" ပရမာနံ ကမ္မံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့အတွက်သာဖြစ်၏ "

Saturday, January 30, 2010

ယောကျာင်္းဘ၀ ရလိုသော် ( ဆုံး )



နောက်တော့ ဒီဘာဝရုပ် ပြောင်းသွားတာကို ရှက်လွန်းလို့ သူငယ်ချင်းတွေ မသိအောင် ထွက်ပြေးပြီး တက္ကသိုလ်ပြည်က သူဋ္ဌေးသားတယောက်နဲ့ ရေစက်ဆုံလို့   သားသမီး ၂ ယောက် ရပြန်တယ် ၊  တနေ့မှာတော့ သောရေယျ ဘ၀က ငယ်သူငယ်ချင်းကို   တက္ကသိုလ်ပြည် ရောက်နေတာ တွေ့လိုက်တော့ သောရေယျ မြို့က သူဋ္ဌေး ဘယ်သူ ဘယ်သူတွေ အကြောင်းမေးမြန်းပြီး သူတို့ သားလေးရော ဘယ်မှာလဲ လို့ မေးလိုက်တယ်၊ ဒီတော့  သူငယ်ချင်း လုပ်သူက မပြောပါနဲ့တော့ကွာ ၊  သူ့မိဘတွေရော ငါတို့ရော  သေပြီ ထင်လို့ ရက်လည် ဆွမ်းသွပ်တွေတောင် လုပ်ပြီးသွားပါပြီ၊  ဆိုပြီး ၀မ်းနည်းပက်လက်နဲ့ ပြောပြရှာတယ်။
အမောင်   အဲဒီ သောရေယျ သူဋ္ဌေးသားဟာ ကျမ ပါပဲ၊
ဟယ် အရှင်မ ဘယ်လို ပြောလိုက်တာလဲ ၊ သွားစမ်းပါ၊ ကျနော်တို့ သူဋ္ဌေးသားက နတ်သားလေးလို ခန့်ညား တယ်၊ ဘယ်လို ဖြစ်နိုင်မလဲ ပေါ့။
အမောင်  အဲဒီ ရေချိုးသွားတဲ့ နေ့က အရှင်ကစ္စည်းမထေရ်ကို တွေ့လိုက်တယ် မဟုတ်လား၊
အင်း တွေ့မိပါတယ်၊ အဲဒါ ဘယ်လို ဆိုင်သလဲ အရှင်မ၊
ဆိုင်ပါသော်ကော၊ အဲဒီမထေရ်ကို ဒီလို ဒီလို စိတ်နဲ့ ပြစ်မှားမိလိုက်လို့  ယောက်ျားလိင်  ပျောက်ပြီး မိန်းမသားဘ၀ကို ရောက်နေတာပါ၊ လို့ သေချာရှင်းပြလိုက်တော့ ဟိုက တအံတသြနဲ့။
ဒါဆို  အဲဒီ မထေရ်ကို အရှင်မက မတောင်းပန်ဘူးလား၊  တောင်းပန်ရင် ပျောက်နိုင်ပါတယ်၊ ဆိုပြီး နောက်တော့ မထေ၇်ကို အိမ်မှာ ဆွမ်းပင့်ကပ်ပြီး - -
အရှင်ဘုရား  ဒိ အိမ်ရှင်မက အရင်က တပည့်တော် သူငယ်ချင်းယောကျာ်းလေးပါဘုရား။ သူက  အရှင်ဘုရား အပေါ်မှာ ဒီလို ဒီလို ပြစ်မှားမိခဲ့ ပါတယ်၊ ဒါကြောင့် အခုလို မိန်းမသားဘ၀ကို ရောက်နေရတာပါ။ အခု ၀န်ချ တောင်းပန်ပါတယ်။ သည်းခံစေချင်ပါတယ် ဘုရား ပေါ့။  
မထေရ်ကလဲ တေန ဟိ ဥဋ္ဌဟထ၊ ခမာမိ ဝေါ အဟံ -   ဒါဆိုလဲ ထပါတော့ ၊ ငါ  ခွင့်လွှတ်ပါတယ် လို့ မိန့်တော်မူလိုက်တယ်၊  ခမာမိ - ခွင့်လွှတ်ပါတယ် ဆိုတဲ့ စကား ဆုံးတာနဲ့ ဘ၀ကလဲ အရင်လို ယောကျာ်းလေးလိင် ပြောင်းလဲ သွားတယ်။
ဒီတော့ တက္ကသိုလ်ပြည်က လက်ရှိ အိမ်သား ကလဲ  အမောင် ဒီကလေး ၂ယောက်က ၀မ်းနဲ့ လွယ်ပြီး မွေးထားရတာမို့ မိဘ ပါပဲ၊ ဒီမှာပဲ နေပါ  တဲ့။
သောရေယျ သူဋ္ဌေးသားကတော့ ပါရမီတွေ ရင့်ကျက်ချိန် တန်လာပြီ လို့ ဆိုရပါမယ်၊ အမောင် သူများနဲ့ မတူပဲ  ထူးဆန်းတဲ့ ဘ၀အနေနဲ့  ပထမ ယောကျာ်းဘ၀၊ ဒုတိယ မိန်းမ ဘ၀၊ တတိယ ယောကျာ်းဘ၀ အနေနဲ့  ဖြစ်ရတာကို စိတ်ကုန်ပါပြီ၊ လူ့ဘ၀ကြီးကို ငြီးငွေ့လှပါပြီ၊ သာသနာ့ဘောင် ၀င်ပါတော့မယ်၊ ကလေးတွေကတော့  အရှင့်သား တာဝန်ပါပဲ ပြောပြီး   အားလုံး လွှဲအပ်ခဲ့တယ်။
အရှင်မဟာကစ္စည်း အထံမှာ ရဟန်းဝတ် ခဲ့ပေမယ့်  လူတွေက ဟိုးလေးတကျော် အုန်းအုန်း ကျွတ်ကျွတ် နဲ့  လိုက်လာပြီး အရှင်ဘုရား   အဖေဘ၀နဲ့ အမေဘ၀ က သားသမီး  ၄ ယောက်မှာ ဘယ်သားသမီးကို ပိုချစ်ပါသလဲ -  တဲ့။ 
ကုစ္ဆိယံ ၀ုတ္ထကေသု အာဝုသော -  ကိုယ်တိုင် ၀မ်းနဲ့ လွယ်ပြီး မွေးရတဲ့ ကလေးကို ပို ချစ်မိပါတယ် ဖြေရှာတယ်။

ဒီနေရာမှာ  ဖခင် မေတ္တာ နဲ့ မိခင် မေတ္တာ ဘယ်လို ကွာခြားတယ် ၊ နက်ရှိုင်းတယ် ဆိုတာကို သက်သေ အနေနဲ့ ထုတ်ဖော် သွားတာပါ၊ ဒါကြောင့်လဲ မိခင် မေတ္တာ ကို ဘယ်သူမှ တုနှိုင်းမမှီ နိုင်ဘူးလို့  မြတ်စွာဘုရားက ဟောကြားခဲ့တယ်။
လူတွေရဲ့ အုန်းအုန်း ကျွတ်ကျွတ် ဒဏ်၊ သတိ သံဝေဂစိတ်၊  အခြံအရံပရိသတ်တွေကို ရှောင်လွဲချင်လို့ တပါးတည်း သွား ရပ် ထိုင် လျောင်း  နဲ့ ၀ိပဿနာ ရှု့လိုက်တာ နောင်တချိန်မှာတော့ ရဟန္တာ ဖြစ်သွားခဲ့ ပါတယ်၊
နိဂုံးချုပ် အနေနဲ့  ကောင်းတဲ့ အာရုံ မကောင်းတဲ့ အာရုံတွေနဲ့ ရင်ဆိုင်ခဲ့ရရင် ကိုယ့်စိတ်ကို သတိတရား မလွတ်စေပဲ ထိန်းချုပ်လို့  လောကဓံတရားတွေကို ကြံ့ကြံ့ ခံနိုင်ပါစေ ၊ မြင့်မြတ်တဲ့ ယောကျားဘ၀ကိုလဲ ပိုင်ဆိုင်အောင် ကြိုးစားနိုင်ပါစေ လို့ ဆန္ဒပြု လိုက်ပါတယ်။

ယောကျာင်္းဘ၀ ရလိုသော်

အရှင်ဘုရား၊ တပည့်တော်တို့ မိန်းမသားဘ၀ကနေ ယောင်္ကျားဘ၀ကို ရအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိနိုင်ပါသလား၊ ယခု ရရှိနေတဲ့ မိန်းမသားဘ၀ရဲ့ ဒုက္ခတွေကို စိတ်ကုန်နေပါပြီ၊ ဒါကြောင့် ရနိုင်တဲ့ နည်းလမ်းရှိရင် ညွှန်ပြပေးပါဘုရား ၊

စင်္ကာပူက ဒကာမလေးတစ်ယောက်က မေးလာတဲ့ မေးခွန်းပါ၊ တကယ်ပဲ စိတ်ကုန်တာလား၊ ခဏတဖြုတ် ညစ်ညူးပြီး လျောက်ထားတာလား ဆိုတာ ကာယကံရှင်ပဲ သိပါလိမ့်မယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ စာပေမှာ ဘုရားရှင် ဟောထားတဲ့ စကားလေး တခွန်း ရှိတယ်၊ ဘ၀နိကန္တိက တဏှာ တဲ့၊ လူတိုင်း လူတိုင်း တိရိစ္ဆာန်တွေမှာရော နတ်ဗြဟ္မာတွေ အပါအ၀င်ပေါ့၊ ပုထုဇဉ် သတ္တ၀ါ အားလုံး ဟာ မွေးဖွားမလာခင် ပဋိသန္ဓေ နေစဉ်မှာကတည်းက လက်ရှိဘ၀ ခန္ဓာကိုယ်ကို တွယ်တာ မက်မော သာယာတတ်တဲ့ စိတ် ဆိုတာ ရှိတတ်ကြပါတယ်၊

သတ္တ၀ါတိုင်းဟာ ကိုယ့်ဘ၀ ဘယ်လောက် နုံချာစုတ်ပြတ်နေပါစေ၊ ကိုယ့်ရုပ်ရည် ချောမောတာ၊ ဆံပင်လေးတွေ ဖြောင့်ဆင်းလှပနေတာ၊ အသားအရေစိုပြေ ၀င်းနေတာ၊ လက်သည်း ခြေသည်းလေးတွေ နီထွေးနေတာ၊ ဒီလို အသေးစိတ်လေးတွေက လူတိုင်းမှာ တခုမဟုတ် တခု သာယာ မြတ်နိုးစရာ အနေနဲ့ ရှိတတ်ကြပါတယ်၊

အဲဒီ သာယာတဲ့ စိတ်ကလေး ကြောင့်ပဲ သတ္တ၀ါတွေဟာ ကိုယ့်ရဲ့ လက်ရှိဘ၀ကနေ နီးစပ်တဲ့ ဘ၀ကိုပဲ ပြန်လည်ရောက်ရှိကြတာဖြစ်တယ်၊ ( ဥပမာ ) ဒီဘ၀ မိန်းမသားဘ၀နဲ့ သေလွန်ခဲ့ရင် နောက်ဘ၀လဲ လူဘ၀ ပြန်ရမယ် ဆိုရင်ပေါ့ ၊ မိန်းမသားဖြစ်ဖို့ ၇၀ ရာခိုင်နှုန်း သေချာနေပါပြီ၊ ကျန်တဲ့ ၃၀ ရာခိုင်နုန်းက ပြုလုပ်ထားတဲ့ အခြားကံတွေကြောင့် အခြားဘ၀ကို ရနိင်ပါမယ်၊

အဲဒီ ဘ၀နိကန္တိက တဏှာ စိတ်လေးဟာ ဘယ်လောက် ဆွဲဆောင်အား ကောင်းသလဲ ဆိုတာ ကျမ်းဂန်တွေမှာ အထောက်အထားတွေ အများကြီး တွေ့ရပါတယ်။ ရာဇဂြိုလ်ဘုရင် ဗိမ္ဗိသာရရဲ့ မိဖုရား ခေမာထေရီ၊ ဥပ္ပလ၀ဏ်ထေရီ၊ စတဲ့ ရဟန္တာမကြီးတွေဟာ ကမ္ဘာပေါင်းတသိန်း ပါရမီ ဖြည့်ခဲ့ပေမယ့် ဘ၀တိုင်းလိုလို မိန်းမသားဘ၀ကိုပဲ တောင့်တ ပြီး ဖြတ်သန်းခဲ့ကြတာက သက်သေပါပဲ၊ နောက်ပြီး ကျောင်းအမကြီး ၀ိသာခါ လဲ အတူတူပါ။

ဒီနေရာမှာ ပြောစရာက သူတို့က အခု ပြောမဲ့ နည်းလမ်းကို မသိကြတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ မသိလို့ မကျင့်ဘူး၊ မကျင့်လို့ မဖြစ်တော့ဘူးပေါ့။ ဒီလိုပဲ ယောကျားလေးတွေကလဲ ကိုယ့်ရဲ့ လက်ရှိဘ၀ကို တွယ်တာစိတ်နဲ့ ဘ၀တွေကို ဖြတ်သန်း ခဲ့ကြလို့ နီးစပ်ရာ ဘ၀ကိုပဲ ဖြစ်ကြတယ်။ ကာမေသုမိစ္ဆာစာရကံ၊ ပရဒါရကံမျိုး မကျူးလွန်ဘူး ဆိုရင် သူတို့လဲ ဘ၀တိုင်း ယောကျာ်းဘ၀ကိုပဲ ဖြစ်ရမှာပါ။

ဣတ္ထိယော ပန ဒါနာဒီနိ ပုညာနိ ကတွာ ဣတ္ထိဘာဝေ ဆန္ဒံ ၀ိရာဇေတွာ ဣဒံ နော ပုညံ ပုရိသတ္တဘာဝ ပဋိလာဘာယ သံဝတ္တတူ တိ စိတ္တံ အဓိဋ္ဌဟိတွာ ကာလံ ကတွာ ပုရိသတ္တဘာဝံ ပဋိလဘန္တိ၊

ပဋိဒေ၀တာ ဟုတွာ သာမိကေ သမ္မာပဋိပတ္တိဝသေနပိ ပုရိသတ္တဘာဝံ ပဋိလဘန္တေ၀။

နည်းလမ်း ၁ အနေနဲ့ မိန်းမသားတွေဟာ ကုသိုလ်ကောင်းမှု့ မှန်သမျှ ပြုလုပ်တိုင်း ပြုလုပ်တိုင်း မိန်းမသားဘ၀ကို စိတ်ကုန်တဲ့ စိတ်နဲ့၊ ( စိတ်ကုန်တယ် ဆိုတာ ခဏတဖြုတ် စိတ်ဆင်းရဲတာမျိုးလောက် မဟုတ်ပါဘူး၊ သတိ သံဝေဂ ရလောက်အောင် စိတ်ကုန်တာမျိုးပါ) ယောကျာ်းစိတ်ဓာတ်မျိုးနဲ့ စိတ်ကို အဓိဋ္ဌာန်ပြီး ဒီကုသိုလ်ကောင်းမှု့ဟာ ယောကျားဘ၀ ရဖို့အတွက် အထောက်အပံ့ ဖြစ်ပါစေ ဆိုပြီး ဆုတောင်း ရပါမယ်၊

( ဣတ္ထိဘာဝေ ဆန္ဒံ ၀ိရာဇေတွာ ) ဆိုတဲ့ ပါဠိက အထက်က ပြောခဲ့တဲ့ ဘ၀နိကန္တိက တဏှာ ကို ရည်ညွှန်းပါတယ်၊ အဲဒီစိတ်ကို ကုသိုလ်ယူချိန် ဆုတောင်းချိန်မှာ ပယ်ဖျောက်ထားရပါမယ်၊

နည်းလမ်း ၂ ကတော့ အိမ်ထောင်သည် အမျိုးသမီးတွေအတွက် ကိုယ့်အိမ်ထောင်ဖက် အမျိုးသားအပေါ် မယားဝတ္တရားကျေပွန်အောင် ပြုစုယုယပေးရင်လဲ ယောကျားဘ၀ကို ရနိုင်ပါသတဲ့၊

စာရေးသူ အမြင်မှာတော့ ကိုယ့်ကံက ဆိုးလွန်းလို့ အိမ်ထောင်ဖက်က အရိုအသေ ပေးရလောက်အောင် အဆင့်မရှိပေမယ့်ကိုယ်က ၀တ္တရားကျေပွန်အောင်မေတ္တာမပျက် ပြုစုပေးပြီး ဆုတောင်းမယ် ဆိုရင် ပိုသင့်လျော်မယ် လို့ ထင်မိပါတယ်။ ဘာကြောင့်ဆို ကိုယ်က လိုချင်တာ ရှိနေတာကိုး၊ တခုကို လိုချင်လျင် တခုကို ပေးဆပ်ရမှာ ရင်းနှီးရမှာက လောက သဘ၀ ပါပဲ။

မေးခွန်းအနေနဲ့ ဒီလောက်ဆို လုံလောက်ပြီ ထင်ပါတယ်၊ သို့ပေမယ့် အဲဒီ ယောကျာ်းဘ၀ မိန်းမသားဘ၀နဲ့ ပက်သက်ပြီး ဘုရားရှင်လက်ထက်တော်က တကယ့်အဖြစ်အပျက်လေးကို ဆက်စပ်နေတာမို့ ဗဟုဿုတအနေနဲ့ မှတ်သားစေလိုပါတယ်။

မြတ်စွာဘုရားရှင်လက်ထက်တော်က သောရေယျမျြို့မှာ တဥိးတည်းသော သူဋ္ဌေးသား သောရေယျ ဆိုတာ ရှိခဲ့ဖူးတယ်၊ သူ့မှာ ဇနီး နဲ့ သားသမီး ၂ ယောက်လဲ ရှိတာပေါ့။ တနေ့မှာ အဖော်သူငယ်ချင်း နဲ့ နောက်ပါ အခြံအရံတွေနဲ့ မြစ်ဆိပ်ကို ရေချိုးအသွား လမ်းမှာ မြို့အပြင်ဘက် ဆွမ်းခံဝင်ဖို့ သင်္ကန်းရုံနေတဲ့ ရဟန္တာမထေရ် အရှင်မဟာကစ္စာယန ကို မြင်လိုက်မိတယ်၊ အဲဒီ အရှင် ကိုယ်ခန္ဓာကလဲ ရွှေရောင် လို ၀င်းဝါ တင့်တယ် နေသတဲ့။ ဒါကို မြင်ရတဲ့ သောရေယျ သူဋ္ဌေးသားက လူငယ်တို့ ဘာဝ မကြံစည်အပ်၊ တာကို ကြံလိုက်မိတယ်၊

အဟော ၀တ အယံ ၀ါ ထေရော မမ ဘရိယာ ဘဝေယျ၊ မမ ၀ါ ဘရိယာယ သရီရ၀ဏ္ဏော ဧတဿ သရီရ၀ဏ္ဏော ၀ိယ ဘဝေယျာ တိ။

( အော် ဒီမထေရ်များ ငါ့ ဇနီး ဖြစ်ရင် တော်တော် ကောင်းမှာပဲ၊ ဒါမှမဟုတ် ငါ့ဇနီး ရဲ့ ခန္ဓာကိုယ်အဆင်းဟာ သူ့ လို ၀င်းဝါနေရင် ကောင်းမှာပဲ )- လို့ မတော်မလျော် ကြံစည်လိုက်တာနဲ့ တပြိုင်နက် ယောက်ျားလိင် ပျောက်ပြီး မိန်းမအင်္ဂါ ပြောင်းလဲ သွားခဲ့တယ်၊

ဆက်ပါအုံးမည် - -

Friday, January 29, 2010

တပိုတွဲလပြည့် နှင့် သြ၀ါဒပါတိမောက်

သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ ဗုဒ္ဓသခင် သီတင်းသုံး နေတော်မူစဉ် အခါသမယ ဖြစ်၏။

တစ်နေ့သော် အရှင်အာနန္ဒာ မထေရ်သည် တစ်ကိုယ်တော် တစ်ပါးတည်း နေ့ သန့်စင်တော်မူစဉ် ဤသို့ စဉ်းစားမိ ပေသည်။

“ ယခု ငါတို့ သံဃာတော်များသည် လခွဲတစ်ကြိမ် ဥပုသ်နေ့ များ၌ အစည်းအဝေးပြုကာ မြတ်စွာဘုရားရှင်၏ ပါတိမောက် ပြခြင်းကို ကြားနာပြုပြင် ဆောက်တည် နေကြရသည်။ လွန်လေပြီးသော ဘုရားရှင်များ၏ လက်ထက်တော်က ယခုကဲ့သို့ပင် လခွဲတစ်ကြိမ် ဥပုသ်ပြု၍ ပါတိမောက်ကို ကြားနာရ ပေသလား။ ပါတိမောက် အဆိုအမိန့် ဒေသနာတော်များ သည်လည်း ယခုအတိုင်း ဖြစ်ပါသလား။

“ မြတ်စွာဘုရားသခင်သည် ငါတို့အား ခုနစ်ဆူသော ဘုရားရှင်တို့ ဗုဒ္ဓဝင်ကို ဟောကြားတော် မူခဲ့ပြီ၊ ထို ဘုရားရှင်တို့၏ တစ်ဆူနှင့်တစ်ဆူ မတူ ကွဲပြားကြသော အကြောင်းအရာများ ကိုလည်း ကြားနာ ခဲ့ကြရသည်။

ဥပမာအားဖြင့် -

၁။ ဝိပဿီမြတ်စွာဘုရား။ ။ ၉၁ ကမ္ဘာ၌ ပွင့်တော်မူသော ဝိပဿီမြတ်စွာဘုရားသည် ဗန္ဓုမတီပြည်၌ ဖွားမြင်တော်မူသည်။ ခမည်းတော် မယ်တော်ကာ ဗန္ဓုမတီမင်းကြီးနှင့် ဗန္ဓုမတီမိဖုရားကြီးဖြစ်၏။ နန္ဒ၊ သုနန္ဒ၊ သီရိမာ မည်သော နန်းမသုံးဆောင်၌ သုဒဿနာဒေဝီ မည်သော မိဖုရားနှင့် အနှစ်ရှစ်ထောင် မင်း၏ စည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား သမဝတ္တက္ခန္ဓကုမာရ ဖြစ်၏။

