" ပရမာနံ ကမ္မံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့အတွက်သာဖြစ်၏ "

Saturday, February 20, 2010

အတု အစစ် ခွဲခြားနိုင်ဖို့ - -



“ ကြာကြာဝါးမဲ့ သွား အရိုးကြည့်ရှောင် ” ဆိုတဲ့ ရှေးလူကြီးတွေစကားအရ မျက်စိအခြေအနေကြောင့် ကွန်ပြူတာနဲ့ ၇ ရက်တပတ် လောက် ကင်းနေတာ လောကကြီးနဲ့ အဆက်အသွယ် ပြတ်နေသလား လို့တောင် ထင်လိုက်မိတယ်၊ မသိလိုက်တာတွေ မသိတာတွေ များနေပါလား လို့လဲ စဉ်းစားမိတယ်။

မျက်စိကလည်း ကွန်ပြူတာရှေ့ ရောက်လို့ ထိုင်တာ မကြာသေးဘူး၊ မျက်ရည်တွေ တောက်တောက်ကျလာတဲ့ အထိ ဖြစ်နေတာ ဆိုတော့  စာဖတ်ဝါသနာပါတဲ့  စာရေးသူအတွက်တော့ တော်တော်ကြီးတဲ့ ဒုက္ခလို့ပဲ ဆိုချင်ပါတယ်။ အရင်ကတော့ နောင်တော်ကြီး ဦးဝိစိတ္တ ပြောသလိုပဲ သူတပါးကို ဝေဖန်ခြင်း၊ တိုက်ခိုက်ခြင်း၊ငြင်းခုံခြင်း၊ စကားရည်လုခြင်း စတဲ့ ပြဿနာတွေကို တတ်နိုင်သလောက် ရှောင်ခဲ့ပါတယ်၊  ၀င်ရောက်စွက်ဖက်လိုတဲ့ စိတ် မရှိခဲ့တာအမှန်ပါ၊
စာရေးသူရေးတဲ့ စာတွေက အများကို စိတ်ကြည်နုးစေတဲ့ ကုသိုလ်ဖြစ်စေတဲ့ စာမျိုးကိုပဲ ပေးချင်ခဲ့တာပါ။  “ ဧကဿ  စရိတံ  သေယျော “- တစ်ယောက်ထည်းနေနိုင်ရင် အမြတ်ဆုံး နေထိုင်ခြင်းပဲ -ဆိုတဲ့ အဖ မြတ်စွာ စကားကို လက်ကိုင်ထားပြီး နေနိုင်အောင် ကြိုးစားနေပေမယ့် သာသနာဝန်ထမ်း ရဟန်းတော်တပါးအနေနဲ့  သာသနာ့တာဝန်ကို တတ်နိုင်သရွေ့ ထမ်းဆောင်ရမယ် ဆိုတဲ့ အဆုံးအမကလဲ ရှိနေပြန်တော့ ဥပေက္ခာပြုချင်ပေမယ့်  မပြုနိုင်ပြန်ဘူး။


ကြားရ ကြားရ နားဝ မသက်သာ - ဆိုတာလို တစခန်းထလာကြတဲ့  ၀ါဒစွဲ ဂိုဏ်းစွဲတွေနဲ့  ပညတ်တွေ ပရမတ်တွေ ကိုင်ကိုင်ပြီး လူကြားကောင်းအောင် တရားစစ် တရားမှန်လိုလို ဟစ်အော်နေတာကို ကြားလိုက်ရတော့  အမှန်တရားကို ဆုံးဖြတ်ပေးနေကြဖြစ်တဲ့ တရားသူကြီး ပေါင်ချိန်ရဲ့ စကားလို ဒီလို ကိစ္စ ဒီလို အဖွဲ့မျိုး တကယ် ရှိနေသလား လို့တောင်  မေးလိုက်ချင်တော့တယ်။  
သို့ပေမယ့် - - -
အမှန်တရား တို့မည်သည် နောက်ကျသည် ဆိုတာ မရှိ  - - တဲ့။
 မောင်အောင်ဦး  ဦးဆောင်တဲ့  သာသနာကို ဆတ်ဆတ်ထိ မခံလိုသူတွေက အမှန်တရား ဆိုတာကို  အွန်လိုင်း ဆွေးနွေးပွဲအနေနဲ့ ဖော်ထုတ်တာကို ကြားမိတော့   ၀မ်းသာလွန်းလို့  မျက်ရည်တောင် လည်မိတယ်၊ 


