နှိုင်းဆလို့ မရခဲ့
ဓာတုပရိနိဗ္ဗာန် ၀င်စံသည့်အခါ ဓာတ်တော်အားလုံးစုပေါင်းမည့် ဒုတိယနေရာအဖြစ် ဖူးတွေ့ရသော ရာဇာယတနစေတီတော်
သူတို့ရဲ့ ယဉ်ကျေးမှု့က ပန်းအားလုံးကို ဒီလို ဘုရားရှေ့မှာ ပုံပြီး ပူဇော်ကြတယ် 
စာရေးသူ နှင့် ဝေးလံတဲ့ ကျွန်းဆီကို သွားနေကြတဲ့ ဘုရားဖူး ပြည်သူတွေ
နာဂဒီပ ကျွန်း သမိုင်းမှတ်တမ်းဓာတ်ပုံများ 
Jaffna နယ်စပ်မြို့သို့ သွားရာလမ်း၌ လာသမျှ အမြှောက် ဗုံးဆန်ကို မမှု့တဲ့ တမီးလ်ကျားသူပုန်တို့ရဲ့ ရွေ့လျား တင့်ကား( သံမဏိကိုယ်ထည်က တလက်မ နီးနီး အထု ရှိတယ် )
နာဂဒီပ ခရီးစဉ်၌ ဟိန္ဒူဘုရားကျောင်းဝယ်အခကြေးငွေဖြင့် တညတာ နားခိုခဲ့ရ
LinkWithin
Related Posts Plugin for WordPress, Blogger...