ရထားယာဉ်ကို စီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ရှစ်လမျှ ကျင့်တော်မူ၍ သခွတ်ပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ အဘိဘူမထေရ်နှင့် သမ္ဘဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ အသောကမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော် ခုနစ်ယူဇနာ ရှိ၏။ သက်တမ်းကား အနှစ်ရှစ်သောင်း ဖြစ်၏။

၂။ သိခီမြတ်စွာဘုရား။ ။ မဏ္ဍကမ္ဘာ၌ ပွင့်တော်မူ၏။ အရုဏဝတီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ အရုဏမင်းကြီးနှင့် ပဘာဝတီမိဖုရားကြီး တို့ဖြစ်၏။ သုစန္ဒက၊ ဂိရိ၊ ဝိသဘ ရွှေနန်းသုံးဆောင်၌ သဗ္ဗကာမာဒေဝီ မည်သော မိဖုရားနှင့် အနှစ်ခုနစ်ထောင်မျှ မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား အတုလကုမာရ ဖြစ်၏။

ဆင်ယာဉ်ကိုစီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ရှစ်လကျင့်တော်မူ၍ သရက်ဖြူပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ အဘိဘူမထေရ်နှင့် သမ္ဘဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ခေမင်္ကရမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော် သုံးယူဇနာ ရှိ၏။ သက်တမ်းကား အနှစ်ခုနစ်သောင်း ဖြစ်၏။

၃။ ဝေဿဘူမြတ်စွာဘုရား။ ။ မဏ္ဍကမ္ဘာ၌ ပွင့်တော်မူ၏။ အနောမမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ သုပ္ပတီတမင်းကြီးနှင့် ယသဝတီမိဖုရားကြီး တို့ဖြစ်၏။ ရုစိ၊ သုရုစိ၊ ရတိဝဍ္ဎန ရွှေနန်းသုံးဆောင်၌ သုစိတ္တာဒေဝီမိဖုရားနှင့် အနှစ်ခြောက်ထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား သုပ္ပဗုဒ္ဓမင်းသား ဖြစ်၏။

ရွှေထမ်းစင်ဖြင့် တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခြောက်လကျင့်တော်မူ၍ အင်ကြင်းပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ သောဏမထေရ်နှင့် ဥတ္တရမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဥပသန္တမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား အပိုင်းအခြား မရှိ။ သက်တမ်းကား အနှစ်ခြောက်သောင်း ဖြစ်၏။

၎။ ကကုသန်မြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ ခေမဝတီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ အဂ္ဂဒတ္တပုဏ္ဏားကြီးနှင့် ဝိသာခါပုဏ္ဏေးမ တို့ဖြစ်၏။ ကာမပြာသာဒ်၊ ကာမဝဏ္ဏပြာသာဒ်၊ ကာမသုဒ္ဓိပြာသာဒ် သုံးဆောင်၌ ရောစိနီမည်သော ပုဏ္ဏေးမနှင့် အနှစ်လေးထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား ဥတ္တရကုမာရ ဖြစ်၏။

ရထားယာဉ်ကို စီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ရှစ်လကျင့်တော်မူ၍ ကုက္ကိုပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ ဝိဓူရမထေရ်နှင့် သဉ္စီဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဗုဒ္ဓိဇမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော် ထက်ဝန်းကျင် ဆယ်ယူဇနာတိုင်တိုင် ပျံ့နှံ့ ကွန့်မြူး၏။ သက်တမ်းကား အနှစ်လေးသောင်း ဖြစ်၏။

၅။ ကောဏာဂုံမြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ သောဘဝတီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ ယညဒတ္တပုဏ္ဏားကြီးနှင့် ဥတ္တရာပုဏ္ဏေးမ တို့ဖြစ်၏။ တုသိတပြာသာဒ်၊ သန္တိသိတပြာသာဒ်၊ သန္တုဋ္ဌပြာသာဒ် သုံးဆောင်၌ ရုစိဂတ္တာမည်သော ပုဏ္ဏေးမနှင့် အနှစ်သုံးထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား သတ္တဝါဟကုမာရ ဖြစ်၏။

ဆင်ယာဉ်ဖြင့် တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခြောက်လကျင့်တော်မူ၍ ရေသဖန်းပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ ဘိယျောသမထေရ်နှင့် ဥတ္တရမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သောတ္ထိဇမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား အပိုင်းအခြား မရှိ။ သက်တမ်းကား အနှစ်သုံးသောင်း ဖြစ်၏။

၆။ ကဿပမြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ ဗာရာဏသီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ ဗြဟ္မဒတ္တပုဏ္ဏားကြီးနှင့် ဓနဝတီပုဏ္ဏေးမ တို့ဖြစ်၏။ ဟံသပြာသာဒ်၊ ယသပြာသာဒ်၊ သိရိနန္ဒပြာသာဒ် သုံးဆောင်၌ သုနန္ဒာမည်သော ပုဏ္ဏေးမနှင့် နှစ်ပေါင်းနှစ်ထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား ဝိဇိတသေနကုမာရ ဖြစ်၏။

စံနန်းပြာသာဒ်တော်နှင့်ပင် ကောင်းကင်ခရီးဖြင့် တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခုနစ်ရက်မျှကျင့်တော်မူ၍ ပညောင်ပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ တိဿမထေရ်နှင့် ဘာရဒွါဇမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သဗ္ဗမိတ္တမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား အပိုင်းအခြား မရှိ။ သက်တမ်းကား အနှစ်နှစ်သောင်း ဖြစ်၏။

၇။ ဂေါတမမြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ ကပိလဝတ်နေပြည်တော်၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ သုဒ္ဓေါဒနမင်းကြီးနှင့် မဟာမာယာမိဖုရားကြီး တို့ဖြစ်၏။ ရမ္မ၊ သုဘ၊ သုရမ္မဟူသော နန်းမသုံးဆောင်၌ ယသော်ဓရာမိဖုရားနှင့် ဆယ့်သုံးနှစ် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား ရာဟုလာ ဖြစ်၏။

ကဏ္ဍကမြင်းကိုစီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်တော်မူ၍ ညောင်ဗုဒ္ဓဟေ ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ ရှင်သာရိပုတ္တရာမထေရ်နှင့် ရှင်မဟာမောဂ္ဂလာန်မထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ညီတော်အာနန္ဒာမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား ကိုယ်တော်၏ အလံနှင့် ညီမျှစွာ လေးတောင်ခန့် ပျံ့နှံ့၍ တည်၏။ သက်တမ်းကား အနှစ်တစ်ရာ (၁၀၀) ဖြစ်၏။

ထိုကဲ့သို့ မြတ်စွာဘုရားသခင်သည် မိမိ၏ ဘဝ ဖြစ်စဉ်နှင့် တကွ အခြားသော ဗုဒ္ဓ ကိုယ်တော်များ၏ ဗုဒ္ဓဝင် ကို ဟောကြားတော် မူခဲ့၏။
မူရင်းကို ဒီဘလော့ မှ ပြန်လည်ဖော်ပြပါသည်။

ကလေးတို့အတွက် ဗုဒ္ဓ၀င် အကျဉ်း

ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓ၀င် အကျဉ်းချုပ်

မ, သိ, ကြ, လတ် ၊ တွေး, ဆ, အပ် ၊ နေ့မြတ် ခုနစ်ထွေ၊
သန်, ဖွား, တော, ပွင့် ၊ စက်, စု, သင့် ၊ ရှင်ပင့် သာကီဆွေ

ရှင်းလင်းချက်။
၁။
မ=ကြာသပတေးနေ့တွင်
သန်=ပဋိသန္ဓေ နေတော်မူပါသည်။

၂။
သိ=သောကြာနေ့တွင်
ဖွား=ဖွားမြင်တော်မူပါသည်။

၃။
ကြ=တနင်္လာနေ့တွင်
တော=တောထွက်တော်မူပါသည်။

၎။
လတ်=ဗုဒ္ဓဟူးနေ့တွင်
ပွင့်=ဘုရားပွင့် (ဖြစ်) တော်မူပါသည်။

၅။
တွေး=စနေနေ့တွင်
စက်=ဓမ္မစကြာတရား ဟောတော်မူပါသည်။

၆။
ဆ=အင်္ဂါနေ့တွင်
စု=စုတိ ( ပရိနိဗ္ဗာန် ) စံတော်မူပါသည်။

၇။
အပ်=တနင်္ဂနွေနေ့တွင်
သင့်=တေဇောဓာတ် ( မီးသင့် ) လောင်တော်မူပါသည်။

( လယ်တီဆရာတော် ရေးသားသော ဗုဒ္ဓ၀င်ဘုရားရှိခိုး လင်္ကာ )

၁။ သန္ဓေယူသောနေ့ ( မ=သန် )

သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြေ့၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကိုး။

၂။ ဖွားတော်မူသောနေ့ ( သိ=ဖွား )

သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကိုး။

၃။ တောထွက်သောနေ့ ( ကြ=တော )

ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊  ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရလှုံသည်၊ စုံမြိုင်ပင်ရိပ် ခန်းမှာကိုး။

၎။ ဘုရားဖြစ်သောနေ့ ( လတ်=ပွင့် )

တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊  ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြမ်းပါကိုး။

၅။ ဓမ္မစကြာဟောသောနေ့ ( တွေး=စက် )

ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊  စနေနေ့ဝယ်၊ ကြွေ့ ကြွေ့ လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။

၆။ ပရိနိဗ္ဗာန်စံသောနေ့ ( ဆ=စု )

တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါလေးဆယ့်ငါး၊ သက်ကား ရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊  အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၀ှန်းဆူသောင်းလုံး ကျော်တယ်ကို။

၇။ တေဇောဓာတ် လောင်သောနေ့ ( အပ်=သင့် )

နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇ်ာသည်၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။

ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊ အထွဋ်ခေါင်ဖျား၊ ကိုယ်တော်ဘုရားကို၊ သုံးပါးမှန်စွာ၊ ၀န္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။


( ကလေးတို့အတွက် ဗုဒ္ဓ၀င်အကျဉ်း )

၁။ လူအမည်=သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့=ဂေါတမ
၃။ မိဘအမည်=သုဒ္ဓေါဒနမင်း နှင့် မာယာဒေ၀ီ
၎။ ကြင်ယာတော်=ယသော်ဓရာ ( ဘဒ္ဒကဉ္စနာ )
၅။ ရင်သွေးတော်=ရာဟုလာ

၆။ ယောက်ဖတော်=ဒေ၀ဒတ်
၇။ မိထွေးတော်=ဂေါတမီ
၈။ နေပြည်တော်=ကပိလ၀တ်ပြည် ( သက္ကတိုင်း၊ မဇ္ဈိမဒေသ )။
၉။ ဖွားရာဌာန=လုမ္ဗိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟကြား )။
၁၀။ နန်းစံနှစ်=၁၃-နှစ်ကြာ ( ၁၆-နှစ်မှ ၂၉ နှစ် )။

၁၁။ နိမိတ်ကြီးများ=သူအို, သူနာ, သူသေ, ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘ၀=သုမေဓာရသေ့ဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့=ကဆုန်လပြေ့နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား=ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက်=သုမိတ္တာအမျိုးသမီး ( ယသော်ဓရာအလောင်း )။

၁၆။ ပါရမီဖြည့်ရာကာလ=လေးသင်္ချေနှင့် ကမ္ဘာတသိန်း ( သုမေဓာဘ၀ မှ ဝေဿန္တရာဘ၀အထိ )။
၁၇။ ပါရမီဖြည့်ရခြင်း၏ ရည်ရွယ်ချက်=သတ္တ၀ါများအကျိုး ဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာ ကျင့်ရသောနှစ်=၆-နှစ်ကြာ ( ၉၇-မှ-၁၀၃ ထိ )။
၁၉။ ဒုက္ကရစရိယာ ကျင့်သည့်နေရာ=ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန် သက်တော်=၃၅-နှစ်အရွယ်

၂၁။ ဘုရားပွင့်ရာ သက်တမ်း=၁၀၀-တမ်း
၂၂။ အလုပ်အကျွေး=ပဉ္စ၀ဂ္ဂီ ငါးဦး ( ဒုက္ကရစရိယာ ကျင့်ခိုက် )။
၂၃။ တရားဦးဟောသည့်နေရာ=ဗာရာဏသီ မိဂဒါဝုန်တော
၂၄။ ပထမဆုံး သာဝက=ပဉ္စ၀ဂ္ဂီ ငါးဦး
၂၅။ နောက်ဆုံးကျွတ်သော သာဝက=သုဘဒ္ဒပရိဗိုဇ်

၂၆။ လက်ယာရံ အဂ္ဂသာဝက-အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံ အဂ္ဂသာဝက=အရှင်မောဂ္ဂလာန်
၂၈။ အဆုံးအမ သာသနာ=ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ=သီလ, သမာဓိ, ပညာ
၃၀။ ချမှတ်သော လမ်းစဉ်=မဇ္ဈိမပဋိပဒါ ( မဂ္ဂင်လမ်းစဉ် )။

၃၁။ သန္ဓေယူသောနေ့=မဟာသက္ကရာဇ် ၆၇-ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့။
၃၂။ ဖွားမြင်သောနေ့=မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့။
၃၃။ တောထွက်သောနေ့=မဟာသက္ကရာဇ် ၉၇-ခု၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့။

၃၄။ ဘုရားဖြစ်သောနေ့=မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့။
၃၅။ ဓမ္မစကြာဟောသောနေ့=မဟာသက္ကရာဇ် ၁၀၃-ခု၊ ၀ါဆိုလပြည့်၊ စနေနေ့။
၃၆။ ပရိနိဗ္ဗာန်စံသောန့=မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့။
၃၇။ တေဇောဓာတ်လောင်သောနေ့=မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လဆုတ် ၁၂-ရက်၊ တနင်္ဂနွေနေ့။

လူသား နှင့် ကျွန်းကြီး လေးကျွန်း အပိုင်း ၃

တောင်ကျွန်းသူ/သားများ၏ သက်တမ်းသည် အမြဲမရှိပေ။ ဇမ္ဗုဒီပါ ခေါ် တောင်ကျွန်းက လူသားများသည် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ စကြာမင်းများ ဖြစ်တတ်ကြသည်။

ဇမ္ဗုဒီပ တောင်ကျွန်းသားများသည် မြောက်ကျွန်းသူ/သားများ ထက် လွန်မြတ်သော ဂုဏ်(၃)ပါးရှိသည်။

• ဒါန စသော ကုသိုလ်ကောင်းမှု ပြုလုပ်ရာမှာ ရဲရင့်သည်။
• အပ္ပမာဒ မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံသည်။
• အရိယာ မဂ်၊ ဖိုလ် မျိုးစေ့ကို ဖြစ်စေနိုင်သည်။

တခြားကျွန်တို့ထက် တောင်ကျွန်း၏ထူးမြတ်ခြင်းကြီး ၅-ပါးရှိသည်၊

• ယူဇနာတစ်သောင်းကျယ်၍ အခြားကျွန်းတို့ထက် ကျယ်ဝန်းခြင်း၊
• မဟောဗောဓိပင်နှင့် အပရာဇိတ ပလ္လင်တော်ပေါက်ရာဖြစ်ခြင်း၊
• ဘုရားပစ္စေကဗုဒ္ဓါတို့၏ ပွင့်ထွန်းပေါ်ပေါက်ရာ ဖြစ်ခြင်း၊
• စကြာ မန္ဓာတ်မင်းမြတ်တို့၏ ဖြစ်ပေါ်ရာဖြစ်ခြင်း၊
• နိဗ္ဗာန်သို့ ဖြောင့်တန်းစွာ ကူးနိုင်ရာကျွန်းမြတ် ဖြစ်ခြင်း။

မွေးဖွားပုံ ( ၄ ) မျိုး

`ဂဗ ၻေသယ်က ပဋိသေႏၶ´= လူတို့သည် ပုံမှန်အားဖြင့် `ဂဗ ၻေသယ်က ပဋိသေႏၶ´ တည်၍ မွေးဖွားကြသည်။ အမိဝမ်းတွင်း သန္ဓေတည်၍ မွေးဖွားသည်။

`ဥပပတ် ပဋိသန္ဓေ´ = ကမ္ဘာဦးအခါက `ဥပပတ် ပဋိသန္ဓေ´နဲ့ လူလာဖြစ်ကြသည်။ သစ်ပင်၊ ကြာတိုက် စသော စိမ်းစိုသည့် အရာဝတ္တု တစ်ခုခုကို မှီပြီး လူဖြစ်သည်။ (လူဖြစ်သည့် အရွယ်မှာ ၁၆-နှစ်ဖြစ်၍ တဖြေးဖြေးကြီးပြင်းလာသည်။) ကမ္ဘာဦးအခါက လူသားများ နှင့် အမ္ဗပါလီ သည် ဥပပတ် ပဋိသန္ဓေနှင့် မွေးဖွားသူများ ဖြစ်သည်။

`သံသေဒဇ ပဋိသန္ဓေ´= သစ်ပင်၊ ကြာတိုက် စသော စိမ်းစိုသည့် အရာဝတ္တု တစ်ခုခုကို မှီပြီး လူဖြစ်သည်။ ( ကလေးဘ၀မှ စ၍ တဖြေးဖြေးကြီးပြင်းလာသည်။) လူ့ဘုံတွင် သံသေဒဇ ပဋိသန္ဓေ နှင့် မွေးဖွားသူ အတော်များများရှိသည်။ ပဒုမ၀တီ မိဖုရား၊ ပဒုမ၀တီ၏သား(၄၉၉)ယောက်၊ အာကင်္ခ မင်းသမီး၊ ပေါက္ခရသာတိ ပုဏ္ဏား တို့သည် သံသေဒဇ ပဋိသန္ဓေနှင့် မွေးဖွားသူများ ဖြစ်သည်။

`အဏ္ဍဇ ပဋိသန္ဓေ´ = တိရစ္ဆာန်နှင့် လူသားတို့ အကြောင်းပါ၍ မွေးဖွားလာခြင်းဖြစ်သည်။ လူ့ဘုံတွင် အဏ္ဍဇ ပဋိသန္ဓေ တည်ခြင်း အလွန်ရှားသည်။

(ကလျာဏီကျောက်စာ အရ - တစ်ခါက နဂါးမနှင့် ၀ိဇ္ဖာဓိုရ် ပေါင်းသင်းခဲ့၍ နဂါးမတွင် ပဋိသန္ဓေ ရလာသည်။ သန္ဓေနှင့် နဂါးမသည် ဥနှစ်လုံးကို သဲပြင်၌ ဥခဲ့သည်။ ရသေ့တစ်ပါးတွေ့၍ ကောက်ယူသိမ်းထားလိုက်သည်။ အချိန်ကြာသောအခါ ဥ နှစ်လုံးမှ ယောင်္ကျားငယ် နှစ်ယောက် ဖွားမြင်လာသည်။ တစ်ယောက်က ဆယ်နှစ်အရွယ်တွင် ကျောက်ရောဂါနှင့် ဆုံးသွားသည်။ ကျန်တစ်ယောက်မှာ ကြီးပြင်းလာသောအခါ သုဝဏ္ဏဘူမ္မိ မြို့၌ သီဟရာဇာ အမည်ဖြင့် မင်းဖြစ်လာသည်။)

သေဆုံးပုံ ( ၄ ) မျိုး

မွေးလာပြီးလျှင် အကြောင်း (၄) ချက်နှင့် သေကြရသည်။

• အာယုက္ခယ = အသက်တမ်းကုန်၍ သေခြင်း။ ( ဖယောင်းတိုင် ဖယောင်းသားကုန်၍ မီးငြိမ်းရခြင်း )
• ကမ္မက္ခယ = ကံကုန်၍သေခြင်း ၊ ( ဖယောင်းတိုင် မီးစာကြိုးကုန်၍ မီးငြိမ်းရခြင်း )
• ဥဘယက္ခယ = အသက်တမ်းနှင့် ကံကုန်၍သေခြင်း၊ ( ဖယောင်းတိုင် မီးစာကြိုးရော ၊ ဖယောင်းသားပါကုန်၍ မီးငြိမ်းရခြင်း)
• ဥပစ္ဆေဒက = အသက်တမ်းနဲ့ ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံ က ဖြတ်သတ်၍ သေခြင်း (လေပြင်းတိုက်သောကြောင့် မီးငြိမ်းရခြင်း)

ကျမ်းကိုး
• န၀အင်္ဂုတ္တရအဌကထာ
• န၀ကအင်္ဂုတ္တိုရ် ပါဠိတော်
• မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
• တက္ကသိုလ်သျှင်သီရိ“နတ်ပြည်ရောက်လူသားတို့၏ ဘဝအတွေ့အကြုံများ”
• ဦးနန္ဒ(ဝိဇ္ဇာဂုဏ်ထူး)“ဘုံဘဝ ပုံပြတရားတော်”
• ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)`၃၁-ဘုံ ခရီးသည်´

Thursday, January 28, 2010

လူသား နှင့် ကျွန်းကြီး လေးကျွန်း အပိုင်း ၂

မြောက်ကျွန်းသူ/သားများသည် အရပ်မမြင့်လွန်း၊ မပုလွန်း ကြည့်ကောင်းရုံမျှ အချိုးအစားရှိသည်။ အိုမင်းခြင်း၊ ဆံဖြူခြင်း၊ ပါးရေတွန့်ခြင်း၊ အားအင်ဆုတ်ယုတ်ခြင်း မရှိ၊ အမြဲတင့်တယ်နေသည်။ မြောက်ကျွန်းတွင် အေးခြင်း၊ ပူခြင်း၊ မှက်၊ ခြင်၊ လေ၊ နေပူ၊ ကင်း၊ သန်း၊ သားရဲတိရစ္ဆာန် စသော အနှောက်အယှက် ဘေးရန်လုံးဝမရှိပေ။ အမြဲတန်း ရာသီဥတု မျှတ နေသည်။