ရှေ့လျောက်ပြီးလဲ မောင်အောင်ဦး နှင့်တကွ အားလုံးသော ဓမ္မမိတ်ဆွေ ညီအကိုတွေကိုလဲဓမ္မအရေး သာသနာအရေး တွေနဲ့ ပက်သက်ပြီး တတ်နိုင်တဲ့ ဘက်က  ကူညီပေး နိုင်ဖို့ ကြိုဆို ဖိတ်ခေါ်လိုက်ပါတယ်၊ 
အယသာ ၀ မလံ သမုဋ္ဌိတံ၊
တတုဋ္ဌာယ တမေ၀ ခါဒတိ။ ( ဓမ္မပဒ )
သံကို ဖျက်တာ သံချေးကပဲ၊ အဲဒီ သံချေးကလဲ သံကပဲ လာတယ် ၊ ဘယ်ကမှ မလာနိုင်ဘူး၊ အဲဒီ ဥပမာလိုပဲ သာသနာကို ဖျက်ရင်လဲ သာသနာတွင်းက အကျင့်ပျက် သီလပျက် ရဟန်းတွေကပဲ ဖျက်ဆီးလေ့ရှိကြသတဲ့၊ ဒါလေးက ဓမ္မပဒ ကလာတဲ့ စကားလေးပါ။
အင်္ဂုတ္တရ ပါဠိတော် မှာ လည်း နောင်အခါ ငါဘုရား သာသနာကို ဖျက်မယ် ဆိုရင် တရားစစ်တရားမှန်တွေကို တရားတုတွေက အစစ်အမှန် ဖြစ်လေဟန် ဟောပြောကြလိမ့်မယ်၊ ထိုကဲ့သို့ ဟောပြောခြင်းသည်ပင် သာသနာကွယ်ကြောင်းတရားပဲ - လို့ ဟောကြားထားပါတယ်။  အခုလဲ  လာပြန်ပါပြီ - ဘုရားရှင် ဓမ္မတွေကို ကိုယ်ပိုင်ဓမ္မဖြစ်လေ ဟန် နဲ့  ဟောပြောနေတာကြားရတော့
 အော် သံကို သံဖျက် သံချေးတက် - ဆိုတာ ဒါမျိုးပါလား လို့  သံဝေဂ ရမိပါရဲ့
- ဘာတဲ့  -
ကိုယ်ပိုင်ဓမ္မနဲ့ သစ္စာတရားတွေကို ဖြန့်ဝေနေတယ်၊ သူ့တရားမှန်သမျှဟာ အာနာပါန ဖောင်းပိန်၊ နောက်ဆုံး ကမ္မဋ္ဌာန်း ၄၀ ကနေတောင် လွတ်နေသ တဲ့။
အစွဲ မှန်သမျှ အားလုံးပြုတ်ပြီ။ လုံးဝ အစွဲကင်းသွားပြီ  တဲ့။
၃၁ ဘုံ၊ နိဗ္ဗာန်တွေက ပညတ်သက်သက်သာပဲ၊ ဘာမှ အနှစ်သာရမရှိဘူး၊ ပ၇မတ္ထတရားကမှ တရားအစစ်အမှန်ဆိုပဲ၊
အရှင်ဘုရားက အရိယာ ရဟန္တာဖြစ်ပြီလား ဆိုတော့  လွတ်လပ်စွာ ထင်မြင်နိုင်ပါတယ်၊  ထုံးတမ်းစဉ်လာ ဖြစ်တဲ့ သာမာန်သူလို ကိုယ်လို ယောဂီတွေရဲ့ တရားသဘောသိနိုင်မှု့ နားလည်မှု့တွေကို လွန်မြောက်သွားပါပြီ တဲ့။
စာသင်နေသော ဘုန်းကြီးတွေသာ ၀ိနည်းလိုက်နာဖို့လိုသည်၊ တရားကျင့်နေသော ဘုန်းကြီးများ ၀ိနည်းစည်းကမ်းတွေကို လိုက်နာစရာမ လိုဘူး တဲ့။
တပည့်ဒကာ ဒကာမတွေက ဘုရားတစ်ဆူလိုပဲ ကိုးကွယ်ပြီး ပြောဆိုနေကြတယ်၊ ဘယ်လိုဖြေရှင်းမလဲ -
ဆိုတော့ ဖြေစ၇ာ မလိုပါဘူး၊ သူတို့ ထင်ချင်သလို ထင်နိုင်ပါတယ် တဲ့၊ ဒီစကားက မြတ်စွာဘုရားကိုတောင် နှိုင်းယှဉ်ပြောတာ ဖြစ်တဲ့ အတွက် တော်တော်အပြစ်ကြီးတဲ့ ကိစ္စပါ။
တပည့်ယောဂီတွေကို သမာဓိ ပညာ သတိ ၀ီ၇ိယ စတဲ့တရားတွေ တိုးတက်စေဖို့  ကိုယ်တိုင် ဓာတ်ကူးပြီး ကူညီပေးတယ် ဆိုပဲ၊
ဘု၇ားရှင်တောင် မစွမ်းနိုင်တဲ့ အရာကို လုပ်ပေးနိုင်တယ် ဆိုတော့ အင်း ဘယ်လို ပညာ ဘယ်လို အသိဥာဏ်တွေနဲ့ ယုံကြည်ရမလဲ ကွယ်ရို့ လို့  ဟစ်လိုက်ချင်တော့တယ်၊  သာမာန်ဥာဏ်အဆင့်အတန်း ရှိတဲ့  သူတွေတောင် သေချာ စဉ်စားရင် မြင်သာနိုင်ပါတယ်၊