မြောက်ကျွန်းသူ/သားများသည် လယ်ယာလုပ်ကိုင်ရခြင်း မရှိပေ။ မြေအလိုလို ပေါ်ပေါက်လာသည့် ဖွဲ အမြှေး ကင်းစင်သော သလေးဆန်ကို အိုးတွင်ထည့်၍ မီးကျီးအခိုးမထွက်သော ဇောတိပါသာဏ မီးကျောက်နှင့် ချက်ကာ စားသောက်ကြသည်။ (ဇောတိပါသာဏ မီးကျောက် သုံးခုကို ဖိုခနောက်လုပ်၍ သလေးဆန်ထည့်ထားသော ရွှေခွက်ကို တည်သည်။
မီးသည် သလေးဆန် မကျက်မချင်း ဖိုခနောက်မှ ထတောက်နေသည်။ သလေးဆန် ကျက်လျှင် မီးသည် အလိုလို ငြိမ်းသွားသည်။) တခြားဟင်းလျာများကို မစားကြပေ။ မိမိလိုလား တောင့်တသည့်အတိုင်း အရသာ ဖြစ်လာကြသည်။ ထို ဘောဇဉ်ကို စားသုံးကြသည့် အတွက် အနာရောဂါ လုံးဝကင်းရှင်းသည်။

မြောက်ကျွန်းသူ/သားများသည် ခါးကုန်းခြင်း၊ ခြေလက်ကောက်ခြင်း၊ ခွင်ခြင်း၊ ကိုယ်အင်္ဂါ ချို့တဲ့သည်များ လုံးဝမရှိပေ။ မြောက်ကျွန်းသူများသည် တင့်တယ်လျောက်ပတ်သော ရုပ်ဆင်းအင်္ဂါ ရှိကြသည်။ မြောက်ကျွန်းသူ မိန်းမများသည် လက်ချောင်းသွယ်သည်။ လက်သည်း နီသည်။ ရင်သားရှည်ပြီး ခါးသေးသည်။

လပြည့်ဝန်းနှင့် တူသောမျက်နှာ ရှိသည်။ မျက်လုံးကျယ်သည်။ နူးညံ့သည့် အသားအရေ ရှိသည်။ ပေါင်တံသွယ်သည်။ ဖြူစင်သော သွားများရှိသည်။ ချက်ကျ စောက်နက်သည်။ ဒူးဆစ် သေးသွယ်သည်။ ဆံပင်နက်သည်။ တင်ပါး ကျယ်သည်။ အမွှေးအမျှင် မထူမပါးရှိသည်။ စကားပြောလျှင် သိမ်သိမ်မွေ့မွေ့ ပြောဆို၏။ လက်ဝတ်တန်းဆာ အမျိုးမျိုး ၀တ်ဆင်တတ်သည်။ အသက်(၁၆)နှစ် အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။ ယောင်္ကျားများသည် အသက်(၂၅)နှစ် အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။

ယောင်္ကျားများသည် သားမယားအပေါ် စွဲစွဲလမ်းလမ်း ချစ်ချစ်ခင်ခင် မရှိကြ။ မြောက်ကျွန်းသူယောင်္ကျား၊ မိန်းမများသည် ကာမကိစ္စ တစ်သက်လုံးမှာ (၇)ရက်သာ ခံစား ကြသည်။ ကျန်ရက်များတွင် ရာဂကင်းစွာ နေထိုင်ကြသည်။ မြောက်ကျွန်းတွင် ကိုယ်ဝန်ဆောင်ခြင်း၊ သားဖွားခြင်း စသော ဒုက္ခများမရှိကြပေ။

သင်တိုင်းနီအတွင်းက ရွှေရုပ်ကလေးလို မိခင်၏ ၀မ်းပိုက်မှ ကလေးငယ်သည် အညစ်အကြေးမရှိ ထွက်လာကြသည်။ အမျိုးသမီးများ မွေးဖွားချိန်ကျသည့်အခါ ရောက်သည့်နေရာ၌ မွေးဖွားတတ်သည်။ မွေးဖွားသည့်အခါ ထိုင်၍မွေးဖွားသည်၊ အိပ်၍လဲ မွေးဖွား တတ်သည်။ မိခင်များသည် ဖွားမြင်ပြီင်္း သားသမီးများကို အငဲ့မကွက်မရှိဘဲ လူအများသွားသော လမ်းတွင် ထားပစ်ခဲ့ပြီး မိမိတို့သွားလိုရာကို သွားကြသည်။

ထိုကလေးငယ်များကို တွေ့သည့် ယောင်္ကျား၊ မိန်းမများက မိမိတို့၏ လက်ညှိုးကို ကလေးငယ်၏ ပါးစပ်ထဲသို့ ထည့်လိုက် လျှင် နို့ထွက်လာသည်။ လက်ညှိုးက ထွက်လာသည့် နို့ကိုသာ စို့ရပြီး အားအင်ဖြစ်လာကြရသည်။ မိန်းကလေးဖြစ်လျှင် မိန်းမကြီးများဆီ၊ ယောင်္ကျားကလေး ဖြစ်လျှင် ယောင်္ကျားကြီးများဆီ သွားရောက် နေထိုင်ကြရသည်။
မြောက်ကျွန်းတွင် သားက အမိကို မသိ၊ အမိက သားကို မသိ `သားနှင့် အမိ´သည် ယောင်္ကျား မိန်းမ သဘောအရ တပ်မက်ခြင်း မရှိကြ။ ထိုသို့ဖြစ်ခြင်းမှာ သူတို့တွင်ရှိသော တရားသဘောများ၏ ဓမ္မတာ အစွမ်းသတ္တိကြောင့် ဖြစ်သည်။

အမြင့် ယူဇနာ တစ်ရာရှိသော ပဒေသာပင်များသည် နေရာတိုင်းလိုလို ရှိနေကြသည်။ ပဒေသာပင်၌ သစ်သီး သီးသကဲ့သို့ မျိုးစုံသော အ၀တ်တန်ဆာများနှင့် တူရိယာများ ရှိကြသည်။ လိုချင်သော ပစ္စည်းကို အပင်ရင်းက ဖြစ်စေ၊ အကိုင်းကြားက ဖြစ်စေ လက်ဖြန့်ထားလျှင် အလိုအလျောက်ရသည်။ အသီးသီးသော သစ်ပင်များတွင် ရေအိုးမျှ အရွယ်ရှိ ချိုမြိန် ကောင်းမွန် သော အသီးများ သီးသည်။

ထိုအသီးများကို စားလျှင် (၇)ရက် အဆာပြေသည်။ မြစ်များတွင် အလွန်ကြည်လင် သော ရေများရှိသည်။ ရွံ့ညွှံ သဲ လုံးဝမရှိ။ ရနံ့မွှေးကြိုင်သော ပန်းများသည် အမြဲ တင့်တယ်လှပ နေသည်။ ဆူးရှိသောမြက်၊ ကြမ်းတမ်းသော ချုံပင်များ လုံးဝမရှိပေ။ မြောက်ကျွန်းတွင် စန္ဒကူး၊ ကံ့ကော်ပင်များသည် အလိုလို နံ့သာရည်များ ယိုထွက် နေကြသည်။

မြောက်ကျွန်းသူ/သားများသည် ကိုယ့်ဟာ၊ သူ့ဟာ ခွဲခြားမှု မရှိကြ။ ထို့ကြောင့် ငြင်းခုန်၊ ခိုက်ရန်ဖြစ်ခြင်း လုံးဝမရှိပေ။ မြောက်ကျွန်းသူ/သားများသည် လူသေကို တွေ့လျှင် မငိုကြ၊ သောက မဖြစ်ကြ။ လူသေကောင်ကို အ၀တ်တန်ဆာ ဆင်ယင်ပြီး စွန့်ပစ်လိုက်ကြသည်။

ငှက်များက လူသေကောင်ကို တစ်ခြားကျွန်းသို့ ယူဆောင် သွားကြသည်။ ထို့ကြောင့် မြောက်ကျွန်းတွင် သင်္ချိုင်း မရှိပေ။ မြောက်ကျွန်း သူ/သားများသည် သေသောအခါ အပါယ်လေးဘုံသို့ မရောက်၊ ငါးပါးသီလ မြဲသောကြောင့် နတ်ပြည်၌သာ စံရသည်။ အမြဲတမ်း အသက်(၁၀၀၀)ပြည့်အောင် နေကြရသည်။
• မြောက်ကျွန်းသူ/သားများသည် ဇမ္ဗုဒီပ တောင်ကျွန်းသားများထက် ပိုလွန်သော ဂုဏ်(၃)ပါးရှိသည်။

၁။ မြောက်ကျွန်းသူ/သားများသည် ငါ့ရွှေ၊ ငါ့ငွေရယ်ဟု မြတ်နိုးမနေပေ။
၂။မြောက်ကျွန်းသူ/သားများသည် ငါ့လင်၊ ငါ့သား၊ ငါ့မယား ဟူ၍ သိမ်းဆည်း မနေပေ။
၃။မြောက်ကျွန်းသူ/သားများသည် အသက် တစ်ထောင် အမြဲနေကြရသည်။

ဇမ္ဗုဒီပါ လက်ျာ တောင်ကျွန်း

တောင်ကျွန်း၏ အကျယ်အ၀န်းသည် ယူဇနာ (၁)သောင်း ရှိသည်။ တောင်ကျွန်း၏ ပုံသဏ္ဌာန်သည် လှည်းဦးဆုံနှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လှည်းဦးဆုံနှင့် တူသည်။
တောင်ကျွန်း၏ မြောက်ဘက် ကျွန်းဦးတွင် အမြင့် တစ်ဆယ့်ငါး ယူဇနာ ရှိသော ဇမ္ဗုသပြေပင် ရှိသည်။ ထို့ကြောင့် ယခု ကျွနုပ်တို့ ရှိနေသော ကျွန်းကို ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း ဟုခေါ်တွင်လေသည်။

ဆက်ပါအုံးမည် - -

လူသား နှင့် ကျွန်းကြီး လေးကျွန်း



“လူ”ဟူသည် ပါဠိဝေါဟာရ“မနုဿ”ဟူသော ပုဒ်မှ ဆင်းသက်လာသည်။ အဋ္ဌကထာ(အဖွင့်)ဆရာက “လောဘ၊ အလောဘ အစရှိသည်တို့နှင့် တကွဖြစ်သော စိတ်၏ပြန့်ပြောများပြားသည်၏ အဖြစ်ကြောင့် လူ မည်၏။” ဟု ဖွင့်ဆို ရှင်းပြထားသည်။ အခြားဘုံသားများထက် ကုသိုလ်၊ အကုသိုလ်အရာတို့၌ ထက်မြက် ရဲရင့်၊ ခိုင်မြဲသော သတိရှိကြပြီး ဆန်းကြယ်သော စိတ်နှလုံးရှိသူကို “မနုဿ” (လူ)ဟုခေါ်သည်။

တစ်နည်း - ကမ္ဘာဦးက သမ္မတမင်းသည် “မနု” မည်၏။ ထို မနုမင်း၏ အဆုံးအမ၌ တည်ကြသဖြင့် မနုမင်း၏ သားသမီးများသဖွယ် ဖြစ်ရကာ “မနုဿ”ဟု အမည်ရသည်။

တလူလူမြင့်မားတက်ကြွနေသော အဓိပ္ပာယ် သက်ရောက်သော မြန်မာအခေါ် မြန်မာပညတ်(လူ)ဟူသည်နှင့် ထပ်တူလိုပင် ဖြစ်နေပါသည်။

လူ့ဘုံ

မနုဿဘုံသည် လူ့တို့နေထိုင်ရာဘုံဖြစ်သည်။ ဤလူ့ဘုံသည် မျက်မြင်ထင်ရှားဖြစ်သည်။ လူတို့၏ထူးခြားချက်မှာ နိဗ္ဗာန်ရောက်အောင် ကျင့်ကြံနိုင်ခြင်း ဖြစ်သည်။

လူ့ဘဝ ရဖို့ရာ လူ့ပြည်မှ အပ်တစ်စင်းနှင့် ဗြဟ္မာပြည်က အပ်တစ်စင်းတို့ အချင်းချင်းထိခိုက်မိနိုင်ဖို့ ခက်ခဲတာထက် အဆပေါင်းများစွာ ခက်ခဲလှပါသည် ဟုအဆိုရှိသည်။ မြတ်စွာဘုရားဟောကြားထားသော နခသိခသုတ်ကို ထောက်ရှုခြင်း အားဖြင့် လူ့ဘုံမှာစုတေ၍ သေလွန်ကြကုန်သော သူတို့တွင် လူဘုံသို့ ရောက်ရှိသော သူမှာ မြတ်စွာဘုရား၏ လက်သဲခွံပေါ်ရှိ မြေမှုန့်ပမာဏသာရှိ၍ အပါယ်လေးဘုံသို့ ကျရောက်သော သူတို့မှာ ဂင်္ဂါမြစ်လွင်ပြင်ရှိ မြေမှုန့်ပမာဏ ရှိသည်။ နှိုင်းဆလို့မရအောင် ကွာခြားလှသည်။

အမှန်စင်စစ် လူ့ဘဝသို့ ရောက်ရှိလာခြင်းသည် အမိအဘတို့ရဲ့ သွေးသားကြောင့်သက်သက် ရောက်ရှိလာရတာ မဟုတ်ပါ။ မိမိတို့ ရှေးကပြုခဲ့ဖူးသော ကောင်းမှုကုသိုလ် ကံအကျိုးပေး များစွာကြောင့် (တစ်နည်း) ဂတိသမ္ပတ္တိနဲ့ပြည့်စုံလာ သည့်အတွက်ကြောင့် ရန်ုင်ခဲလှသည့် လူ့ဘဝကို ရရှိခြင်း ဖြစ်သည်။ အမိအဘတို့၏ သွေးသားဆိုသည်မှာ အထောက်အပံ့မျှသာ ဖြစ်ကြသည်။


လူ့ဘဝရရှိကြသော်လည်း လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ မိမိတို့ရှေးဘဝကပြုခဲ့ဖူးသော ကံတွေကြောင့် မတူညီကြဘဲ ကွဲပြား ခြားနားနေ ကြပါသည်။ ယောင်္ကျားဘဝ၊ မိန်းမဘဝ၊ ယောင်္ကျားမဟုတ် မိန်းမမဟုတ် (နပုန်းပဏ္ဍုက်)ဘဝ တို့ ဖြစ်ကြသည်။
ယောင်္ကျားဘဝသည် မိန်းမဘဝထက် သာ၍ မြင့်မြတ်ပေသည်။ ယောင်္ကျား ဘဝဖြစ်စဉ်မှာ ကာမေသုမိစ္ဆာစာရ အကုသိုလ်ကံကို ကျူးလွန်မိခဲ့ပါက သေလျှင် ငရဲကျမည်။ ငရဲမကျပဲ လူပြန်ဖြစ်လျှင် မိန်းမဘဝမှာ ဖြစ်ကြရသည်။ (အရှင်အာနန္ဒာ မထေရ်မြတ်ကြီးပင်လျှင် အတိတ်ဘဝတစ်ခုမှာ ကာမေသုမိစ္ဆာစာရ ကံကို ကျူးလွန် မိခဲ့သည့် အတွက် မိန်းမဘဝ ဖြစ်ခဲ့ရဖူးသည်။)

လူလေးမျိုး

လူဟုဆိုရာတွင် ဝိမာနအဋ္ဌကထာ၌ လူသည် သာမညအားဖြင့် တစ်မျိုးတစားတည်းသာဖြစ်သော်လည်း အထူးပြုခွဲခြားလျှင် လေးမျိုးရှိကြောင်း  တွေ့ရသည်။
•    လူ့ငရဲသား
•    လူ့ပြိတ္တာ
•    လူ့တိရစ္ဆာန်
•    လူသားစစ်စစ်

(၁)လူ့ငရဲသား
သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း စသော မပြုသင့်သည်ကိုပြုခဲ့လျှင် မင်းပြစ်ဒဏ်ကြောင့် လက်ခြေဖြတ်ခြင်း စသောအပြစ်ပေးခံရပြီး ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရသူများ။

(၂)လူ့ပြိတ္တာ
ရှေးကပြုခဲ့ဖူးသော မကောင်းမှုကြောင့် (ရှေးက ကောင်းမှုကို မပြုခဲ့သောကြောင့်) အစားအစာ အဝတ်အထည်ကို မရရှိ၊ ဆာလောင်ခြင်းဖြင့် နှိပ်စက်ခံနေရ၍ ဆင်းရဲကြီးစွာ ရပ်တည်ရာမရ ကတိမ်းကပါး ပြေးလွှားရှာဖွေနေ ရသူများ။

(၃)လူ့တိရစ္ဆာန်
သူတစ်ပါးနှင့် စပ်လျှင်း၍ အသက်မွေးရသဖြင့် သူတစ်ပါး၏ တာဝန်ဝတ္တရားများကို မနေမနားထမ်းဆောင်သွားလာနေရသူများ၊ လူ့လောက စည်းမျဉ်းဥပဒေကို ကျော်ဖျက်၍ မလိုအပ်သည်ကို လုပ်သဖြင့် အစိုးရမင်း စသော တစ်ပါးသူတို့ ခြိမ်းခြောက်မှုကြောင့် သေဘေးကိုကြောက်၍ တောတောင်ထဲသို့ ပြေးဝင်ရပြီး အိပ်လိုခြင်း၊ စားလိုခြင်း၊ ဆာလောင်ခြင်း ဆင်းရဲကို ပယ်ဖျောက်ရုံမှတစ်ပါး အခြားမည်သည့်အကျိုးအကြောင်း ဟုတ်သည် မဟုတ်သည်ကိုမျှ မစဉ်းစားနိုင်ဘဲ ဒုက္ခကြီးစွာ လှည့်လည်ထွက်ပြေး နေရသူများ။

(၄)လူသားစစ်စစ်
မိမိ၏ အကျိုးစီးပွားကိုသိ၍ ကံ ကံ၏အကျိုးကို ယုံကြည်ကာ မကောင်းမှုမှာ ရှက်ခြင်း၊ ကြောက်ခြင်းတို့နှင့် ပြည့်စုံပြီးလျှင် သတ္တဝါတို့အပေါ်၌ သနားခြင်းရှိသည့်အပြင် သံဝေဂတရားရှိသည့်အလျောက် အကုသိုလ်တရားတို့ကို ရှောင်ကြဉ်ကာ ကုသိုလ်တရား တို့ကို ကောင်းစွာကျင့်သုံးပြီး ဒါန၊ သီလ၊ ဘာဝနာ စသော ပုညကြိယာ ဝတ္ထုဆယ်ပါးနှင့် ပြည့်စုံသောသူများ။

ကျွန်းကြီး ( ၄ ) ကျွန်း၊  ကျွန်းငယ် ( ၂၀၀၀ )

လူ့ဘုံ(မနုဿဘုံ)တွင် အရှေ့ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း၊ တောင်ကျွန်း ဟူသော ကျွန်းကြီး(၄)ကျွန်းရှိသည်။ ကျွန်းကြီး(၄)ကျွန်းတွင် တစ်ကျွန်းစီ၌ ကျွန်းငယ်ပေါင်း(၅၀၀)စီ ရံထားလေသည်။ ထို့ကြောင့် ကျွန်းငယ်(၂၀၀၀)ရှိသည်။ ကျွန်းကြီး(၄)ကျွန်း၊ ကျွန်းငယ်(၂၀၀၀)ရှိသော လူ(မနုဿ)တို့၏ နေရာကို လူ့ဘုံဟု ခေါ်သည်။

ကျွန်းကြီး(၄)ကျွန်း

  • ပုဗ္ဗ၀ိဒေဟ = အရှေ့ကျွန်း
  • အပရဂေါယာန = အနောက်ကျွန်း
  • ဥတ္တရကုရု = မြောက်ကျွန်း
  • ဇမ္ဗုဒီပ = တောင်ကျွန်း

ပုဗ္ဗ၀ိဒေဟ ခေါ် အရှေ့ကျွန်း

အရှေ့ကျွန်း၏ အကျယ်အ၀န်းသည် ယူဇနာ (၇)ထောင် ရှိသည်။ အရှေ့ကျွန်း၏ ပုံသဏ္ဌာန်သည် လထက်ဝက်ခြမ်းနှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာ သဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လထက်ဝက်ခြမ်းသဏ္ဌာန် ဖြစ်သည်။

 အရှေ့ကျွန်း၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် တစ်ယူဇနာ အမြင့်ရှိသော ကုက္ကိုပင်ရှိသည်။ အရှေ့ကျွန်းသူ/သားများသည် ကုန်ရောင်း၊ ကုန်ဝယ် စသော ပညာနှင့် အသက် မွေးလုပ်ကိုင်ရသည့် အလုပ်ကို လုပ်ကိုင်ကြသည်။ အသက်(၇၀၀) ရှည်ကြသည်။


အပရဂေါယာန ခေါ် အနောက်ကျွန်း

အနောက်ကျွန်း၏ အကျယ်အ၀န်းသည် ယူဇနာ (၇)ထောင် ရှိသည်။ အနောက်ကျွန်း၏ ပုံသဏ္ဌာန်သည် လပြည့်ဝန်းနှင့် တူသည်။ ထိုကျွန်းနေလူတို့၏ မျက်နှာ သဏ္ဌာန် မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လပြည့်ဝန်းသဏ္ဌာန် ဖြစ်သည်။

အနောက်ကျွန်း၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် တစ်ယူဇနာ အမြင့်ရှိသော ထိန်ပင်ရှိသည်။ အနောက် ကျွန်းသူ/သားများသည် နွားယာဉ်ကို စီး၍ သွားလာနေထိုင် တတ်သည်။ အသက်(၅၀၀) ရှည်ကြသည်။

ဥတ္တရကုရု ခေါ် မြောက်ကျွန်း

မြောက်ကျွန်း၏ အကျယ်အ၀န်းသည် ယူဇနာ (၈)ထောင် ရှိသည်။ မြောက်ကျွန်း၏ ပုံသဏ္ဌာန်သည် အင်းပျဉ်မှန်နှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ အင်းပျဉ်မှန်နှင့် တူသည်။ မြောက်ကျွန်း ၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် အမြင့် ယူဇနာတစ်ရာ ရှိသော ပဒေသာပင်ရှိသည်။

မြောက်ကျွန်းသူ/သားများသည် အလိုရှိရာကို ပဒေသာပင်မှ ဆွတ်ယူစားသောက်ပြီး ချမ်းချမ်းသာသာ နေထိုင်ကြရသည်။ အသက်(၁၀၀၀) ရှည်ကြသည်။ မြောက်ကျွန်း သူ/သားများသည် ဥပစ္ဆေဒကကံ နှင့် သေခြင်းမျိုးမရှိပေ။ အခက်အလက်စိတ်ပြီး ပြဿဒ်ကြီးများနှင့် တူသော သစ်ပင်ကြီးများ နေရာအနှံ့ ပေါက်ရောက်နေသည်။
ကျွန်းသူ/သားများသည် ထိုသစ်ပင်ကြီးများကို နေအိမ်အဖြစ် အသုံးပြု နေထိုင်ကြသည်။ အိပ်လိုသည့်အခါ အိပ်ယာများသည် အဆင်သင့် ဖြစ်နေ၏။ ကြာမျိုးငါးပါးနှင့် ဖုံးလွှမ်းနေသော အလွန်သာယာသည့် ရေကန်များလည်း ရှိသည်။

ဆက်ပါအုံးမည် - -

Tuesday, January 26, 2010

ကောသလအိပ်မက် ၁၆ ချက်

၁။ နွားလေးကောင် အိပ်မက်

နွားနက် လေးခု ၊ ဝှေ့မှု ဟန်ပြင် ။
မဝှေ့ကြပဲ ၊ ရှောင်လွဲသည်မြင် ။
အရှေ့-အနောက် ၊ တောင်-မြောက် မိုးဆင် ။
ခြိမ်းသံပေး ၊ မိုးဝေး လွင့်ပျောက်စင် ။

၂။ သစ်ပင်ငယ် အိပ်မက်

မြေက မကြွ ၊ ငယ်လှ သစ်ပင် ။
ဖူးငုံ ရင့်ပြီး ၊ ပွင်းသီးတွေမြင် ။
အရွယ် မမျှ ၊ ပျိုမ မယ်ခင် ။
သမီး သား ၊ လင်ထား အိမ်ထောင်ချင် ။

၃။ နွားကြီးနို့စို့ အိပ်မက်

ယနေ့ ဖွားစ ၊ နွားမ နို့သာ ။
မိခင် နွားကြီး ၊ စို့ပြီး နေရှာ ။
သမီးနှင့် သား ၊ စီးပွားပိုင်ရာ ။
မိနှင့် ဖ ၊ ကျွေးမှ စားရမှာ ။

၎။ နွားးငယ်ဝန်တိုက် အိပ်မက်

နွားကြီး မကြိုက် ၊ ၀န်တိုက် နွားငယ် ။
မရုန်းနိုင်ဘဲ ၊ ၀ပ်လဲ နေတယ် ။
ကြီးသူ ပယ်ရှား ၊ မြှောက်စား လူငယ် ။
တိုင်းပြည်ရေး ၊ ရှုပ်ထွေး ပွေတော့မယ် ။

၅။ ခံတွင်းနှစ်ခွမြင်း အိပ်မက်

ခံတွင်း နှစ်ခွ ၊ မြင်းလှ ရာဇာ ။
ကျွေးကျွေး သမျှ ၊ မ၀ နိုင်ပါ ။
မှူးမတ် မင်းစိုး ၊ လာဘ်ထိုးသူရှာ ။
နှစ်ဖက်စား ၊ တရား စီရင်မှာ ။

၆။ ရွှေခွက်နှင့်ခွေး အိပ်မက်

ခွေးအိုထံဆက် ၊ ရွှေခွက် သိန်းတန် ။
ကျင်ငယ် အမြဲ ၊ ခွက်ထဲ စွန့်ပြန် ။
မျိုးမြတ် သမီး ၊ ပစ္စည်း မက်ဟန် ။
အမျိုးယုတ် ၊ လင်လုပ် ပေါင်းဆက်ဆံ ။

၇။ ခွေးသူခိုးမ အိပ်မက်

ရှေ့က ကျစ်ချ ၊ လွန်စ ကြိုးကို ။
ခွေးမ ခိုးစား ၊ ကိုက်ဝါးကာမျို ။
လင်ကြီး ပစ္စည်း ၊ သိမ်းဆည်း မသို ။
လင်မြှောင်အား ၊ မယား လောကွတ်ပို ။

၈။ ရေပြည့်အိုး အိပ်မက်

အိုးငယ် ချည်းနှီး ၊ အိုးကြီး ရေလျှံ ။
အိုးကြီးကိုပဲ ၊ ရေဆွဲလောင်းပြန် ။
ဆင်းရဲသူများ ၊ ၀တ်စားမကျန် ။
အခွန်တွက် ၊ နှိပ်စက် ငွေတောင်းခံ ။

၉။ ရေကန်ကြီး အိပ်မက်

ကြာမျိုး ငါးဝ ၊ ပွင့်ကြ ရေကန် ။
ရေလယ် နောက်လျက် ၊ ကမ်းဘက် ကြည်ပြန် ။
မြို့တွင်း ပူရှုပ် ၊ ခွန်တုတ် ကောက်ခံ ။
မြို့ပြင်ထွက် ၊ ပြည့်နှက် စည်ကားရန် ။

၁၀။ ထမင်းအိုး အိပ်မက်

တအိုးတည်းချက် ၊ အကျက် မညီ ။
ထမင်း မာဆတ် ၊ ပျော့နပ် သုံးလီ ။
မင်းနှင့် လူများ ၊ တရား မမှီ ။
မိုးသုံးစား ၊ ကွက်ကျား ရွာချမည် ။

၁၁။ စန္ဒကူးနှစ် အိပ်မက်

မွှေးထုံနံ့ကြူး ၊ စန္ဒကူး သိန်းတန် ။
ပုန်းရည်နှင့်လဲ ၊ သုံးစွဲ စားပြန် ။
အလဇ္ဇီများ ၊ တရား ဖိုးတန် ။
ငွေနှင့်လဲ ၊ အမြဲ ဟောမည်မှန် ။

၁၂။ ဗူးတောင်း အိပ်မက်

သံကြေး မပေါင်း ၊ ဗူးတောင်း ဗူးအုံ ။
ရေတွင် စုပ်စုပ် ၊ နစ်မြုပ် လုံးစုံ ။
ပညာရှိများ ၊ စကား ဥဿုံ ။
ပြောသမျှ ၊ လောက မသုံးကုန် ။

၁၃။ ကျောက်ခဲကြီး အိပ်မက်

အိမ်လုံး တောင်လုံး ၊ ကျောက်တုံး ကျောက်ဖြာ ။
ရေမှ ဘွားဘွား ၊ ထင်ရှားပေါ်လာ ။
ရဟန်း ရှင် ဆိုး ၊ လူဆိုးများသာ ။
ဂုဏ်ရောင်တိုး ၊ တန်ခိုး ပေါ်ထွက်မှာ ။

၁၄။ ဖားငယ်မ အိပ်မက်

အဆိပ် ပြင်းတောက် ၊ မြွေဟောက်ကြီးကို ။
ဖားငယ်မများ ၊ ကိုက်ဝါးကာမျို ။
ကညာ ယူထား ၊ သက်ထား ဖိုးအို ။
မယားဆဲ ၊ အမြဲ အော်ငေါက်ဆို ။

၁၅။ ကျီးငှက် အိပ်မက်

အဆင်း မည်းနက် ၊ ကျီးငှက် ထံမှာ ။
ရွှေဟင်္သာများ ၊ ခ-စား နေပါ ။
ပညာ သီလ ၊ ပြည့်ဝသူဟာ ။
သူယုတ်အား ၊ ၀ပ်တွား နေရမှာ ။

၁၆။ သစ်နှင့်ဆိတ် အိပ်မက်

ဆိတ်ကို မြင်ငြား ၊ ကြောက်အား ပြင်းထန် ။
ခြင်္သေ့ သစ်ကျား ၊ ခုန်လွှား ပြေးပြန် ။
သူယုတ်မာများ ၊ ထောင်လွှား နိုင်ငံ ။
သူတော်ကောင်း ၊ ပုန်းအောင်း တောမြိုင်ယံ ။

မှတ်ချက်။
လယ်တီပဏ္ဍိတ ဆရာ ဦးမောင်ကြီး-ရေးဖွဲ့သော ကဗျာများ ဖြစ်ပါသည်။
ရှေ့ ၂-ပိုဒ်ကို ကောသလမင်း၏ အိပ်မက် စကား၊
နောက် ၂-ပိုဒ်ကို မြတ်စွာဘုရား၏ အဖြေစကား-ဟု မှတ်ယူကြပါ။
အမေ့အိမ် မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။

Monday, January 25, 2010

ဝိဇ္ဖာဓိုရ် ဇော်ဂျီ တပဿီ နိဂုံး

ဒါကြောင့် ၀ိဇ္ဇာဓိုရ် ဆိုတာ ၀ိဇ္ဖာ+ ဓရ = အသိပညာ အတတ်ပညာကို ကျင့်နေသူ ဆောင်ထားသူ လို့ အဓိပ္ပါယ်ရပါတယ်၊ အတတ်ပညာ အသိပညာတွေအားလုံးကို တတ်တာမျိုးမဟုတ်ပါဘူး၊ အတတ်ပညာ တခုခုကို တဖက်ကမ်းခတ် တတ်မြောက်သူကို စာစကားနဲ့ ၀ိဇ္ဖာဓို၇် လို့ ခေါ်နိုင်ပါတယ်၊

ဇော်ဂျီ ဆိုတာ =

ဇော်ဂျီ လို့ ဆိုလိုက်ရင် လူအများ တွေးမြင်တာက ဇာတ်ပွဲထဲက တောင်ဝှေးလေးနဲ့ ကတတ်တဲ့ ဇော်ဂျီကိုပဲ တွေးတတ်ကြပါတယ်၊ တကယ်တမ်း အရင်းစစ်လိုက်တော့ အဲဒီလို မဟုတ်ပါဘူး၊ ဇော်ဂျီ ဆိုတဲ့ ပုဒ်ဟာ ယောဂီ ပုဒ်ကနေ ဆင်းသက် လာပါတယ်။ ( သဒ္ဒါမှာတော့ ဂ၀ယော ပုဒ်ကနေ ဂ၀ဇော ဖြစ်လာသလိုပါပဲ။ ဒေါ ဓဿ စ သုတ် အဖွင့်အရ ယကို ဇပြုသလို ) ယောဂီ မှ ဇောဂီ ဖြစ်လာပါတယ်။

နောက် ဂီ မှာလည်းပဲ သက္ကတသံ ( ရေဖ ) ခေါ်တဲ့ ရ ရောက်ခဲ့လို့ ဂျီ ဖြစ်သွားတယ်။ ယောဂီ ဆိုတဲ့ ပါဠိစကားလုံးကို သက္ကတ အသံပျက်နဲ့ မြန်မာတွေက ဇော်ဂျီ လို့ ဖတ်လိုက်ကြတယ်။ အဓိပ္ပါယ်က ယောဂတရား အားထုတ်နေသူ လို့ ဆိုလိုပါတယ်။

ယောဂ တရား ဆိုတာကလဲ သမထတရား ၊ ဈာန်တရား သမာဓိတရားပါပဲ၊ သာသနာပ ပုဂ္ဂိုလ်များကတော့ ကိုယ့် သန္တာန်မှာ လောဘ ဒေါသ ကိလေသာတွေ ပေါ်လာရင် အဲဒီ အကုသိုလ်စိတ်တွေ ငြိမ်သက်သွားအောင် မြစ်ထဲ ဆင်းပြီး တနေကုန် ရေစိမ်နေတာမျိုး၊ ရေငုတ်နေတာမျိုး ( ရေစိမ်နေရင် အေးလာပြီး ကိလေသာစိတ် ပျောက်သွားတတ်တယ် )

ရာသီဥတု ပူသော်လည်း မီးလှုံနေတာမျိုး၊( မီးလှုံနေတော့ ခန္ဒာကိုယ်က ပူလာပြီး ကိသေသာစိတ် ပျောက်သွားတတ်တယ်) ကလေးတွေ ကစားသလို တုံးကျော်နည်း ခုန်ကျော်နည်း ကစားခြင်းမျိုး၊ ဇယ်ခတ် ကစားခြင်းမျိုး၊ ဆူးတွေပေါ် အိပ်တာမျိုး ဒါတွေကလဲ နာကျင် ခံစားရတဲ့အတွက် ကိလေသာစိတ် ကို ဖြေဖျောက်နည်း တမျိုးပါပဲ၊

ဒီအကျင့်တွေကို မြတ်စွာဘုရားက အတ္တကိလမထ နုယောဂ = ကိုယ့်ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲအောင် ကျင့်တဲ့ အကျင့်တွေ အကျိုးမရှိဘူး၊ ယုတ်ညံ့တဲ့ ကျင့်စဉ်တွေ လို့ ဓမ္မစကြာသုတ် တရားတော်မှာ ဟောကြားထားတော်မူပါတယ်။
အကျဉ်း ချုပ်လိုက်တော့ ယောဂ အကျင့် ကျင့်နေသူ မှန်သမျှကို ယောဂီ ခေါ်ရသလို ဇော်ဂျီ လို့လဲ ခေါ်နိုင်ပါတယ်။ ကိုယ်ကျင့်တဲ့ အကျင့် က မှန်ကန် ကောင်းမြတ် ဘုရားဟော နည်းလမ်းကျနေရင် မြင့်မြတ်တဲ့ ယောဂီ ဖြစ်ပြီး နည်းလမ်းမကျ လွဲမှားနေရင် ယုတ်ညံ့တဲ့ ယောဂီ ဇော်ဂျီ ဖြစ်သွားမှာပါ။

တပဿီ =

( တပေါ ယဿ အတ္ထိ တသ္မိံ ၀ါ ၀ိဇ္ဖတီတိ တပဿီ ) လို့ သဒ္ဒါကျမ်းများက ဆိုပါတယ်။ ဖြစ်ပေါ်လာတဲ့ ကိလေသာတွေ နည်းပါး ပျက်စီးသွားအောင် ခြိုးခြံ ခေါင်းပါး စွာ ကျင့်ကြံကြိုးကုတ် အားထုတ်နေသူ ပေါ့။
ဒါကြောင့် အားလုံးကို အကျဉ်း ချုပ်လိုက်ရင် ၀ိဇ္ဇာပညာမျိုး သိပ္ပံပညာမျိုးတွေ တဖက်ကမ်းခတ် တတ်မြောက်သူကို ၀ိဇ္ဇာဓိုရ် လို့ ခေါ်ပါတယ်၊

သမထ ၀ိပဿနာ ပွားများ အားထုတ်နေသူ အားလုံး ကို ဇော်ဂျီ တပဿီ လို့ ခေါ်နိုင်ပါတယ်၊ ဒီနေရာမှာ စကားအရ မဆန်းပြားပေမယ့် ထူးဆန်းနေတာက ၀ိဇ္ဇာ ဇော်ဂျီ တပဿီ လို့ ဆိုရင် လူတွေက ဗျတ်ဝိ ဗျတ္တ တို့လို၊ ဇော်ဂျီ တောင်ဝှေးနဲ့ ကောင်းကင် ပျံနိုင် - မြေလျိုး မိုးပျံ နိုင်တဲ့ သူတွေကိုပဲ ထင်နေကြတာပါ။ အဲဒီ အယူအဆက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူတွေရဲ့ စိတ်ထဲမှာ အမြစ်တွယ် နေတဲ့ အယူအဆ ပါပဲ။

ဒါကြောင့် စာပေအထောက်အထားတွေအရ ပြောရရင် အဲဒီလို သိဒ္ဓိပေါက်ပြီး ကောင်းကင်ပျံနိုင်နေတဲ့ သူတွေဟာ လူကောင်း သူကောင်း ဆိုတာ မြတ်စွာဘုရားရှင်လက်ထက်ကတည်းက မရှိသလောက်ပါပဲ။ ဇဋိလ သူဋ္ဌေးကြီး ရဲ့ ဖခင်အရင်းဟာ တကယ်တော့ ၀ိဇ္ဖာဓိုရ် တယောက်ပါ၊ ဘုံ ခုနှစ်ဆင့် ပြဿဒ်ပေါ် ထားတဲ့ တဦးတည်းသော သူဋ္ဌေးသမီး လေးကို ကောင်းကင်ကနေ လာရောက်ပျော်ပါး ခဲ့လို့ ဇဋိလ သူဋ္ဌေးအလောင်းအလျာကလေး ကို ဖခင် မပေါ်ပဲ လျှို့ဝှက် ခက်ခဲစွာ မွေးခဲ့ရဘူးတယ်။

နိဂုံး အနေနဲ့ တော့ လူတွေရဲ့ အထင်ကြီး လေးစားမှု့ကို ခံနေရတဲ့ သူတို့ အားလုံးဟာ ယခုလို ဘုရားသာသနာတော်မှာတော့ ဘယ်လို နည်းနဲ့မှ ကိုးကွယ်ထိုက်သူ ပူဇော်ပသထိုက်သူ မဟုတ်ဘူး ဆိုတာ ဖြေကြားလိုက်ပါတယ်။ ။

ကျမ်းကိုး၊ ထီးချိုင့်မြို့ တည်တော ဆရာတော်ကြီး၏ ဗုဒ္ဓ၀ါဒဆိုင်ရာအဖြေများ ကို သင့်လျော်သလို ပြန်ဆို ရေးသားပါသည်။


စစ်မှန်သော ဘုရား တရား သံဃာ ကိုသာ ကိုးကွယ်ပူဇော်တတ်ကြပါစေ -

Sunday, January 24, 2010

ဝိဇ္ဖာဓိုရ် ဇော်ဂျီ အပိုင်း ၎


အတတ်ငယ် ၆၄ ပါးကို ဗဟုဿုတအနေနဲ့ ကလာအပြား ၆၄ ပါးလို့လဲ ခေါ်လေ့ရှိကြပါတယ်၊ ၀ိသုဒ္ဓါရုံမူ အဘိဓာန်နိဿယသစ် ဂါထာနံပါတ် ၅၂၈ မှာ ဖော်ပြထားတာက - ဒီလိုပါ၊

၁။နစ္စ= ကခြင်းအတတ်၊
၂။ ၀ါဒန=တီးမှုတ်ခြင်းအတတ်၊
၃။ ၀တ္ထာလင်္ကာရ = အ၀တ်ဆင်ယင် ၀တ်တတ်ခြင်း၊
၎။အနေကရူပ= ရုပ်ပြောင်းရုပ်လွဲတတ်ခြင်း၊
၅။သေယျာဒိ= အိပ်ယာနေရာ ခင်းကျင်းသောအတတ်၊
၆။ဇုတာဒိ= ကြွေအံ လောင်းကစားအတတ်၊
၇။ အနေကာဒိ ရတိဇာနန= နည်းမျိုးစုံ ကာမဂုဏ်မွေ့လျော်ပျော်နည်းအတတ်၊
၈။မဇ္ဇာသ၀ါဒိ=သေအရက်မျိုးစုံ ချက်တတ်ခြင်း၊
၉။သလ္လ ဟရဏ= စူးဝင်သော မြှားငြောင့်ကို မနာကျင်အောင် ကုပေးခြင်း၊
၁၀။အန္နာဒိ ပစန= စားဖိုမှူး အတတ်၊
၁၁။ ဗီဇာရောပ= လယ်ယာသီးနှံ စိုက်ပျိုးခြင်းအတတ်၊
၁၂။ ပါသာ ဏာဒိ ၀ိဒါရဏ= ကျောက်ဓာတ် ရွှေဓာတ် စသည်ကို ပြာချသောအတတ်၊
၁၃။ဥစ္ဆု ၀ိကာရ =ထန်းလျက်၊ ကြံသကာ၊ တင်းလဲ၊ သကြားချက်ခြင်းအတတ်၊
၁၄။ဓာတောသဒိသံ ယောဂါဒိကြိယာ =ရွှေဓာတ် စသည်ကို ဆေးနှင့် ဖော်စပ်ခြင်းအတတ်၊
၁၅။ဓာတု သံယောဂ= ရွှေငွေ စသည် ဓာတ်ခွဲသော ဓာတုဗေဒ အတတ်၊

၁၆။ဓာတွာဒိ သံယောဂ =ဓာတ်ေ၇ာစပ်ခြင်း အတတ်၊
၁၇။ခါရ နိက္ကာသန= လက်နက်အတွက် ယမ်းမှုန့်၊ ဆား ထုတ်လုပ်ခြင်း၊ ဆပ်ပြာထုတ်လုပ်ခြင်းအတတ်၊
၁၈။ သတ္ထသန္ဓာန ၀ိက္ခေပ= လက်နက် ချိန်ရွယ်ပစ်လွှတ်ခြင်းအတတ်၊
၁၉။မလ္လ ယုဒ္ဓ= နပမ်းလုံးခြင်း အတတ်၊
၂၀။ဗာဟု ယုဒ္ဓ= လက်ဝှေ့ ထိုးသတ်ခြင်းအတတ်၊
၂၁။ ရှာမတွေ့သေးပါ၊
၂၂။ဗျူဟ ရစနာဒိ ကရဏ= စစ်တိုက်နည်းပရိယာယ်ကြွယ်ဝခြင်း၊
၂၃။ဒေ၀တာ တောသန= နတ်တို့ နှစ်သက်ခြင်းအတတ်၊
၂၄။သာရထျ ဟတ္ထိ အဿ ဂတိသိက္ခာ=ဆင်စီး မြင်းစီးအတတ်၊
၂၅။ မတ္တိကာ ဘဏ္ဍသံကြိယာ= အိုးထိမ်းသည်အတတ်၊
၂၆။ ကဋ္ဌဘဏ္ဍ သံကြိယာ=လက်သမားအတတ်၊
၂၇။ ပါသာဏ ဘဏ္ဍသံကြိယာ= ကျောက်ဆစ်အတတ်၊
၂၈။ ဓာတုဘဏ္ဍ သံကြိယာ= ပန်းပဲ ပန်းတဉ်းအတတ်၊
၂၉။ စိတ္တဒယျာလေခနံ = ပန်းချီအတတ်၊
၃၀။ တဠာဂ၀ါ=မြေတူးခြင်း၊ မြေညှိခြင်းအတတ်၊