စတုတ္ထပါရာဇိက  ဥတ္တရိမနုဿဓမ္မ အဖွင့်မှာ -
ဥတ္တရိမနုဿဓမ္မော နာမ ဈာနံ ၀ိမောက္ခ သမာဓိ သမာပတ္တိ ဥာဏဒဿနံ မဂ္ဂဘာဝနာ ဖလသစ္ဆိကိရိယာ ကိလေသပ္ပဟာနံ ၀ိနီဝရဏတာ စိတ္တဿ သုညာဂါရေ အဘိရတိ၊ ( ပါရာဇိက ပါဠိတော် )
 လို့ ဆိုထားတာကြောင့် --  အစွဲမှန်သမျှ အားလုံး ပြုတ်ပြီ၊ လွန်မြောက်သွားပြီ လို့ တမျိုး၊ အလောဘ အဒေါသ အမောဟ  လို့ တဖုံ အကြိမ်ကြိမ် ၀န်ခံပြောကြားနေတဲ့ ဦးဇင်း အတွက်  ဘယ်အခြေအနေေ၇ာက်နေပြီလဲ ဆိုတာ ၀ိနည်းစည်းကမ်း နားလည်သူတိုင်း သံသယပွားစရာ ကုက္ကုစ္စဖြစ်စ၇ာမို့  ရင်လေးမိပါတယ်။
တရားထူးး သိခြင်းရဲ့ သဘောမှာ ဒီလူ ဘယ်အခြေအနေ ဘယ်အဆင့်အတန်း ရောက်နေပြီလဲ ဆိုတာ
အထက်က လူကပဲ အောက်ကလူကို သိနိုင်တယ်၊ လို့ မြတ်ဘုရားဟောထားတာမို့  အနာဂါမ် လို့ သတ်မှတ်နေတဲ့ ဒကာမလေးတစ်ယောက်ကို သိနိုင် မြင်နိုင်တယ် ဆိုရင် သူ့အထက်မှာ ရဟန္တာအဆင့်ပဲ ရှိပါတော့တယ်၊ဒီတော့ ဥပစာနည်းနဲ့ သွယ်ဝိုက်ယူရရင် ကိုယ့်ကိုယ်ကို ရဟန္တာလို့ ၀န်ခံလိုက်တာနဲ့ အတူတူပါပဲ။
ခေါင်းဆောင်က လမ်းမှားနေမှဖြင့်  နောက်လိုက်တွေအတွက် မစဉ်းစားရဲအောင်ပါပဲ။ တရားတု တရားယောင်တွေကို တရားစစ် တရားမှန် ထင်ပြီး အနတ္တ အနတ္တ ကြွေးကြော်နေပေမယ့်  သူ့တရားတွေက ဘုရားဟော ပါဠိတော် အဋ္ဌကထာ တွေနဲ့  လွဲချော်နေတာတွေက ၀မ်းနည်းစရာပါ၊ မြန်မာနိုင်ငံရဲ့ ပဋိပတ္တိသာသနာသမိုင်းမှာ ထင်ရှားကျော်ကြားနေကြတဲ့ ရှေးရှေးဆရာတော်များဟာ စာပေနဲ့ ညှိနိုင်း ပြီး အားထုတ်ခဲ့ကြလို့  အ၇ိယာတွေဆိုတာကို သံဃာပရိသတ် လူပရိသတ်အားလုံးက လက်ခံခဲ့ကြပါတယ်။
သမုဒ္ဒရာ ဟာ အကောင်ပုတ်တွေကို ကမ်းခြေရောက်အောင် လှိုင်းဖြင့် ပုတ်ထုတ်ပေမယ့် ရွှေငွေစတဲ့ ရတနာတွေကိုတော့  အနက်ဆုံးနေရာအထိ ဆွဲငင်ပါ သတဲ့၊ အခုလဲ သာသနာရဲ့ အနှစ်ဖြစ်တဲ့ သီလ တရားကို ပယ်မယ် ဆိုရင်တော့ အနက်ဆုံးနေရာ ဖြစ်တဲ့ အရိယာမဂ် နိဗ္ဗာန် ဆိုတဲ့ နေရာနဲ့ ဝေးနေပါလိမ့်မယ်။  
သီလ၀ိသုဒ္ဓိ ဖြစ်မှ စိတ္တ ၀ိသုဒ္ဓိ ဖြစ်နိုင်တယ်၊ သီလ စင်ကြယ် သန့်ရှင်းမှ စိတ်စင်ကြယ် သန့်ရှင်းပြီး သမာဓိတည်ကြည် တရားထူး ရနိုင်တယ် ဆိုတဲ့ ၀ိသုဒ္ဓိမဂ်က စကားကိုလဲ ပစ်ပယ်ထားရာ ရောက်နေပါတယ်။
ဒါကြောင့် သစ္စာတရား ဆိုတဲ့ အမှန်တရားကို ရှာဖွေလိုသူများအနေဖြင့်  တရားစစ် တရားမှန် ဆရာစစ် ဆရာမှန် ကို ရှာဖွေနိုင်ပြီး ကျင့်ကြံနိုင်ပါစေ လို့သာ ဆုတောင်းလိုက်ပါတယ်၊  အကျဉ်းဆုံးစကားတစ်ခွန်းအနေနဲ့ စကားလက်ဆောင်ပေးလိုက်ချင်ပါတယ်-- 