၃၁။ယန္တကရဏ = ယန္တ၇ား စက်နာရီ တူရိယာ ပြုလုပ်သောအတတ်၊
၃၂။ဝဏ္ဏရဉ္စန = ဆေးဆိုးအတတ်၊
၃၃။ ဇလ၀ါယဂ္ဂိ =ေ၇စက်၊ လေစက် မီးစက်အတတ်၊
၃၄။ယာန ကရဏ =ယာဉ်အမျိုးမျိုး ပြုလုပ်တတ်သောအတတ်၊
၃၅။ သုတ္တာဒိရဇ္ဇု = ချည်ငင်ခြင်း၊ ကြိုးကျစ်ခြင်းအတတ်၊
၃၆။ ၀တ္ထ ၀ါယန= ရက်ကန်းအတတ်၊
၃၇။ ရတန ဝေဓာဒိ= ရတနာတို့၏ အပေါက်ကောင်းမကောင်း သိနိုင်သော အတတ်၊
၃၈။ သုဝဏ္ဏာဒိ =ရွှေစသည်ကို အမျိုးအစား ခွဲခြားသိနိုင်ခြင်းအတတ်၊
၃၉။ ကိတ္တိမ သုဝဏ္ဏရတနာဒိ= ရွှေစသော ကိတ္တိမ၇တနာပြုလုပ်ခြင်းအတတ်၊
၄၀။သုဝဏ္ဏာဒျ လင်္ကာရ= ရွှေပန်းထိန် အတတ်၊
၄၁။လေပါဒိ သံကြိယာ= ပန်းရန်အတတ်၊
၄၂။ စမ္မမဒ္ဒ၀ါဒိ =သားရေနယ်အတတ်၊
၄၃။ပသု ဓမ္မင်္ဂ နီဟာရကြိယာ= သားကောင်မှ သားရေကို မဆုတ်မပြဲ ခွါထုတ်ခြင်းအတတ်၊
၄၄။ဒုဒ္ဒဒေါဟာဒိ= နွားနို့ညစ်ခြင်း၊ထောပတ် ချက်ခြင်းအတတ်၊
၄၅။ကဉ္စုကာဒိ= ချပ်ဝတ်သင်ဒိုင်း ချုပ်စပ်ခြင်းအတတ်၊

၄၆။ ဇလ တရဏ= ရေကူးခြင်းအတတ်၊
၄၇။ ဂေဟဘဏ္ဍာဒိ မဇ္ဖန= ကြေးခွက်စသော အိမ်အသုံးအဆာင် တိုက်ချွတ်သန့်စင်ခြင်း အတတ်၊
၄၈။ဝတ္ထ သမ္မဇ္ဖန= ခ၀ါသည် အတတ်၊
၄၉။ခုရကမ္မ= ဆတ္တာသည် အတတ်၊
၅၀။ တိလ မံသာဒိသိနေဟ= နှမ်းဆီ ပဲဆီ ညှစ်ထုတ်နည်းအတတ်၊
၅၁။သိရာဒျာကဿဏ = လယ်ထွန်ခြင်း အတတ်၊
၅၂။ရုက္ခာေ၇ာဟန= သစ်ပင်တက်ခြင်းအတတ်၊
၅၃။ မနောနုကူလ သေ၀ါကရဏ = အရှင့်စိတ်တိုင်းကျ ခစားလုပ်ကျွေးခြင်း အတတ်၊
၅၄။ ဝေဏုတိဏာဒိ= နှီးခွက် မြက်ဖျာ ရက်လုပ်သော ဒေါင်းရွှေ အတတ်၊
၅၅။ကာစ ပတ္တာဒိကရဏ = စဉ့်အိုး စဉ့်ခွက် ဖန်အိုး ဖန်ခွက် ပြုလုပ်ခြင်း အတတ်၊
၅၆။ဇလ သံသေဇန သံဟရဏ= ရေကို သွယ်ယူ လှောင်ခြင်းအတတ်၊
၅၇။ လောဟာဒိ သာ၇= သံမဏိ လက်နက် ပြုလုပ်ခြင်းအတတ်၊
၅၈။ ဟတ္ထိအဿာဒိ ပိတ္ထတ္ထရဏ= ဆင်ကုန်းနှီး မြင်းကုန်းနှီး ပြုလုပ်သော အတတ်၊
၅၉။ သိဘု သံရက္ခဏ= ကလေးထိန်းအတတ်၊
၆၀။ အပရာဒိ တာဠ ညာဏ = အပြစ်သင့်သူကို ရိုက်နှက်ခြင်း အတတ်၊
၆၁။ နာနာဒေသိယ ၀ဏ္ဏလေခန =လူအမျိုးမျိုးတို့၏ အက္ခရာ ရေးသားခြင်း အတတ်၊
၆၂။တမ္ဗူလ ရက္ခာဒိကြိယာ = ကွမ်းကို စောင့်ရှောက်ခြင်း စသည်ပြုလုပ်သောအတတ်၊
၆၃။ အာဒါန ဂုဏ = လျင်မြန်သင့်လျင် လျင်မြန်အောင် လုပ်နိုင်ခြင်းအတတ်၊
၆၄။ပတိဒါန ဂုဏ = နှေးသင့်လျင် နှေးနှေး ပြုလုပ်နိုင်ခြင်း အတတ်၊

ဒီအတတ်တွေကိုတော့ ကိုယ်လက် အင်္ဂါ မသန်စွမ်းသူ ချို့တဲ့သူ တွေပါ သင်ယူနိုင်တဲ့ အတတ်ငယ် ၆၄ ပါး လို့ ခေါ်ဆိုနိုင်ပါတယ်၊

ဆက်ပါအုံးမည် - -

Friday, January 22, 2010

ဝိဇ္ဖာဓိုရ် ဇော်ဂျီ အပိုင်း ၃

လောကမှာ ရုပ်ရည်လှပတယ် အမျိုးမြတ်တယ် ဆိုတာတွေဟာ ဘာမှ သုံးလို့ မရဘူး၊ လူတိုင်း ကျင့်သုံးနေကြတဲ့ စောင့်ထိန်းနေကြတဲ့ ကိုယ်ကျင့်သီလကသာ အမြတ်ဆုံး တန်ဖိုးဖြတ်လို့ မရနိုင်ဘူး လို့  ပဉ္စကနိပါတ်၊ သီလ၀ီမံသန ဇာတ်တော်မှာ ဆိုထားတာရှိပါတယ်၊

မောဃာ ဇာတိ စ ၀ဏ္ဏော စ ၊ သီလမေ၀ ကိရုတ္တမံ။
သီလေန အနုပေတဿ၊ သုတေန တ္ထော န ၀ိဇ္ဇတိ။

လောကမှာ အတတ်ပညာတွေ ဘယ်လောက်တတ်နေပါစေ အကျင့်သီလ မကောင်းရင် ကိုယ်ကျင့်တရားပျက်ယွင်းနေရင် လူ့အသိုင်းအ၀ိုင်းက ရှောင်ကြဉ်ကြလိမ့်မယ်၊ အကျိုးမရှိဘူး၊ လူ့ဗာလ လို့ ဆိုလိုပါတယ်၊
ဒါကြောင့် ၀ိဇ္ဖာဓိုရ်ပဲ ဖြစ်စေ၊ လူသာမာန်ပဲ ဖြစ်စေ အကျင့်သီလ ကြီးမြတ်ရင် အပူဇော်ခံ အကိုးကွယ်ခံထိုက်တယ် လို့ မှတ်သားရပါမယ်၊

မေးခွန်း ၃ အနေနဲ့ ၀ိဇ္ဖာဓိုရ် ထွက်ရပ်ပေါက် တွေရဲ့ နေထိုင်ရာ ဘုံဋ္ဌာနအနေနဲ့ သီးခြား မရှိပါဘူး၊ သူတို့ဟာလဲ လူသားဘ၀က ဖြစ်လာတာမို့ လူ့ဘုံမှာပဲ သူတို့ စိတ်ချမ်းမြေ့ရာ နေရာ ဘယ်နေရာကိုမဆို နေကြတယ်လို့ မှတ်သားနိုင်ပါတယ်။
မြန်မာတွေ ပြောနေကျ စကားမှာတော့ ၀ိဇ္ဇာ ဇော်ဂျီ တပသီ ရယ်လို့ တွဲလျက်သုံးနေကျပေမယ့် အားလုံး အတူတူလို့ ပြောဖို့ခက်ပါတယ်၊ တူတဲ့ အပိုင်းမှာ တူပြီး မတူတဲ့ အချက်အလက် အကျင့်စရိုက်တွေလဲ အများကြီးတွေ့ရပါတယ်၊

ဝိဇ္ဖာဓိုရ် ဘယ်ကလာ-

ဝိဇ္ဖာဓိုရ်ဆိုတာ ၀ိဇ္ဇာ+ဓရ ဆိုတဲ့ ပါဠိပုဒ်ကနေ ဆင်းသက်လာတယ်လို့ မှတ်ရပါမယ်၊ ၀ိဇ္ဇာ ဆိုတဲ့ ပုဒ်က

၁။ အသိပညာ
၂။ အတတ်ပညာ
၃။ ဗေဒင်သုံးပုံ
၎။ ပု- ဒိ -အာ ဆိုတဲ့ ၀ိဇ္ဇာသုံးပါးကို ဟောပါတယ်၊

အသိပညာ ဆိုတာကတော့ ၀ိဇ္ဖာပညာ လို့ ပြောလို့ရတဲ့ အတတ်ကြီး ၁၈ ပါးကို ရည်ညွှန်းပါတယ်၊

အတတ်ပညာ ကတော့ သိပ္ပံပညာ လို့ ပြောရမဲ့ အတတ်ငယ် ၆၄ ပါးကို ရည်ညွှန်းပါတယ်၊
ဒီနေရာမှာ မျက်စိမြင်၊ နားကြားနိုင်ပြီး သန်မာသူတို့ တတ်အပ်တဲ့အတတ်၊ တနည်းပြောရရင် ခြေလက်အင်္ဂါစုံလင်သူတို့ တတ်အပ်တဲ့ အတတ်ကို အတတ်ကြီး ၁၈ ရပ်လို့ ခေါ်ပြီး အတတ်ငယ်ကိုတော့ မျက်စိမမြင်သူ၊ နားမကြားသူ၊ မသန်စွမ်းသူ တို့ပါ သင်ယူနိုင်တဲ့ (ခြေလက်အင်္ဂါ တခုခု ချွတ်ယွင်းနေတဲ့ )သူတွေပါ သင်ယူနိုင်ပါသတဲ့။ အဲဒါကိုတော့ ကလာ ၆၄ ပါး ( အတတ်ငယ် ၆၄ ပါး) ရယ်လို့ သိရပါတယ်။

အတတ်ကြီး ၁၈ ရပ် -

၁ ။ အကြားအမြင်အတတ်၊
၂၊ ဓမ္မသတ်အတတ်၊
၃၊ သင်္ချာ အတတ်၊
၎။ လက်သမားအတတ်၊
၅။ နီတိအတတ်၊
၆။ ဗျာကရုဏ်းအတတ်၊

၇။ ကဗျာလင်္ကာအတတ်၊
၈။ လက်ပစ်အတတ်၊
၉။လေးအတတ်၊
၁၀။ စကားတောင်းအတတ်၊
၁၁။ဆေးအတတ်၊
၁၂။ ရယ်ရွှင်ဖွယ်အတတ်၊

၁၃။ ဗေဒင်အတတ်၊
၁၄။ မာယာအတတ်၊
၁၅။ဆန်းကျမ်းအတတ်၊
၁၆။ သံတမန်အတတ်၊
၁၇။ မန္တာန်အတတ်၊
၁၈။ သဒ္ဒါကျမ်းအတတ်၊

ဒီအတတ်ကြီး ၁၈ရပ်ကိုတော့ လောကနီတိ ဂါထာနံပါတ် ၁၀-၁၁ မှာ တွေ့ရှိနိုင်ပါတယ်။

ဆက်ပါအုံးမည် - -

Wednesday, January 20, 2010

ဝိဇ္ဖာဓိုရ် ဇော်ဂျီ အပိုင်း ၂

အဲဒီ ၀ိဇ္ဇာဓိုရ်ဟာ ရသေ့ ရဟန်းများလို သစ်ခေါက်ဆိုး သင်္ကန်းအရောင် ၀တ်ထားလို့ မင်းကြီးက ရသေ့ ရဟန်းထင်ပြီး ငါ့နိုင်ငံအတွင်းမှာ ရသေ့ ရဟန်းမနေရဘူး လို့ နှင်ထုတ်မိန့် ထုတ်ပြန်လို့ ကာသိတိုင်း တတိုင်းလုံး ရဟန်းသံဃာတော် ၇သေ့ ၇ဟန်းတွေ အားလုံး ဆိတ်သုံးသွားတဲ့ အထိအောင် ဖြစ်သတဲ့။

ဒါကြောင့် အခုခေတ်မှာလဲ ၇သေ့ယောင်ယောင် ရဟန်းယောင်ယောင် ကိုယ့်ဘာသာ ဆံပင်ရိတ်၊ သင်္ကန်းပတ်ပြီး မလျော်တဲ့ အလုပ်တွေ လုပ်နေတာကို မြန်မာနိင်ငံမှာ နေရာတိုင်း တောရော မြို့ရော တွေ့နေရပါတယ်။ စိတ်မကောင်းစရာပါပဲ။ ဒါကြောင့် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ( တစ်သာသနာလုံး ) နာမည်ပျက် တဲ့ အဖြစ်မျိုး ရောက်တတ်ကြတာကို အားလုံး သတိရှိရှိ ကာကွယ်ကြစေ ချင်ပါတယ်။

ဒီအကြောင်းကို သာသနာကြည်ညိုတဲ့ သိကြားမင်းက သိလို့ အရှင်ပစ္စေကဗုဒ္ဓါတပါးကို ပင့်သွားပြီး ရှင်ဘုရင်ကို တရားဟောစေတယ်၊ နောက်ပိုင်းမှာတော့ အမြင်မှန်ရသွားပြီး ရသေ့ရဟန်းများ ပုံမှန် ၀င်ထွက်သွားလာနိုင်ကြသတဲ့၊ ဒါကြောင့် မန္တာန်ဝိဇ္ဖာဆိုတာ ကျမ်းဂန်များမှာ အထင်အရှားရှိနေပါတယ်။

နောက်တမျိုးအနေနဲ့ သန်လျက်ဝိဇ္ဇာ ဆိုတာကိုတော့ ဇင်းမယ်ပဏ္ဏာသ က လာတဲ့ သမုဒ္ဒဃောသ ဇာတ်တော်မှာ တွေ့နိုင်ပါတယ်။

သံဝိဇ္ဖာကတော့ သံလုံးအတွင်း သိဒ္ဓိသွင်းတာမျိုးပါ။ သန်လျက်ဝိဇ္ဇာ ဆိုတာကလဲ သံလုံးအတွင်း သိဒ္ဓိသွင်းတာပဲမို့ သဘောချင်းတူညီပါတယ်၊ ဒါကြောင့် တူရာ တူရာ ပေါင်းလိုက်လျင်တော့ ၀ိဇ္ဇာ ၅ မျိုး ရှိတယ်လို့ မှတ်သားနိုင်ပါတယ်၊

နောက်တမျိုးက ပုဂံခေတ်မှာ ကျန်စစ်သားမင်းကြီးလက်ထက် သမီးတော် ရွှေအိမ်စည်မင်းသမီးနဲ့ ရည်ငံခဲ့ဖူးတဲ့ ပြဒါးရှင်လုံးကို ငုံပြီး ကောင်းကင်ပျံနိုင်တဲ့ ပဋိက္ခရား ဆိုတာကလဲ ပြဒါးဝိဇ္ဇာ အတွင်းပါဝင်တာမို့ ၅ မျိုးပါပဲ။
လောကီဝိဇ္ဖာ ဆိုတာ ရှိသလို လောကုတ္တရာဝိဇ္ဇာ ဆိုတာလဲ ရှိပါသေးတယ်၊ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးရဲ့ ၀ိဇ္ဖာမဂ္ဂဒီပနီကျမ်းမှာ လောကီ လောကုတ္တရာ အားလုံးပေါင်း ၅ မျိုးရှိကြောင်း တွေ့ရပါတယ်။

အဲဒါတွေကတော့ --

၁။ ဝေဒ၀ိဇ္ဇာ = ဗေဒင် လေးမျိုးတတ်ကျွမ်းသူ၊
၂ ။ မန္တ၀ိဇ္ဇာ = လက္ခဏာကျမ်း နိမိတ်ကျမ်း၊ ဂါထာ မန္တရား ဆေးအမျိုးမျိုး တတ်ကျွမ်းသူ၊
၃ ။ ဂန္ဓာရီ ၀ိဇ္ဇာ = သိဒ္ဓိအမျိုးမျိုးပေါက်တဲ့ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဖာ၊ ဆေးဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာအမျိုးမျိုး၊
၎။ လောကိယ၀ိဇ္ဖာ = လောကီဈာန်ရ ပုဂ္ဂိုလ်၊
၅။ အရိယ၀ိဇ္ဇာ = အရိယာပုဂ္ဂိုလ် ၈ ယောက်၊ တို့ဖြစ်ပါတယ်။
၁၊ ၂ ၊ ၃၊ အမျိးစားတွေကတော့ လောကီဝိဇ္ဖာမျိုးဖြစ်ပြီး စူဠဂန္ဓာရီ ၀ိဇ္ဖာ လို့ ခေါ်ပါတယ်။ ၄ နှင့် ၅ ကတော့ သမထ နဲ့ ဖြစ်လာတဲ့ ၀ိဇ္ဇာမျိုးမို့ မဟာဂန္ဓာရီ ၀ိဇ္ဇာလို့ ခေါ်ပါသတဲ့။

ဂန္ဓာရီ ၀ိဇ္ဖာ ဆိုတာကိုတော့ စကားစပ်မိလို့ ပြော၇ပါအုံးမယ်၊ အိန္ဒိယပြည်ကြီးရဲ့ အရှေ့မြောက်အရပ် ဟိမ၀န္တာတောင်တန်း ရဲ့ အနောက်ဘက်မှာ ဂန္ဓာရ တိုင်းဆိုတာ ရှိပါတယ်၊ မင်းသားအများအပြား အဋ္ဌာရသ အတတ် ၁၈ ရပ်ကို သွားေ၇ာက်သင်ကြားရာ တက္ကသိုလ်ပြည်ကြီး ရှိပါသတဲ့။ အဲဒီ ဂန္ဓာရ တိုင်းသားများ လိုက်စား ပေါက်မြောက်ခဲ့တဲ့ အတတ်မို့ အဲဒီအတတ်ကို ဂန္ဓာရီအတတ် လို့ မှတ်သားရပါတယ်။

ဒါကြောင့် ပထမမေးခွန်းအနေနဲ့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် နဲ့ ၀ိဇ္ဇာဓိုရ် ( ၀ိဇ္ဇာ ) ဆိုတာ အတူတူပဲလို့ မှတ်သားနိုင်ပါတယ်၊
အဲဒီသူတွေဟာ လူတွေရဲ့ ပူဇော်မှု့ကို ခံထိုက် မခံထိုက်ဆိုတာကို စာပေနဲ့ နည်းနည်း စိစစ်ကြည့်ကြရအောင်။ စာပေမှာ ပူဇော် ခံယူထိုက်တဲ့ ဂုဏ်ကို အနုတ္တရံ ပုညခေတ္တံ လောကဿ လို့ လာရှိပါတယ်၊

အဓိပ္ပါယ်က ပူဇော်ခံယူထိုက်သူ ဟာ ကောင်းမှု့တည်းဟူသော မျိုးစေ့ကျဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်၇မယ် တဲ့။ နားလည်အောင် ရှင်းရရင် ဒါန၀တ္ထုက မျိုးစေ့ နဲ့ တူတယ်၊ အလှူခံက လယ်မြေနဲ့ တူပါတယ်၊ မျိုးစေ့ ကောင်းသော်လည်း လယ်မြေကောင်းပါမှ ကိုယ်စိုက်လိုက်တဲ့ အသီးအနံဖြစ်ထွန်းပါမယ်၊

နောက်ဆုံး မျိုးစေ့ ဆိုတဲ့ ဒါနက သေးသေးမွှားမွှား ညံ့နေသည့်တိုင်အောင် သီလ သမာဓိ ပညာ နဲ့ ပြည်စုံတဲ့ အလှူခံဆိုတဲ့ လယ်မြေက ကောင်းနေလျင် ဖြစ်ထွန်း အကျိုးပေးနိုင်သေးတယ်၊ လယ်မြေ ကောင်း မကောင်း မြေသြဇာ အပေါ်မှာ မူတည်သလို အလှူခံထိုက် မထိုက် ဆိုတာကလဲ သူ့ရဲ့ သီလ အပေါ်မှာ အဓိက မူတည်နေပါတယ်၊
ဒါကြောင့် သီလ အကျင့်  မပြည့်စုံလျင် အတတ်ပညာ တတ်နေသော်လည်း အပူဇော်ခံ အကိုးကွယ်ခံ မဖြစ်ထိုက်ဘူး၊

ဆက်ပါအုံးမည်- -

Monday, January 18, 2010

ဝိဇ္ဖာဓိုရ် ဇော်ဂျီ

မေးခွန်း ၁။ ။ အရှင်ဘုရား၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ် နှင့် ၀ိဇ္ဖာဓိုရ် ဟာ တူပါသလားဘုရား၊
မေးခွန်း ၂ ။ ။ ထိုပုဂ္ဂိုလ်တို့သည် ကိုးကွယ် ခံထိုက်သူများ ဖြစ်ကြပါသလား၊
မေးခွန်း ၃ ။ ။ ထိုသူတို့သည် အဘယ်အရပ်၌ နေကြပါသလဲ - ဖြေကြားပေးပါဘုရား၊

အဖြေ။ ။ ဒီနေ၇ာမှာ ထွက်ရပ်ပေါက် အကြောင်းတွေကို မပြောခင် လူတွေဖြစ်ပေါ်လာဖို့ နိယာမ အကြောင်းကို နည်းနည်း ပြန်ပြောရပါလိမ့်မယ်၊ ယင်က ဥချပြီး၊ ဥကနေ လောက်ကောင်ဖြစ်၊ လောက်ကောင်ကနေ တဆင့်မှ ယင်ဖြစ်လာတယ် ဆိုတာ ဟာ ဗီဇ နိယာမ အတွင်းမှာ ပါဝင်ပါတယ်၊
သတ္တ၀ါ တွေ ဟာ တိုက်ရိုက် ပေါက်ဖွားတဲ့ ဧကဇ အမျိုးအစား၊ နှစ်ဆင့် ပေါက်ဖွားတဲ့ ဒွိဇ အမျိုးအစား၊ သုံးဆင့် သုံးခါ ပေါက်တဲ့ တိဇ အမျိုးအစား စသောအားဖြင့် အမျိုးမျိုး ရှိကြပါတယ်၊

လူတို့ ကျွဲ နွား စတဲ့ သတ္တ၀ါတွေကတော့ အမိဝမ်းဗိုက်က တကြိမ်ထည်း မွေးဖွားကြလို့ ဧကဇ မျိုးလို့ ခေါ်ပါတယ်၊ ကြက် တွေ ငှက်တွေ မြွေတွေ ဖွတ်တွေ ကျတော့ အမိက ဥကို တကြိမ် ဥတယ်၊ ဥကမှ အကောင်ပေါက်တဲ့ အတွက် ဒွိဇ မျိုး နှစ်ကြိမ်ပေါက် သတ္တ၀ါတွေပါ၊

ယင် ပျားကောင် လိပ်ပြာ တို့ကျတော့ ပထမ ဥတယ်၊ လောက်ကောင်လို ပိုးကို ပေါက်တယ်၊ အဲဒီ ပိုးက အစားအစာ ၀ပြီး တနေရာမှာ အမြှေးတွေ ဖုံးအုပ်ပြီး ငြိမ်သက်စွာ ဖိုဝင်တယ်၊ အဲဒီ ဖိုက ထွက်မှ မူလ သတ္တ၀ါမျိုး ဖြစ်ရတယ်၊ ဒါကြောင့် သူတို့ကို တိဇ မျိုး သုံးခါ ပေါက် လို့ ခေါ်ရတယ်၊
လူကတော့ ဧကဇ မျိုးမို့ လူမိန်းမကနေ လူသားကို တိုက်ရိုက် ဖွားမြင်တာပါ၊ ဒွိဇမျိုး တိဇမျိုးလို အဆင်ဆင့် ပြောင်းလဲမှု့မရှိပါဘူး၊ သို့သော်လည်း လူသားဟာ ပိုးလောက်လန်းများလို ဖိုလ်ဝင်နိုင်လျင် ခြင် ယင် လိပ်ပြာများဖြစ်နိုင်သလို သိဒ္ဓိပေါက်တဲ့ လူသားတစ်ယောက်ဖြစ်နိုင်တယ်လို့ ယူဆပြီး ဖိုလ်ဝင်တဲ့ အတတ်ကို လိုက်စားခဲ့ကြပါတယ်၊

ရာဇ၀င်မှာ ပါတဲ့ ဗျတ်ဝိ ဗျတ္တတို့ မီးကင်စားတဲ့ လူသားဟာ ဇော်ဂျီဖိုလ်ဝင်သားလို့ သိရပါတယ်၊ ဆင်ဖြူရှင်မင်းတရား လက်ထက် သက္ကရာဇ် ၉၂၈ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် သောကြာနေ့ ဟံသာဝတီမြို့ ၀န်းကျင်ကို ကျုံးစတင် တူးရာက မြေအတွင်း ဇော်ဂျီကို ရဖူးပါသတဲ့။

အဲဒီလို ဖိုလ်ဝင်လို့ အန္တရာယ်မရှိ အောင်မြင်လျင်တော့ ထွက်ရပ်ပေါက်သွားပါတယ်။
ဝိဇ္ဇာဓိုရ် ဖြစ်သွားတယ်လို့ လောကီကျမ်းများက ဆိုပါတယ်။ ဖိုလ်ဝင်တာက အမျိုးမျိုးရှိပြီး အချို့က မြေအောင်းတယ်၊ အချို့က ပိုးလောက်လန်းများ အမြှေးဖုံးသလို အမြှေးဖုံးတာလဲ ရှိပါတယ်။ ပွက်ပွက် ဆူတဲ့ ရေကို ချိုးရတာလဲ ရှိပါသတဲ့။ မီးပုံအတွင်း ခုန်ဆင်းရတာလဲ ရှိပါတယ်။ ဖိုလ်အောင်းခြင်း မရှိတဲ့ ၀ိဇ္ဇာဓိုရ် များလဲ ရှိပါသေးတယ်။ အဲဒါတွေကတော့ - -

၁။ ပြဒါးကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ ပြဒါးဝိဇ္ဇာမျိုး၊
၂။ သံကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ သံဝိဇ္ဇာ၊
၃။ ဆေးစီရင်ပြီး အောင်မြင်သွားတဲ့ ဆေးဝိဇ္ဖာ၊
၎။ အင်းချ အောင်မြင်သွားတဲ့ အင်းဝိဇ္ဖာ၊
၅။ မန္တာန် ရွတ်ဆို အောင်မြင်သွားတဲ့ မန္တာန် ၀ိဇ္ဖာ၊
၆။ သန်လျက် ကို အသက်သွင်းပြီး အောင်မြင်သွားတဲ့ သန်လျက်ဝိဇ္ဖာ၊
ဆိုပြီး ၀ိဇ္ဖာ အမျိုးအစား ၆ မျိုးရှိပါတယ်။

မြန်မာပြည်မှာတော့ ထွက်ရပ်ပေါက်အောင်ရယ်လို့ ကြိုးစားသူတွေက ပြဒါးကစားသူ၊ သံကစားသူ၊ ဆေးကစားသူ၊ အင်းကစားသူတွေသာ များပါတယ်၊ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ မျိုးကတော့ တော်တော်ရှားပြီး မတွေ့ရသလောက်ပါပဲ။
ဒီနေရာမှာ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ အကြောင်းနည်းနည်း ပြောပြပါမယ်၊

ဆက္ကနိပါတ်၊ ၀ိဇ္ဖာဓရ ဇာတ်တော်မှာလာတဲ့ ၀ိဇ္ဇာဓိုရ် ဟာ မန္တာန် ၀ိဇ္ဇာပါ၊ ရှေးရှေးတုံးက တကယ့်အဖြစ်အပျက်အနေနဲ့ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက်မှာ ဘုရားအလောင်းတော်ဟာ သိကြားမင်း ဖြစ်နေပါတယ်၊ အဲဒီတုံးက ၀ိဇ္ဖာဓိုရ်တယောက်ဟာ သန်းခေါင်ယံအချိန်ရောက်တိုင်း မန္တာန်ကို မန်းမှုတ်ပြီး နန်းတော်ကို လာကာ မိဖုရားကြီးနဲ့ ပျော်ပါးလေ့ရှိသတဲ့။

မိဖုရားကြီးမှာလဲ အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေပြီး ဘာမှ မတတ်နိုင်တဲ့ အဆုံး ဘုရင်ကြီးကို ဖွင့်ပြောတိုင်ပင်ရပါတယ်။ ဘုရင်ကြီးကလဲ ဥာဏ်ပညာကြွယ်ဝလေတော့ အဲဒီ လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား တခုခုကို ထင်ကျန်အောင် လုပ်နိုင်ပါ့မလား လို့ မေးတော့ မိဖုရားကြီးကလဲ စွမ်းနိုင်ပါကြောင်း ကတိပေးပါတယ်။

မိဖုရားကြီးကလဲ အကြံနဲ့ ဆိုတော့ ညအခါ အိပ်ယာအနီး ဟင်္သာပြဒါးစစ်ခွက်ကို ယူထားသတဲ့။ ၀ိဇ္ဇာဓို၇် လာရောက် ပျော်ပါးတဲ့ အခါမှာ မိဖုရားကြီးက သူ့ ခန္ဓာကိုယ်ကို သိုင်းဖက်ပြီး ကျောပြင်မှာ လက်ငါးချောင်းရာ ပေးလိုက်တယ်၊ ၀ိဇ္ဖာဓိုရ် ထွက်သွားလျင် သွားချင်း ရှင်ဘုရင်ကို သံတော်ဦးတင်လို့ ဘုရင်ကြီးကလဲ ကျောမှာ လက်ငါးချောင်းရာ ပါသူကို ဖမ်းစေ လို့ အမိန့်တော် ထုတ်လိုက်ပါတယ်၊
ဝိဇ္ဖာဓို၇် ကတော့ သူမဟုတ်သလိုပဲ၊ ညအခါ သူများမယား၊ သမီးများကို ပစ်မှားပြီး နေ့ကျလျင် သုဿာန်မှာ နေကို ရှိခိုးပြီး ခြေတဖက် ထဲနဲ့ ရပ်နေလေ့ရှိသတဲ့။ မင်းချင်းတို့ဟာ ၀ိဇ္ဇာဓိုရ်ကျောပြင်မှာ လက်ငါးချောင်းရာကို မြင်တော့ ၀ိုင်းဖမ်းကြတဲ့ အခါ ငါ့အမှု့ လူတွေ သိကုန်ပြီ ထင်တယ်၊ မဟန်တော့ဘူး၊ ဆိုပြီး မန္တာန်ကို မန်းမှုတ်ပြီး ကောင်းကင်ကို ပျံတက်သွားလို့ မမှီလိုက်ကြဘူးပေါ့။ ။

ဆက်ပါအုံးမည် - -

Sunday, January 17, 2010

ဒုတိယမြောက် ပန်းကမ္ဘာ




စာရေးသူအနေနဲ့  ဘလော့ဂါ ဓမ္မမောင်နှမ ရဟန်းရှင်လူ များကို  အမြဲတမ်း အားပေးနေကြတဲ့အတွက် ကျေးဇူးတင် ၀မ်းမြောက်ရင်း မေတ္တာရပ်ခံလိုပါတယ်၊  အဲဒါက ဘာလဲ ဆိုတော့ ပန်းကမ္ဘာ နာမည်နဲ့ နောက်ထပ် ဒိုမိန်းတခုကို လက်ခံလိုက်မိတာပါ၊ 11.1.2010 နေ့က စာရေးသူကို မမြကျေးမုံက  ဦးဇင်း ဓမ္မစာပေတွေဖြန့်ဖို့အတွက် ဒိုမိန်းတစ်ခု လှူလိုပါတယ်၊
ဘလော့ ဆိုတော့  မြန်မာနိုင်ငံကနေ ဖတ်ခွင့်မရကြဘူး၊ ဒါကြောင့် အဆင်ပြေသွားအောင် လှူပါရစေ တဲ့၊ အမှန်အတိုင်း ၀န်ခံရရင် အခုလို ဓမ္မစာပေတွေ ရေးနေတာက သိလို့ တတ်လို့ မဟုတ်ပါဘူး။ ၀ါသနာကြောင့်ရယ်၊ ဘုရားသားတော် တပါးအနေနဲ့  ကိုယ်သိပြီးသား၊ လေ့လာ ထားတာလေးတွေကို သူများကို သိစေချင် လက်ဆင့်ကမ်း ချင်တာကြောင့် ရေးဖြစ်နေပါတယ်၊ အဲဒီလို ရေးပြန်တော့လဲ အမိနိုင်ငံနဲ့ အဝေးကို ရောက်နေတဲ့  ဓမ္မမောင်နှမ အပေါင်းကို ပိုပြီး စေတနာထားမိပါတယ်။
မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ လူတွေအတွက်တော့ တရားတော်တွေကို ဟောပြောနေကြတဲ့ ဓမ္မကထိက မြောက်များစွာ ကို နာခွင့်ရ ကြည်ညိုခွင့်ရကြပြီး စာအုပ်စာပေတွေ ဆိုရင်လဲ ကြိုက်ရာကို ရှာဖွေ လေ့လာနိုင်ကြပါတယ်၊
အခုလို အဝေးကို ရောက်နေသူတွေ အတွက်တော့ လိုအပ်ရာ စာအုပ်စာတမ်းတွေ ကို လေ့လာချင်တောင်မှ မရနိုင်တာက ကိုယ်တွေ့အခက်အခဲဖြစ်ပါတယ်၊  ဒါကြောင့်  အမိနိုင်ငံက လူတွေ မဖတ်ရလဲ ကိစ္စမရှိပါဘူးလေ၊ သူတို့ လေ့လာလိုရင် အားလုံး ရနိုင်ပါတယ်၊ ဆိုပြီး စိတ်ကူးမိသေးတယ်၊ သေချာပြန်တွေးကြည့်မိတော့ အော် ငါ မေတ္တာထားတာ အားလုံးအပေါ်  မညီမျှဘူးပဲ လို့ သိတာမို့ အဲဒီအတွေးကို ချက်ချင်းဖျောက်ပစ်လိုက်ရတယ်။
ထားပါတော့၊ ဘလော့ကို ဒေါ့ကွန် ပြောင်းမလားတဲ့၊  အဲလို မပြောင်းလိုပါဘူး၊ စာရေးသူအနေနဲ့  လက်ရှိဘလော့ကို ပြင်ချင်တာတွေ ဖျက်ချင်တာတွေ များနေပြီး စိတ်ခုနေတဲ့ အတွက် နောက်အသစ်တခု ယူချင်ပါတယ် ဆိုလို့ အသစ်တခု ရလိုက်တယ်ပေါ့။ ဒါကြောင့် ပန်းကမ္ဘာ ကို လင့်ချိတ်ထားသူ ဓမ္မမောင်နှမတွေကို  ဒီ လင့်လေးကို ပြောင်းချိတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
နောက်မှ သိရတာက အားလုံး ပြောင်းလို့ ဖြုတ်လို့ရတယ်၊ စိတ်ကြိုက်ပြုပြင်လို့ ၇တယ် တဲ့၊ သိဘူးလေ၊ အဲဒီလို ကြိုသိခဲ့ရင် ကိုယ်တိုင် အပင်ပန်းခံပြီး သူများကိုလဲ ဒုက္ခမပေးပါဘူး။ အခုတော့  ကိုယ်က အသစ်ယူပြီးသွားပြီကိုး၊ ( ကိုယ့်ကိုယ်ကို  အဲဒီလောက် အ တာ  အခုမှသိပါတယ် )  အခုလို လက်ခံလိုက်တယ် ဆိုတော့လဲ  စာရေးဖို့ အားတက်ရပြန်တယ်၊ 
အန္နဒေါ ဗလဒေါ ဟောတိ -
အစားအစာလှူရင် ခွန်အားဗလကို ပေးလှူရာရောက်တယ်၊
ဝတ္ထဒေါ ၀ဏ္ဏဒေါ ဟောတိ -
အ၀တ်အထည်သင်္ကန်းလှူရင် ရုပ်ရည်ရူပကာလှပဖို့ အကြောင်းဖြစ်တယ်၊
ယာနဒေါ သုခဒေါ ဟောတိ-
သွားလာစရာယာဉ် နှင့် ယာဉ်လက်မှတ်စသည်လှူရင် ဘ၀တိုင်း ကိုယ် စိတ်နှစ်ပါးချမ်းသာဖို့ အကြောင်းဖြစ်တယ်၊
ဒီပဒေါ  စက္ခုဒေါ  ဟောတိ -
အလင်းရောင်ဆီမီး၊ လျှပ်စစ်မီးစသည်ပေးလှူရင် ပကတိမျက်စိ ဥာဏ်မျက်စိကို အားကောင်းဖို့ အကြောင်းဖြစ်တယ်၊
သော စ သဗ္ဗဒဒေါ   ဟောတိ၊ ယော ဒဒါတိ ဥပဿယံ ၊
အဆောက်အဦးကို ပေးလှူသူကတော့  အထက်ပါ ဒါနအမျိုးအစားအားလုံးကို ပေးလှူရာရောက်ပါတယ်၊
သူတို့အားလုံးထက် အမြတ်ဆုံး ကတော့  အမတံ ဒဒေါ စ သော ဟောတိ၊  ယော ဓမ္မံ အနုသာသတိ၊ ၀ါစေတိ၊ သိက္ခာပေတိ၊ ကထေတိ၊
အဓိပ္ပါယ်က မြတ်စွာဘုရားရှင် ၄၅ ၀ါပတ်လုံး ဟောကြားထားတော်မူခဲ့သော နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံ၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် တရားတော်တွေကို  ကိုယ်တိုင်လေ့လာ၊ သင်ယူ၊ ပို့ချ ၊ ဟောပြောခြင်း၊ သူတပါးကို လေ့လာ သင်ယူစေ ဟောပြောစေခြင်း သည် အမတဒါန -  ဖြစ်ပါပေ၏၊
လို့   ဒေ၀တာသံယုတ် ကိံဒဒ သုတ္တန် မှာ အတိအလင်းဟောကြားတော်မူခဲ့ပါတယ်၊ ဒါကြောင့် အလှူရှင် မမြကျေးမုံ အနေနဲ့လဲ  အမတဒါန အမြတ်ဆုံး အလှူကို ပေးလှူရာရောက်တဲ့အတွက် နိဗ္ဗာန်အထောက်အပံ့ ဖြစ်ပါစေကြောင်း ၀မ်းမြောက်စကားပြောကြားရင်း ဘာသာ သာသနာအကျိုး လောကအကျိုးကို ဆထက်ထမ်းပိုး ချီးမြောက်ထောက်ပံ့နိုင်ပါစေ လို့ မေတ္တာနဲ့  ဆန္ဒပြု လိုက်ပါတယ်။
အလှူရှင်ရဲ့ တိုက်တွန်းမှု့၊ စာရေးသူရဲ့ ၀ါသနာ နဲ့  စာဖတ်သူဓမ္မမိတ်ဆွေ တို့ရဲ့အားပေးစကားတွေကြောင့် ဒီတခါ ၀ိဇ္ဖာ ဇော်ဂျီ တပသီ တို့အကြောင်းကို  ပိုစ့်အသစ်အနေနဲ့  အားထုတ်မိပြန်ပါတယ်၊ သာသနာနဲ့ မအပ်စပ်ပဲ အကျိုးသိပ် မရှိဘူးဆိုတာ သိပေမယ့်  ထေရ၀ါဒ သာသနာမှာ  မကင်းနိုင်သေးတဲ့ ဘာသာရေး မှိုင်းတိုက်မှု့တွေကို ပယ်ဖျက်ဖို့   ဗဟုဿုတအနေနဲ့  သူတို့ အကြောင်းအရာတွေကို သိထားမှ ဖြစ်ပါမယ်၊ ဒါမှသာ ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ်ကို  ကိုးကွယ်ဆည်းကပ်ခွင့်ရပြီး မှန်ကန်တဲ့ ပန်းတိုင်ကို ရောက်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်၊
ဒီ ၀ိဇ္ဖာ ဇော်ဂျီ တပသီတို့ အကြောင်းကို သူတို့နေရာဋ္ဌာန၊ သူတို့ကျင့်စဉ်၊ ထွက်ရပ်ပေါက်ကြပုံ စတာတွေကို တတ်နိုင်သလောက် လက်လှမ်းမှီရာ စုစည်းပြီး   ဒီနေရာသစ်လေးမှာ ရေးသားပါမယ်။ 
  ဓမ္မမောင်နှမ ရဟန်းရှင်လူ အားလုံးရဲ့ အားပေးမှု့နဲ့အတူ ပန်းကမ္ဘာ တခုကနေ ပန်းကမ္ဘာတခုကို မွေးဖွားလိုက်ပြန်ပါပြီ၊ ဆက်လက် အားပေးဖို့ မျှော်လင့်ရင်း -
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ



Friday, January 15, 2010

အကျွတ်ဘယ်မှာ ဝေးတော့မည်

သု စိ ပု ဘာ ၀ိ လိ သိ ဓာ၊ အက္ခရာ စွဲသုံး၊
ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့ တိုင်းဆင်လော့။

စာသင်ပျိုနု၊ အခြေပြုတို့ ၊ ဥဇု ဘူတ။ လုံ့ လ ပြင်းစွာ၊
သူ့ ထက် ငါဟု၊ နှုတ်မှာ ရွရွ၊ ကြိုးပမ်း ကလျှင်၊
သိပ္ပကျေးဇူး၊ အထူးသိမြင်၊ ပညာရှင်ဟု၊
မထင်မပေါ် မကျော်စောဘဲ၊
တီမှာ လွဲအံ့။

အရဲ ကြိုးကုတ်၊ ကြက်ရဲ သုတ်သို့ ၊ အားထုတ် ခုံမင်၊
မသင် မအံ၊ မကြံ မမေး ဆွေးနွေး ရောနှော၊
ပြောဟော မဲ့ထွေ၊ ပေချပ် ရေဖြင့်၊
ကုန်စေ ဆန်းသာ၊ သင်ချေ ပါလည်း၊
ဘယ်မှာ ဂုဏ်ရှင်၊ ကျော်စော ထင်ချိမ့်။

စာသင် ဟူက၊ ကျမ်းထို မျှကို၊ တွေ့ ကမရှောင်၊ ကြောင်ပုစွန်စား၊
ကျွတ်ကျွတ် ၀ါးသို့ ၊ လွှသွား ပမာ၊ ကျောက်ထက် စာသို့ ၊
လိုရာရ အောင်၊ ကြံဆောင် လေ့ကျက်၊ အနက် အဓိပ္ပါယ်၊ နှုတ်ဝယ် ရွရွ၊
ထားချေ မှတည့်၊ တစ ပေါ်လျှင်၊
ချည်စ ငင်သို့ ၊ သဘင် ပွဲမှောက် ဆိုရေး ရောက်က၊
လန့် ကြောက် မရှိ၊ သတိ မြဲခိုင်၊
ကျောက်တိုင် ပမာ ကေသရာသို့ ၊ ရွံရှာ မဲ့လျှင်း၊
ဆိုခင်း နည်းနာ၊ အဖြာဖြာကို၊ မကြာ နှုတ်လျောက်၊
ခန့် ချင့် ထောက်လော့။