ကိုယ်ပိုင် အဆန်းထွင် ဟောကြားထားတဲ့ ဆူနာမီ တရားတော်တွေဟာ ဂေါတမဘုရားရှင် စာပေပါဠိတော် တွေကနေ လွဲချော်နေပါတယ်၊
အမှားတွေကို အမှားမှန်းသိပြီး  အမှန်တရားကို ရှာဖွေ နိုင်ကြပါစေ - -

10 comments:

  1. သာသနာအတွက် အကျိုးပြုပိုစ့်လေး လာဖတ်ပါတယ်။
    အမှန်တရားကိုရှာဖွေနေဆဲပါ ဘုန်းဘုန်းဘုရား။ ကျန်းမာစွာနဲ့ သာသနာအကျိုးဆက်လက်သယ်ပိုးနိုင်ပါစေ အရှင်ဘုရား။

    ReplyDelete
  2. သာဓု သာဓု သာဓု ဘုန်းဘုန်းဘုရား ကျန်းမာချမ်းသာပါစေ။

    ReplyDelete
  3. သမုဒ္ဒရာ ဟာ အကောင်ပုတ်တွေကို ကမ်းခြေရောက်အောင် လှိုင်းဖြင့် ပုတ်ထုတ်ပေမယ့် ရွှေငွေစတဲ့ ရတနာတွေကိုတော့ အနက်ဆုံးနေရာအထိ ဆွဲငင်ပါ သတဲ့၊ အခုလဲ သာသနာရဲ့ အနှစ်ဖြစ်တဲ့ သီလ တရားကို ပယ်မယ် ဆိုရင်တော့ အနက်ဆုံးနေရာ ဖြစ်တဲ့ အရိယာမဂ် နိဗ္ဗာန် ဆိုတဲ့ နေရာနဲ့ ဝေးနေပါလိမ့်မယ်။

    အမှန်တရားကို ရှာဖွေပေးတာကျေးဇူးပါ။

    ReplyDelete
  4. ဆူနာမီဆရာတော်မှ ပြန်လည်ရှင်းပြမှုတရား(၉)ပုဒ်ဖြစ်ပါသည်။ အောက်ပါ လင့်တွင်ဒေါင်းလုပ် လုပ်ကာ နားဆင်နိုင်ပါပြီ။
    (www.moethout.com)

    အမှား-အမှန်ခွဲခြားနိုင်ကြပါစေ...
    စိတ်ချမ်းသာကြပါစေ

    ReplyDelete
  5. ဆရာတော်အရှင်သူမြတ်ဘုရား...