အံ့လောက်ဘွယ်သာ၊ ဂါထာပါဌ်သား၊
စကားဝိုက်လည်၊ စဉ်ရှည် ရှေးတီး၊ စကား ကြီးက၊
စသည်ထိုထို၊ ၀ိဂြိုလ် ၀စနတ်၊
ဓာတ်ရ ပစ္စည်း၊ ထုံးနည်း ပမာ
ဂါထာဆန်းဂိုဏ်း၊ ကရိုဏ်းဌာန်စစ်၊ ဖွင့်လှစ်ဋီကာ။

အဌကထာပါဠိ၊ အောက်ထက် ညှိ၍၊
က၀ိလက္ခဏာ၊ အဖြာဖြာကို၊
သေချာ ဆည်းဆ၊ ဆိုဝံ့ ကလျှင်၊
ဘ၀ ဤတွင်၊ ခုမျက် မြင်လည်း၊
မထင် ဘယ်မှာ၊ ရှိဘိ ရာအံ့။

သံသရာလည်း၊ ပမာ ကဲလွန်၊ အဆုံး စွန်မူ၊
ညီမွန် တုလွတ်၊ သုံးလူ့ နတ်ဝယ်၊ အကျွတ်ဘယ်
မှာဝေးတော့မည်။ ။

ရှင်မဟာရဌသာရ


စာပေလောကမှာ ထင်ရှားကျော်ကြားတဲ့ အရှင်မဟာရဋ္ဌသာရ က သတိပေး နည်းလမ်းပေးထားတာပါ၊ တွေ့သမျှ စာပေ အကျိုးရှိစေမဲ့ စာပေ မှန်သမျှကို ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး သို့ နှုတ်တက်ဆောင်ထားပြီး သဘင် ပွဲလမ်း လူစု လူဝေးအတွင်းမှာလည်း သဒ္ဒါ ပုဒ် ပါဋ္ဌ် ၊ဆန်း အလင်္ကာ ပါဠိ ပါဋ္ဌ်သား မလွဲစေဘဲ ရှေးရှေး ပညာရှိတို့ စကားကို ထောက်ဆ ဟော ပြောနိုင်က တနေ့တွင် စာပေအကျော် က၀ိလက္ခဏာ နှင့် ပြည့်စုံမည်မှာ မလွဲဧကန် ဖြစ်မည်သာတည်း ဆိုပြီး နည်းပေးထားပါတယ်၊
တတ်နိုင်သမျှ အကျဉ်းချုပ်ပြီး နားလည်သလို ပြန်ဆိုလိုက်ပါတယ်။ ဘယ်စာအုပ်မှာ ပါတယ် မသိရပေမယ့် ရှားရှားပါးပါး စာရေးသူဆီကို ရောက်လာတာမို့ မှတ်စုအနေနဲ့ သိမ်းထားတာကို ဝေမျှလိုက်ပါတယ်။

လင်္ကာတမန် မိတ်ဆက်


ဤစာစောင်

တိုး တက်လိုက၊ ဖတ်ကုန်ကြ၊ သုတ ဤစာစောင်၊
တက် ခေတ်ကာလ၊ ဖော်ထုတ်ပြ၊ စုံလှ ဤစာစောင်၊
လို ပိုမရှိ၊ စွန်းမငြိ၊ ပိရိ ဤစာစောင်၊
က ရုဏာပွား၊ စိတ်ကောင်းထား၊ ရေးသားဤစာစောင်၊
လင် ကာတမာန်၊ ပြည့်သူ့ထံ၊ဖွင့်အံ ဤစာစောင်၊
ကာ မရှောင်ထွေ၊ ရဟန်းတွေ၊ ထုတ်ဝေ ဤစာစောင်၊
ရားနှင့်အညီ၊ စည်းလုံးမည်၊ စိတ်ရည် ဤစာစောင်၊
မန နေဂျာ အလား၊ ထောင့်စုံညား၊ ညွှန်ကြား ဤစာစောင်၊
မဂ် ဖိုလ်စခန်း၊ တဆင့်လှမ်း၊လက်ကမ်း ဤစာစောင်၊
ယက်ရိုက်နေ၊ သတင်းတွေ၊ သိစေ ဤစာစောင်၊
ဇင်း နစ်အရောက်၊ လှမ်းကာလျောက်၊လမ်းဖောက် ဤစာစောင်၊
ကို ကို မမ၊ ညီညွတ်ကြ၊ လမ်းပြ ဤစာစောင်၊
ဖတ် ပါ မှတ်ပါ၊ လေ့လာကာ၊ ဆောင်ပါ ဤစာစောင်၊
ပါ ပ စိတ်ထား၊ ပျောက်စေသား၊ ကြိုးစား ဤစာစောင်။ ။

တက္ကသိုလ် ရွှေသုဝဏ်

မှတ်ချက်။ ။ ဇင်းနစ် Zenith ဟူသော အင်္ဂလိပ်စကားကို မြန်မာမှု့ ပြုထားသည်။
အထက်ဘ၀ဂ် အထွတ်အထိပ် ဟု အဓိပ္ပါယ်ရသည်။

မှတ်မှတ်ရရ သြ၀ါဒများ

၁။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ် အောင်မြင် ကျော်ကြားတယ် ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ သမာဓိ ကိုယ်ကျင့်သိက္ခာတွေကိုပဲ အားကိုးစရာ ရှိတယ်၊

၂။ သာသနာဆိုတာ ဘုရားအဆုံးအမ ကိုခေါ်တယ်၊ ဘုရား အဆုံးအမ ဆိုတာကလဲ အနှစ်ချုပ်လိုက်ရင် သီလ သမာဓိ ပညာ သုံးပါးပဲ ရှိတယ်၊
၃။ ကိုယ်သိမ်မွေ့ပါ၊ နှုတ်ပြော ချိုသာပါ၊ စိတ်က ဖြောင့်မတ်ပါ၊

၎။ မိဘတွေက သားသမီးတွေကို အမွေပေးတယ် ဆိုတာ ကိုယ်က ဘုရင်ဖြစ်လျင် ဘုရင့်စီးစိမ်၊ သူဋ္ဌေးဖြစ်လျင် သူဋ္ဌေးစီးစိမ်၊ အနေနဲ့ တစ်ဘ၀ စာပဲ ပေးနိုင်ကြတယ်၊ ဗုဒ္ဓအမွေကတော့ တသံသရာလုံး ကောင်းဖို့ ညွှန်ပေးနိုင်ခဲ့တယ်။
၅။ သံသရာ ဆိုတာ သေပြီးမှ တဘ၀ ကူးတာ မဟုတ်ဘူး၊ နာမ်ရုပ်တွေ အဆက်မပြတ် ဖြစ်ပျက်နေတာကို ခေါ်တာပါ။

၆။ တစ်ဘ၀ ၏ ကိုယ့်အဖြစ်ကို မကြည့်ပါနှင့်၊ တစ်သံသရာ လုံးရဲ့ ကိုယ့်အဖြစ်ကို မြင်အောင် ကြည့်ပါ။
၇။ သတ္တ၀ါတွေဟာ ဒုက္ခရောက်တာကို ပြောနေကြတယ်၊ သွားနေတာက ဒုက္ခလမ်းပဲ၊ ဒီတော့ ဒုက္ခကြားက ဒုက္ခလောင်းဟာ ဒုက္ခကိုပဲ တွေ့ရတာပေါ့။

၈။ သံဝေဂ မပါလျင် တရားမရှာလေနဲ့၊ ရမှာ မဟုတ်ဘူး။
၉။ သတ္တ၀ါတွေဟာ ဒုက္ခ မရောက်သေးသမျှ မကြောက်ကြဘူး။
၁၀။လောကကြီးမှာ ဘယ်လောက် ကြီးကျယ် အောင်မြင် ကျော်ကြားနေပါစေ၊ သေခါနီးမှ မျက်ရည် လည်ရရင် လူဖြစ်ရှုံးတာပါပဲ။

၁၁။ အမှတ်မဲ့ နေသူရဲ့ စိတ်ဟာ အကုသိုလ်ဖက် သွားနေသလို အကုသိုလ်တွေ အကျိုးပေးဖို့အတွက်လဲ ထိုသူ့မှာ အဆင်သင့် ရှိနေတတ်တယ်။
၁၂။ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့် ယခု ဘ၀ ကြိုးစားမှု့ကလဲ ရှိရတယ်၊ စင်စစ်တော့ ကံ ဆိုတာ ရေလာ မြောင်းပေး လုပ်မှလည်း ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ၊

၁၃။ စိတ်နေ စိတ်ထား ဆိုတာ သေးသိမ်တဲ့ နေရာမှာ နေပြီး သေးသိမ်တဲ့ အလုပ်တွေကို မြင်နေ ကြားနေရရင် ကိုယ့်စိတ်ကလဲ သေးသိမ်လာပြီး ကြီးကျယ်တဲ့ အလုပ်ကို မြင်ရ ကြားနေရမှ ဓာတ်ကူး ပြီး ကြီးကျယ်လာတတ်တယ်၊
၁၄။ လူတွေဟာ ကိုယ့်ဥာဏ်က မမှီလျင် သူတပါး သိတာတွေကိုလဲ မယုံကြည်ကြ အမှန် မထင်တတ်ကြဘူး၊
၁၅။ သူများ အပြစ်ကို မကြည့်ပါနဲ့၊ ကိုယ့်အပြစ် ကို မြင်အောင် ကြည့်ပါ၊

၁၆။ အရာရာမှာ ပထမ ဗဟုဿုတ ရှိဖို့၊ ဒုတိယ သတိထားဖို့၊ တတိယ မှန်သလား မမှန်သလား စုံစမ်းဖို့ နဲ့ စတုတ္ထက ၀ီရိယ နဲ့ အလုပ် လုပ်နေဖို့ပဲ၊
၁၇။ သန့်ရှင်းတဲ့ နား အကြားများတယ်၊
ကြည်လင်တဲ့ မျက်စိ အမြင် များတယ်၊
စင်ကြယ်တဲ့ စိတ်က အသိများတယ်၊

၁၈။လောကကြီးမှ ဂုဏ် ရှိဖို့ထက် ရှိပြီး ဂုဏ်ကို ထိမ်းသိန်း နိုင်ဖို့က ပိုခက်တယ်၊
၁၉။ ကိုယ့်ကို ပတ်ဝန်းကျင်က မချစ်ရင်တောင် မမုန်း ကြဖို့က ပိုအရေးကြီးတယ်၊
၂၀။ ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ကြီး ၀င်နေလျင် သူတပါးကို အထင်သေးတာ သဘာဝ ပဲ၊ ဒါကို သတိထားစေချင်တယ်။

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ

Monday, January 11, 2010

နိယာမတရား ၅ ပါး အပိုင်း ၂

၁။ ပထမအမျိုးက အမြီးဗားကောင်များလို တစ်ကောင်ထည်းက နှစ်ခြမ်းကွဲ နှစ်ကောင် ဖြစ်လာတာလဲ ရှိတယ်၊
၂။ ဒုတိယ မျိုးက ဆဲလ်ပေါင်းများစွာပါတဲ့ သက်ရှိအရာဝတ္ထုတခုဟာ မြေမှာ ကပ်ပြီး အမြစ်တွယ် တိုးပွားလေ့ရှိသော စတော်ဘယ်ရီပင်လို သက်ရှိ အပင်သစ်များပေါက်ဖွားရန် ကြီးထွားလာတာမျိုးလဲ ရှိတတ်ပါတယ်၊
၃။ တတိယ အမျိုးက ဘယ်လ်ဂျေပင် မှို နှင့် အဆင့်အတန်းမြင့်တဲ့ သစ်ပင်များမှာ အပင်သစ်တွေ အလိုလို ဖြစ်ပွားလာသလို သတ္တ၀ါတမျိုးကို မှီတွယ်ပြီး ဆင့်ပွားလာတဲ့ သတ္တ၀ါမျိုးလဲ ရှိပါတယ်၊
၎။ စတုတ္ထအမျိုးက ဖို နဲ့ မ စပ်ယှက် ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သတ္တ၀ါမျိုးလဲ ရှိပါတယ်၊
၅။ ပဉ္စမအမျိုးက အမ ဟာ အဖို နဲ့ ပေါင်းဖော်ခြင်း မရှိပဲ သားသမီးငယ်များကို ပေါက်ဖွားစေတဲ့ သတ္တ၀ါမျိုးလဲ ရှိတတ်ပါတယ်။

ဒီငါးမျိုးက တော့ သက်ရှိသတ္တ၀ါတွေ ပေါက်ဖွားလာပုံကို သိပ္ပံက သုတေသန တွေ့ရှိချက်ပါပဲ။ ဒီငါးမျိုးထဲမှာ တီကောင်တွေကတော့ စတုတ္ထ အမျိုး နဲ့ ပဉ္စမ အမျိုး ကြောင့် ဖြစ်တတ်ပါတယ် တဲ့။

လောက်ကောင် ကြီးရင့်လာရင် ယင်ဖြစ်သလို တီကောင်ကြီးရင့်လာရင် ပင့်ကူကောင်များ၊ အမျှင်ရှိအကောင်များ၊ ကျောက်စုန်းတောက်တဲ့ ဆက်ကော့တာ ရပ်ကြီးများ၊ အသားစားတဲ့ ပင်လယ်တီကောင်များ သို့မဟုတ် ကင်းခြေများ၊ ပင်လယ်ကမ်းခြေမှာရှိတဲ့ သဲပလုပ်ကောင်များ၊ မြင်းမြှော့များ၊ မြှော့နက်ကောင်များ၊ စတာတွေ ဖြစ်နိုင်တယ် ဆိုတာကိုတော့ လူထုသိပ္ပံကျမ်း အတွဲ ( ၅ ) တီကောင်မျိုးမှ ဆင်းသက်ပိုးမျိုးများအခန်းကို ကြည့်ရှု့နိုင်ပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် သက်ရှိသတ္တ၀ါအားလုံးဟာ နိယာမ တရား ငါးပါးကနေ ဘယ်လို အကြောင်းနှင့်မှ သွေဖယ်လို့ မရနိုင်ဘူး ဆိုတာမှတ်သားရပါတယ်။
ကျမ်းကိုး၊ ယနေ့ဗုဒ္ဓ၀ါဒ ဆိုင်ရာ အမေးအဖြေများ
တည်တော ဆရာတော်၊ ထီးချိုင့်မြို့ ။

Saturday, January 9, 2010

နိယာမ ၅ ပါး အဓိပ္ပါယ်

နိယာမ ဆိုတဲ့ ပုဒ်က မြဲတယ် ဆိုတဲ့ အဓိပ္ပါယ်ကို ဟောပါတယ်၊

၁၊ ဗီဇ နိယာမ = မျိုးစေ့ မြဲတယ် လို့ ဆိုလိုပါတယ်။ ဆီးစေ့က ဆီးပင်ပေါက်တယ်၊ သရက်စေ့ က သရက်ပင် ပေါက်တယ် ဆိုတာမျိုးပါ။
၂ ၊ဥတု နိယာမ = ဥတု မြဲတယ် လို့ ဆိုလိုပါတယ်၊ ဆောင်းရာသီ နှင်းကျတယ်၊ မိုးရာသီ မိုးရွာတယ်၊ နွေရာသီ နေပူတယ် ပေါ့၊
၃၊ ကမ္မ နိယာမ = ကုသိုလ်ကံ အကုသိုလ်ကံအဖြစ် မြဲတယ် ပေါ့။ ကုသိုလ်ကံက ကောင်းကျိုးကို ပေးတယ်၊ အကုသိုလ်ကံက မကောင်းကျိုးကို ပေးတယ်လို့ ယုံကြည်တာမျိုးပါ။ ဒါကိုပဲ ကံ ကံ၏ အကျိုးကို ယုံကြည်တဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ - လို့လဲ ခေါ်ပါတယ်၊

၎၊ ဓမ္မ နိယာမ = သဘော အားဖြင့် မြဲတယ် ပေါ့၊ ဘုရားအလောင်း ပဋိသန္ဓေယူတဲ့ အခါ၊ ဘုရားဖြစ်တဲ့ အခါ၊ ဓမ္မစကြာတရားဟောတဲ့အခါ၊ အာယုသင်္ခါရ လွှတ်တဲ့အခါ၊ ခန္ဓာ ပရိနိဗ္ဗာန် စံတော်မူတဲ့ အခါတွေမှာ လောကဓာတ် တသောင်း တပြိုင်နက် တုန်လှုပ်ခြင်း မျိုးကို ဆိုလိုပါတယ်၊

၅၊ စိတ္တ နိယာမ = စိတ်ဖြစ်ပုံ မြဲတယ် တဲ့၊ စိတ် ဟာ အာရုံ တမျိုးနဲ့ ကြုံတွေ့ခဲ့ရင် အတီတ ဘ၀င်၊ ဘ၀င်္ဂစလန၊ ဘ၀ဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရာ ၀ဇ္ဖန်း၊ စက္ခု ၀ိဥာဏ်၊ သမ္ပဋိစ္ဆိုင်း ၊ သန္တီရဏ ၊ ၀ုဋ္ဌော၊ စတဲ့ဖြစ်စဉ် ဟာ မပြောင်းလဲဘူး၊ ပုံမှန် ဖြစ်နေကျ စိတ်အစဉ် လို့ ဆိုလိုတာပါ၊

ဒီနိယာမ ငါးပါး ထဲမှာ ယင်က ဥချပြီး၊ ဥကနေ လောက်ကောင်ဖြစ်၊ လောက်ကောင်ကနေ တဆင့်မှ ယင်ဖြစ်လာတယ် ဆိုတာ ဟာ ဗီဇ နိယာမ အတွင်းမှာ ပါဝင်ပါတယ်၊
သတ္တ၀ါ တွေ ဟာ တိုက်ရိုက် ပေါက်ဖွားတဲ့ ဧကဇ အမျိုးအစား၊ နှစ်ဆင့် ပေါက်ဖွားတဲ့ ဒွိဇ အမျိုးအစား၊ သုံးဆင့် သုံးခါ ပေါက်တဲ့ တိဇ အမျိုးအစား စသောအားဖြင့် အမျိုးမျိုး ရှိကြပါတယ်၊

လူတို့ ကျွဲ နွား စတဲ့ သတ္တ၀ါတွေကတော့ အမိဝမ်းဗိုက်က တကြိမ်ထည်း မွေးဖွားကြလို့ ဧကဇ မျိုးလို့ ခေါ်ပါတယ်၊ ကြက် တွေ ငှက်တွေ မြွေတွေ ဖွတ်တွေ ကျတော့ အမိက ဥကို တကြိမ် ဥတယ်၊ ဥကမှ အကောင်ပေါက်တဲ့ အတွက် ဒွိဇ မျိုး နှစ်ကြိမ်ပေါက် သတ္တ၀ါတွေပါ၊

ယင် ပျားကောင် လိပ်ပြာ တို့ကျတော့ ပထမ ဥတယ်၊ လောက်ကောင်လို ပိုးကို ပေါက်တယ်၊ အဲဒီ ပိုးက အစားအစာ ၀ပြီး တနေရာမှာ အမြှေးတွေ ဖုံးအုပ်ပြီး ငြိမ်သက်စွာ ဖိုဝင်တယ်၊ အဲဒီ ဖိုက ထွက်မှ မူလ သတ္တ၀ါမျိုး ဖြစ်ရတယ်၊ ဒါကြောင့် သူတို့ကို တိဇ မျိုး သုံးခါ ပေါက် လို့ ခေါ်ရတယ်၊

လောကမှာ သတ္တ၀ါတွေဟာ အလွန် အဖြစ်ဆန်းပါတယ်၊ ( သတ္တ နိကာယော အစိန္တေယျော ) လို့ စာပေက ဆိုပါတယ်၊ အဓိပ္ပါယ်က သတ္တ၀ါ ဖြစ်ပုံကို မကြံစည် နဲ့ လို့ ဆိုလိုတာပါ၊
အားလုံး ခြုံကြည့်ရင် သတ္တ၀ါတွေ ဖြစ်လာတဲ့ ပုံစံ ဟာ လေးမျိုး ရှိပါတယ်၊ တနည်းအားဖြင့်
ပဋိသန္ဓေ လေးမျိုး ပေါ့။

၁၊ ကိုယ်ကောင် ထင်ရှား ဘွားကနဲ ဖြစ်လာတဲ့ နတ် ဗြဟ္မာ စတဲ့ ဥပပတ် ပဋိသန္ဒေ၊
၂၊ အညှီ အဟောက်ကို စွဲမှီ ဖြစ်လာတဲ့ ဝေဠုဝတီ တို့လို သံသေဒဇ ပဋိသန္ဓေ၊
၃၊ ဥ ခွံ တွင်းက ဖြစ်ပေါ်လာတဲ့ ကြက် ဘဲ တို့လို အဏ္ဍဇ ပဋိသန္ဒေ၊
၎၊ မိခင် ၀မ်းဗိုက်မှာ ကလလ ရေကြည် စတည် ဖြစ်ပေါ်လာတဲ့ လူ တွေလို ဇလာဗုဇ ပဋိသန္ဓေ၊

၃ နဲ့ ၄ ကိုတော့ အမိဝမ်းမှာ ပဋိသန္ဒေနေရလို့ ဂဗ္ဘသေယျက သတ္တ၀ါ လို့ ခေါ်နိုင်ပါတယ်၊ နားလည်အောင် ပြောရရင် အဖို နဲ့ အမ စပ်ယှဉ်ပြီးမှ ဖြစ်ပေါ်လာတာပေါ့။ ၁ နဲ့ ၂ တို့ကတော့ အဖို အမ စပ်ယှဉ် စရာ မလိုပဲ ဖြစ်ပေါ်လာနိုင်ပါတယ်၊
လောကမှာ ရှိတဲ့ သတ္တ၀ါ အားလုံး ဟာ ဒီလေးမျိုး အနက် တမျိုးမျိုး နဲ့ သာ ဖြစ်ကြရပါတယ်၊
ခြွင်းချက်အနေနဲ့ တီကောင် ဟာ အဖို အမ စပ်ယှဉ်ပေါက်ဖွားလာတာကြောင့်လဲ ဖြစ်နိင်တယ်၊ နောက်ပြီး အညှီ အဟောက်ကြောင့်လဲ ဖြစ်နိုင်တယ်၊ ရုတ်တရက်ဖြစ်တတ်တဲ့ ဥပပတ် မျိုးလဲ ရှားရှား ပါးပါး ရှိတတ်ပါတယ်၊

သိပ္ပံ နည်းအလို အရ ဆိုရင်တော့ သတ္တ၀ါတွေ ဖြစ်ပေါ်လာပုံ ဟာ ၅ မျိုး ရှိတယ် လို့ ဆိုပါသတဲ့။

ဆက်ပါအုံးမည် - -

Thursday, January 7, 2010

မြတ်ဗုဒ္ဓ၏ အသံတော်အင်္ဂါများ

၁။ ၀ိသဋ္ဌ - သန့်ရှင်းစင်ကြယ်ခြင်း ၊
၂။ မဉ္ဖူ - သာယာခြင်း ၊
၃။ ၀ိညေယျ - သိလွယ်ခြင်း ၊
၎။ သ၀နီယ - နာခြင်ဖွယ်ရှိခြင်း ၊
၅။ ဗိန္ဒူ - တလုံးတစည်းထည်း ရှိခြင်း ၊
၆။ အ၀ိသာရီ - ပရိသတ်အပြင်သို့ ပြန့်မထွက်ခြင်း ၊
၇။ ဂမ္ဘီရ - နက်နဲခြင်း ၊
၈။ နိန္နာဒိ - ပဲ့တင်ထပ်ခြင်း


ကျမ်းညွန်း.. ပဏ်.၂။ပါ-၃၄၀
မဟာနိပါ။ ၃၅၃
ဒီဃ ၂။ ပါ၊ ၁၇၁

အဘိဓမ္မာ အသံမစဲ ဟောကြားပုံ
ဘုရားရှင်တို့တွင် မသိစိတ်ဟု ခေါ်သော ဘဝင်စိတ်များ အဖြစ်နည်းပြီး သိစိတ်ဟုခေါ်သော ဝီထိစိတ်များ အဖြစ်များသည့်အတွက် အလွန်လျင်မြန်အောင် ဟောကြားတော်မူနိုင်ပါတယ်။

စိတ်တော်က အလိုရှိတိုင်း လျင်မြန်တော်မူသကဲ့သို့ လျှာတော်၊ အာတော်၊ နှုတ်ခမ်းတော် တို့ကလည်း အလိုရှိတိုင်း လျင်မြန်စေ့စပ်တော်မှုလှပါတယ်။

စိတ်တော်၊ အာတော်နှင့် လျှာတော်တို့က လျင်လျင်မြန်မြန်ကြီး တစ်ဟုန်ထိုး ဟောကြားပါသော်လည်း အသံတော်၏ သာယာနာပျော်ဖွယ် ရှိခြင်း၊ စည်းစည်းလုံးလုံးရှိခြင်း စသည်တို့ကြောင့် နာကြားရသော နတ်ဗြဟ္မာများ၏ နားထဲတွင် မရှင်းလင်း မသဲကွဲခြင်း တစ်လုံးတစ်ပါဒမျှ မရှိဘဲ အားလုံးရှင်းလင်း သဲကွဲ ပြတ်သားစွာ နားလည်ကြရပါသည်။

မြတ်စွာဘုရား၏ အသံတော် လျင်မြန်ပုံ

“တစ်ရာ့တစ်ပါး၊ လူမျိုးများတို့၊ စကားတစ်ခွန်း၊ မြွက်ဆိုညွှန်းက၊ ရှစ်ခွန်းအာနန်၊ မိန့်လျင်မြန်၏။
အာနန်ထေရ်ကျော် ၊ တစ်ခွန်းသော်မူ၊ ရှင်တော်ဘုရား လျင်လျားတုမဲ့၊ တစ်ဆယ့်ခြောက်လီ၊ ခွန်းထပ်မှီ၏။
လောကီလူသား၊ တစ်ခွန်းအားမူ၊ ဘုရားလူ့ဘ၊ မုနိန္ဒလျှင်၊ တစ်ရာ့နှစ်ဆယ်ရှစ်ခွန်းကယ်၏။”

သို့ဖြစ်ပါသောကြောင့် -
သာမာန်လူ ၁ ခွန်း = အရှင်အာနန္ဒာ ၈ ခွန်း
အရှင်အာနန္ဒာ ၈ ခွန်း = ဘုရား ၁၆ ခွန်းဖြစ်၍
သာမာန်လူ ၁ ခွန်း = ဘုရား ၁၂၈ ခွန်းဖြစ်လေသည်။ (၁၆x၈)

ဤကဲ့သို့ လျင်မြန်စွာ နေ့ရောညပါ အသံမစဲ ဝါတွင်း ၃ လ ကာလပတ်လုံး ဟောကြားတော်မူခဲ့တဲ့... အဘိဓမ္မာ ၇ ကျမ်းဟာ ...
စာအုပ်ရိုက်၍ မကုန်နိုင်လောက်အောင် များပြားရခြင်းဖြစ်ပါတယ်။

အရှင်သာရိပုတ္တရာမှ တစ်ဆင့် ဟောကြားထားသော အဘိဓမ္မာ မကျဉ်းမကျယ်နည်းသည်ပင် ဆဋ္ဌသင်္ဂါယနာ တင်မူဖြင့် အုပ်ရေ ၁၂ အုပ်။ စာမျက်နှာအားဖြင့် ၅ဝဝဝ ခန့်ရှိသည်။

PKZ

ဤဆောင်းပါးကို ဒီနေရာမှ ယူပါသည်။

Sunday, January 3, 2010

ပါရမီ ဖြည့်သူများ ( သို့ ) ဒါနသီရိလင်္ကာ အပိုင်း၂

မေတင် ရဲ့ လျောက်ထား မှု့များ



ဒေါက်တာ ဒေါ်သက်သက်နွယ် က သံဃာများအား လျောက်ထားစဉ်

ပရမာနံ ကမ္မံ ပါရမီ -

( မြင့်မြတ်သူတို့ လုပ်သမျှ အလုပ်သည် ပါရမီထိုက်ပါပေ၏ )

ပရမာနံ အယံ ပါရမီ -

ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့ အတွက်သာ ဖြစ်၏၊



ဒီနှစ် ၂၀၀၉ ခုနှစ်မှာတော့ ပွင့်လင်းတဲ့ ပညာရေး ခေတ် ဖြစ်တာမို့ သံဃာ ဦးရေ ဟာ အဆမတန် များပြားလာပြီး ၀ါဆိုသံဃာ ၂၃ရ ပါး အထိ ရှိလာပါတယ်။ အရင်နှစ်တွေက များများစားစား လှူဒါန်းနိုင်ပေမယ့် ဒီနှစ်မှာတော့ သံဃာဦးရေ က များပြားလာတာမို့ ဒါနသီရိလင်္ကာအသင်း ရဲ့ မေလ ၁၁ ရက် လှူဒါန်းပွဲ မနက်ပိုင်းမှာ သံဃာအပါး ၁၅၀ ကျော်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး နေ့ပိုင်း ၂ နာရီမှာတော့ ပရိဘောဂ အသုံးအဆောင် တန်ဖိုးတွေ မပါဘဲပညာသင်စရိတ် သက်သက် စာရင်းအရ စင်္ကာပူဒေါ်လာ ၅၆၀၀၀ နီးပါး အကုန်အကျခံသော လှူဒါန်းပွဲကို ကျင်းပဖြစ်ပါတယ်၊

၊အခမ်းအနားမှာ ဒါယကာမကြီး ၂ယောက်စလုံး က အသင်းရဲ့ အခြေအနေတွေ အခက်အခဲတွေနဲ့ ယခုကဲ့သို့ သာသနာကို ထောက်ပံ့ခွင့်၇တာ အလွန်ဝမ်းသာကြောင်း၊ အသက်ကြီးလာသော်လည်း ကျမ္မာရေး ကောင်းနေသ၍ အလုပ်လုပ်နိုင်သေးသမျှ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ကျမ္မာရေး ကောင်းမွန်ဖို့ သားတော်တို့ ( ဦးဇင်းတို့ ) ဘက်မှ မေတ္တာပို့ပေးကြဖို့ လျောက်ထားပြီး အရင်နှစ်တွေကလောက် မလှူဒါန်းနိုင်တဲ့အတွက် ဒါယကာမကြီးတွေဟာ စိတ်မကောင်းပါဘူး လို့ ညည်းရှာပါတယ်၊

စာရေးသူ ကလဲ သံဃာ အားလုံးကိုယ်စား ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ပြောကြားဖြစ်ခဲ့ပါတယ်၊

ဒါနသီရိလင်္ကာ အသင်းမှ ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌ စသည့် နိုင်ငံပေါင်းစုံမှ အသင်းသူ အသင်းသားတို့၏ နက်ရှိင်းသည့် သဒ္ဓါတရား ကို သံဃာအားလုံးကိုယ်စား လေးစားတန်ဖိုးထားပြီး ချီးကျူး သာဓုခေါ်ပါကြောင်း၊ အသင်းအနေဖြင့် အခက်အခဲ အမျိုးမျိုးကြားမှ အလှူငွေ ကောက်ခံရသည် ဟု သိရသောကြောင့် အသင်းကိုယ်စား အနစ်နာခံသည့် စိတ်ထားအတွက် ကြည်နူး ၀မ်းသာ ပီတိဖြစ်ရပါ ကြောင်း၊ အသင်းမှ လှူဒါန်းထောက်ပံ့လိုက်သည့် သံဃာ အများစုဟာ အတ္တတ္ထစရိယ၊ ဥာတတ္ထစရိယ၊ လောကတ္ထစရိယ ဆိုသော ဒေသနာအရ အစဉ်အတိုင်းဖြည့်ဆည်းရမှာဖြစ်ပြီး နောင်တချိန်တွင် အမျိုးဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ကြမည့် သာသနာ့ အာဇာနည်များ ဖြစ်လာမည် ဟု မျှော်လင့်နိုင်ကြောင်း၊ တနှစ်သာ မဟုတ်ပဲ နှစ်စဉ် ကုသိုလ်တိုးပွား အကျိုးများနေတာမို့ သံသရာအတွက်လဲ ရိက္ခာ ပြင်ဆင်ပြီးသား ဖြစ်ကြောင်း ပြောကြားဖြစ်ခဲ့ပါတယ်။

နိုင်ငံများစွာ မှ အလှူရှင် ဒါယကာ ဒါယိကာမ များကလည်း မိမိတို့ လှူဒါန်းလိုက်သည့် သံဃာတော်များ၏ အကြောင်းကို သိရ၍ မုဒိတာပွား ၀မ်းမြောက်ကြရသည်လို့ ကြားသိရပါတယ်၊

တကယ်တော့ ယခုလှူဒါန်းနေတဲ့ ပုံစံက မြန်မာပြည်က ဘုရားပွဲတွေမှာ မဟာဒုတ် စာရေးတံမဲ နှိုက်ရသလိုပါပဲ၊ သံဃာများစွာထဲက ဘယ်ကိုယ်တော်နဲ့ ဘယ်နိုင်ငံက အလှူရှင်များ ရေစက်ဆုံမယ် ဆိုတာကြိုတင် မသိနိုင်ကြပါဘူး၊ ဒါက အလှူအတွက် ရင်ခုန်စရာ ကြိုတင်ပီတိ တနည်းအားဖြင့် ပုဗ္ဗစေတနာ ကို တိုးပွားစေပါတယ်။

တချို့ အလှူရှင်များကလဲ အဲဒီကတဆင့် မကုဋာရာမ မြန်မာကျောင်းမှာ သံဃာတွေ အများကြီး သီတင်းသုံးနေကြတယ် ဆိုပြီး သံဃာအများ ကို ရည်မှန်းပြီး အာရုံဆွမ်း နေ့ဆွမ်း ဆက်ကပ်လေ့ရှိကြပါတယ်၊

နိုင်ငံရပ်ခြားမှာ ယခုလို သံဃာတွေ အပါး ၂၀၀ ခန့် တစုတဝေးကြီး ဖူးမျှော်ကြည်ညိုခွင့် လှူဒါန်းခွင့်ရတာကလဲ အတိုင်းထက်အလွန် ၀မ်းသာကြည်နူးမှူ့ ကို ဖြစ်စေပါတယ် တဲ့။ ဘာပဲဖြစ်ဖြစ် ဒီလို ပီတိတွေဟာ ဒါနသီရိလင်္ကာအသင်းကနေ ကူးစက် ထွန်းညှိပေးလိုက်တာ ဆိုရင် မမှားပါဘူး၊

အမှတ်တရ အနေနဲ့ အသင်းဥက္ကဋ္ဌ ဒါယကာမကြီး မေတင် ရဲ့ ၂၀၀၆ ခုနှစ်က ရေးသားခဲ့တဲ့ စာလေးက သူ့စေတနာ နဲ့ အသင်းရဲ့ အနေအထားကို ထင်ဟပ်စေတာမို့ အရှိအတိုင်း ဖော်ပြလိုက်ပါတယ်၊

ယူလိုက်က ကြိုက်တယ် ထင်

ယခု ၂၀၀၆ ခုနှစ် ဇန်န၀ါရီလတွင် ဒါနသီရိလင်္ကာအသင်းသည် ၉ နှစ်တင်းတင်း ပြည့်လေပြီ၊လွန်ခဲ့သည် ဆယ်နှစ်ခန့်က စင်္ကာပူ နှင် ယခုစင်္ကာပူ သည် အလွန်ကွာခြားပါသည်။ အရင်တုန်းက ဘုန်းကြီးဆို ရှားရှားပါးပါးပင်၊ မဟာစည်ဆရာတော်၊ သီတဂူဆရာတော် စသည့် သံဃာများသာ တခါတရံ ကြွကြသည်၊ စင်္ကာပူရှိ မြန်မာမိသာစုများလဲ တခုတည်း ရှိသော မြန်မာကျောင်းကို အားထားကြရသည်၊ ၄င်း အချိန်ကာလမှ ဤအသင်းကို စတင်ခဲ့ခြင်း ဖြစ်သည်၊

ယခုအခါ စင်္ကာပူတွင် မြန်မာဘုန်းကြီးကျောင်း အခြားနှစ်ကျောင်းရှိသည်၊ ယခုတဖန် ဓာတ်တော်တိုက် ဟူ၍ ပေါ်လာပြန်ပါသည်၊ မယ်သီလရှင်ကျောင်းလဲ ထောင်ထားသည်၊ မင်္ဂလာဝိဟာရမှာလဲ မြန်မာဘုန်းကြီး တစ်ပါး ရှိပြန်သည်၊ မေတင် တို့ အသင်းကဲ့သို့ နောက်ထပ် ငါးသင်းမျှ ရှိသည်။ လစဉ် အလှူငွေ ကောက်ခံကာ မြန်မာပြည်သို့ ပို့ကြသည်၊

နွေရာသီ ကလေးများကျောင်းပိတ်၍ မြန်မာပြည်မှ အပြန်တွင်လည်း အိမ်တိုင်းလိုလို အလှူခံဖြတ်ပိုင်းလေးများပါလာကြသည်၊ မိမိဒေသ အရပ်မှ ဇရပ် ကျောင်းစသည့် အဆောက်အဦးများအတွက် ဖြစ်သည်၊

မြန်မာပြည်တပြည်လုံးမှ နာမည်ကျော်တရားဟောဆရာတော်များ၊ တရားပြများ၊ စာချဆရာတော်ကြီးများ အားလုံး စင်္ကာပူသို့ ကြွလာကြသည်။ မေတင်မှာလဲ လူတကာဆီက အလှူခံနေသူ ဆိုတော့ ကိုယ့်ဆီပဲ ပထမဆုံး အလှူခံကြသည်၊ မေတင်လဲ အလှူခံရသည့် ဘ၀ကို ကိုယ်ချင်းစာကာ အမြဲ ၅၀ တန် တရွက်တော့ ထည့်သည်၊ စင်္ကာပူ ဒေါ်လာ ၅၀ ကို မိမိအတွက် အကျီတစ်ထည်တောင် ၀ယ်ဖို့ စဉ်းစားနေရသည်၊ တော်တော်နဲ့ မ၀ယ်ဖြစ်ပါ၊ အလှူကတော့ တပတ်ကို တခါ နှစ်ခါ အမြဲထည့်ရသည်၊ မိမိအတွက်တော့ အဆင်ပြေသလို ပုံကျအောင် ဖန်တီး ၀တ်ဆင်ရပါသည်၊

ကြာတော့လည်း အလှူခံ၇မည်ကို အားနာလာသည်။ယခုအခါ ဘဏ္ဍာရေးမှူး ဒေါ်ရင်ရင်ဝင်း အလုပ်ဝင်သွားပြီ ဖြစ်၍ ညာလက်ရုံးပြုတ်တော့သည်၊ ဒေါက်တာ ဒေါ်သက်မှာလည်း အသက်ကြီး အလုပ်များ လူမှူ့ကိစ္စများကြားမှ အသင်းကို အချိန်ပေး၍ လုပ်ပေးရှာသည်၊ မနှစ်က သီရိလင်္ကာ ခရီးစဉ်ထဲက မေတင်တယောက် ဒီအလုပ်ကို ဆက်မလုပ်ချင်တော့ပါ၊ဒေါက်တာဒေါ်သက် ၊ ဒေါ်ရင်ရင်ဝင်းတို့ မျက်နှာနှင့် လုပ်ဖော်ကိုင်ဖက် ရဲဘော် ရဲဘက်ကို သစ္စာရှိသော အားဖြင့် ဆက်လက် လုပ်ဖြစ်နေပါသည်၊

ထိုအချိန်က သီရိလင်္ကာ သံအမတ်ကြိး ဦးသန်းထွန်းကလဲ ဒေါ်တင်တင်မြင့်၇ယ် အကျိုးကျေးဇူးကြီးမားလွန်းလို့ ဆက်လုပ်ပါ လို့ မေတ္တာရပ်ခံပါတယ်၊ ဒေါက်တာသက် ၏ ငယ်ပေါင်းမိတ်ဆွေ ဒေါက်တာ ဒေါ်ဝင်းမေကလဲ အမရယ် ဒီလောက်အောင်မြင်နေတဲ့ လုပ်ငန်းကြီးကို သိမ်းလိုက်ရမှာ နှမြောစရာကြီး၊ ကျမတို့ အားပေးနေပါမယ် ဆက်လုပ်ပါ လို့ တိုက်တွန်းပါတယ်၊

ပြီးခဲ့သည့်လက အလိုတော်ပြည့် ဆ၇ာတော်ဘုရားအား ဦးခင်မောင်မြင့် + ဒေါ်ခင်မာကြည် တို့နေအိမ် ဆွမ်းကျွေးတွင် တွေ့၇သည်၊ ဆရာတော်သည် သီရိလင်္ကာတွင် မကြာခဏ ကထိန် သွားခင်းလေ့ ရှိသည်၊ တကြိမ်တွင်လည်း ဒါယကာမကြီးက ဘုန်းကြီးထက် အသက်ငယ်ပါတယ်၊ ဒါပေမယ့် ဒီလုပ်ငန်းကြီးကို လုပ်တာ ချီးကျူး သာဓုခေါ်ပါတယ်၊ ကိုယ့်အမေလို အမလိုပဲ မယ်တော်ကြိးကို သဘောထားပါတယ် လို့ မိန့်ကြားသွားပါသည်၊ ယခုတော့ နှစ်ကုန်သည်နှင့်  အမရေ စပွန်ဆာအတွက် ငွေပို့ပေးရတော့မလား ဆိုသည့် စေတနာရှင်များကလည်း ရှိနေကြပါသည်၊ သူတို့စေတနာကိုလဲ ထောက်ရအုံးမည်၊

ဆေးတံတို တညိုလောက်၊

ရော့ သောက်တော့ ပေး၊

မယူလိုက်က မိုက်တယ် ထင်၊

ယူလိုက်ပြန်က ကြိုက်တယ် ထင်၊

သောက်စေချင် တံခါးကွယ်ခြားမှာ၊

ထားခဲ့တော့လေး-

မေတင်တို့ ဘ၀မှာလည်း ရှိတဲ့လူနဲ့ ဆက်ရုန်းရမလား၊ အပြီးပဲ ပိတ်လိုက်တော့မလား- မမိုက်မကြိုက် အဖြစ်နဲ့ ဥပေက္ခာ များစွာနဲ့ ရသလို ရှာ၍သာ ပို့လှူမည် ဟု ဆုံးဖြတ်လိုက်ပါကြောင်း သီရိလင်္ကာရှိ သံဃာတော်အပေါင်းတို့ရေ - -

မယ်တော်ကြီး ဒေါ်တင်တင်မြင့် ( မေတင် )

၂၇ - ၀၁ - ၂၀၀၆

ရေစုန်ကို မျှောလိုက်ဖို့ လွယ်ကူပေမယ့် ရေဆန်ကို လှော်ခတ်ဖို့ ပိုမို ကြိုးစားအားထုတ်ရသလို သူလို ငါလို ရေလိုက်ငါးလိုက် အေးအေးလူလူ နေလို့ ရပေမယ့် ဒုက္ခလွတ်မြောက်ရာ ကို သွားဖို့ နည်းနည်း အားစိုက်ကူးမှ်ေ၇ာက်နိုင်မှာပါ၊

ဒါကြောင့် ပါရမီတွေ မြောက်များစွာ ( ဒါနပါရမီ မေတ္တာပါရမီ ၀ီ၇ိယပါရမီ ကရုဏာပါရမီ မုဒိတာပါရမီ ) စတာတွေ ကို နှစ်စဉ်နှစ်တိုင်း ဖြည့်ကျင့် ဆည်းပူးနေတယ် ဆိုတာကို တွေးမိတိုင်း ပီတိဖြစ်ရပါလိမ့်မယ်၊ ဒီထက်ပိုပြီး သာသနာကို ဆထက်ထမ်းပိုး စောင့်ရှောက် နိုင်ပါစေ လို့ စာရေးသူက အားပေးစကားပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေ - -



ကျမ္မာ ချမ်းသာ အသက်ရှည်၍ သာသနာပြုနိုင်ပါစေကြောင်း မေတ္တာပို့ ဆုတောင်း ပေးလျက်ပါ-



LinkWithin

Related Posts Plugin for WordPress, Blogger...