    တပည့်တော်ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား
    ဆူနာမီဆရာတော်ရှင်းပြချက် တရား ၉ ပုဒ်ပါဘုရား။
    သေသေချာချာနားဆင်ပေးစေလိုပါတယ်ဘုရား..
    ဆူနာမီဆရာတော်ဟာ ပညတ်များကို ပယ်ခိုင်းနေတာလား။ ဒါမှမဟုတ် ပညတ်များအပေါ် ငြိတွယ်နေသည့် သမုဒယသစ္စာ ဥပါဒါန်အစွဲများကို မှန်မှန်ကန်ကန် စွန့်လွှတ်နိုင်စေရန် နည်းလမ်းပေးနေတာလားဆိုတာ ကွဲကွဲပြားပြား သိရှိနိုင်ရန်အတွက် သေသေချာချာ နားဆင်ပေးစေလိုပါတယ်ဘုရား။
    အောက်ပါလင့်လေးမှာပါဘုရား။

    http://www.mediafire.com/?sharekey=19aabee74b2877695a3d773badf21430859762455ffca24384bbec0582a7e90e

    ရှိခိုးဦးခိုက်လျှက်
    သစ္စာ

    ReplyDelete
  6. ဆရာတော်အရှင်သူမြတ်ဘုရား

    ပညတ် နှင့် ပရမတ် အခြင်းအရာများနှင့်ပတ်သက်၍ သီဟိုဠ်မှ မေးခွန်းများအား လယ်တီဆရာတော်ကြီး၏ ရှင်းလင်းချက်ပါဘုရား

    http://realenlightenment.multiply.com/journal/item/9/9

    ရှိခိုးဦးခိုက်လျှက်
    သစ္စာ

    ReplyDelete
  7. ဆူနာမီ ဆရာတော် ကို စစ်ဆေးမေးမြန်းခဲ့ကြသောသူ ဆရာတော်များ နှင့် ပညာရှင်တချို့ အား လေးမြတ်စွာ ပန်ကြား လျှော်ထားအပ်ပါသည် .......ဆူနာမီဆရာတော်အား မေးမြန်းခဲ့ကြသောမေးခွန်းလေး များ နှင့် စပ်လျဉ်း၍ အများသူငါ အမှားအမှန် သံသယ ရှင်းလင်းစွာ သိရှိနိုင်ရေး မေးခွန်းပုစ္ဆာ( ၉ )အား မေတ္တာရှေ့ထားကာ ဖြေကြားပေးပါရန် လေးမြတ်စွာ ဖိတ်ကြား အပ်ပါသည် ဘုရား။


    မေးခွန်းလေးတွေက အောက်ပါလင့်မှာပါဘုရား။

    http://trueanswer.multiply.com/journal/item/5/5

    ဦးတင်လျှက်
    သစ္စာ

    ReplyDelete
  8. ဆူနာမီဆရာတော်နှင့်ပတ်သက်၍ အမှားအမှန်သိစေရန်

    ၁)
    http://trueanswer.multiply.com/journal/item/4/4
    ၂)
    http://trueanswer.multiply.com/journal/item/3

    ReplyDelete
  9. ထွန်းထွန်းJun 7, 2010 07:33 AM

    တပည့်တော်တော့ဆူနာမီဆ၇ာတော်ရဲ့တရားတွေကိုနားမလည်
    ပဲဖြစ်နေပါတယ်ဘု၇ား နှစ်သာရရှိတာနဲ့မရှိတာရှင်းလို့ မရပါဘုရား

    ReplyDelete
  10. ကို ထွန်းထွန်း ခင်ဗျာ

    ဆူနာမီဆရာတော် ဟောကြားသောတရားတော်များသည်
    သစ္စာတရားကို တိုက်ရိုက်နှလုံးသွင်းမှု
    (Guided Insight meditation)များဖြစ်ပါသည်..
    နှလုံးသွင်းမှန်မှု - ကို တိုက်ရိုက် သင်ပြ ရှင်းပြခြင်းဖြစ်သဖြင့် အချိန်ယူရပါမည်..
    တစ်ပုဒ်-နှစ်ပုဒ် နားထောင်ရုံဖြင့် (သမ္မါဒိဌိ -သမ္မါသင်္ကပ္ပ) နှလုံးသွင်းမှန်မှု အစစ်ကို နားလည်ဖို့
    မလုံလောက်ပါ..
    မရှင်းလင်းသည်များကို အမှန်တကယ်နားလည်လိုပါလျှင်
    ဆရာတော့်ထံ
    mtsm45@gmail.com သို့ မေးမြန်းခြင်းဖြင့်လည်းကောင်း၊
    www.trueanswer.co.cc (သို့)
    http://mindfulness.moethout.com တွင်လည်းကောင်း
    လာရောက်၍ တရားတော်များ နားဆင်ကာ မရှင်းလင်းသည်များ မေးမြန်းနိုင်ပါကြောင်း အကြံပြုအပ်ပါသည်.

    ခင်မင်လေးစားစွာဖြင့်
    သစ္စာ

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...