" ပရမာနံ ကမ္မံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့အတွက်သာဖြစ်၏ "

Friday, October 30, 2009

နတ်ကတော် အကြောင်း သိကောင်းစရာ ၂

ဒါ့ကလောက် တတ်လျှင်ဖြင့် ဘ၀တစ်သက်တာ ငတ်စရာမရှိ ကြီးပွားဖို့သာရှိကြောင်းကျွန်ုပ်က ရဲရဲကြီး အာမခံပါသည်။
နတ်ကတော်လောကတွင်ကျင်လည်ကျက်စား သာမန်နတ်ကတော်များထက် တစ်ကွက်သာစေရန်
ဆောင်ရန်နည်းလမ်းများကိုလဲ အရူးချေးပန်း ပရမ်းပတာ ရှင်းပြပါဦးမည် ။

၁။ ကြက်သားကိုလဲ အုပ်ရမည် ၊ ၀က်သားကိုလဲတုတ်ရမည် ။
ကြက်သားကို အုပ်မှ ကြက်ငှက်တုပ်ကွေးဖြစ်နိုင်သည် ၊ ၀က်သားကို တုတ်မှ
ဝက်ပုပ်ကလေးဖြစ်နိုင်သည် ။

၂။ ပရမ်းပတာလဲ ပြောရမည် ၊ လမ်းမှာလဲဟောရမည် ။
ပရမ်းပတာ ပြောမှ အဟုတ်ထင်သည် ၊ လမ်းမှာ ဟောမှအလုပ်တွင်သည်။

၃။ ငါးခြောက်ကိုလဲ ကြော်ရမည် ၊ အခြောက်လိုလဲ ပျော်ရမည် ။
ငါးခြောက်ကိုကြော်မှညှော်မိသည် ၊ အခြောက်လိုပျော်မှ အဖေါ်ရှိသည် ။

၎။ လင်ကိုလဲ ညာတတ်ရမည် ၊ အချဉ်ကိုလဲ ရှာတတ်ရမည် ။
လင်ကိုညာတတ်မှ မိုက်လို့ကောင်းသည် ၊ အချဉ်ကို ရှာတတ်မှ ရိုက်လို့ကောင်းသည်။

၅။ ဒိုင်ခံစရာ ကျပ်ငွေ အပိုလဲရှိရမည် ၊ နိုင်ငံတကာ နတ်တွေကိုလဲ သိရမည် ။
ဒိုင်ခံစရာ ကျပ်ငွေ အပိုရှိမှ အလျော်အစားမြိုင်သည် ၊ နိုင်ငံတကာ
နတ်တွေကိုသိမှ ကျော်ကြားနိုင်သည် ။

၆။ တောအရက်လဲ သောက်ရမည် ၊ ဟောချက်လဲပေါက်ရမည် ။
တောအရက်သောက်မှ ခံတွင်းသန့်ပြီး လျှောက်လည်ဟောနိုင်သည် ၊ ဟောချက်ပေါက်မှ
သတင်းပျံ့ပြီးဖောက်သည်ပေါနိုင်သည် ။

၇။ အပျော်ကိုလဲ ကြိုက်ရမည် ၊ စားတော်ကိုလဲ တိုက်ရမည် ။
အပျော်ကြိုက်မှ အတွဲအသစ်ထားနိုင်သည် ၊ စားတော် တိုက်မှ အသည်းအမြစ်စားနိုင်သည် ။

၈။ မြွေတောကိုလဲ ဖြတ်ရမည် ၊ ကြွေဟောကိုလဲ တတ်ရမည် ။
မြွေတောကိုဖြတ်မှ မြွေပြီးနိုင်သည် ၊ ကြွေဟောကိုတတ်မှ လေကြီးနိုင်သည် ။

၉။ ဘူတာကိုလဲ တစ်ရက်ကြိုပြေးရမည် ၊ လူတကာကိုလဲ မျက်နှာချိုသွေးရမည် ။
တစ်ရက်ကြိုပြေးမှ သွားစရာ တီးကတ်ရသည် ၊ မျက်နှာချိုသွေးမှ စားစရာဖရီးနှက် ရသည်

၁၀။ အကြွေးလဲ ဆန်ဆီ မကျန်ဖြဲရမည် ၊ အပြေးလဲ ချန်ပီယံ ဆွဲရမည် ။
ဆန်ဆီမကျန်ဖြဲမှ အမြတ်ထွက်ချေသည် ၊ ချန်ပီယံဆွဲမှ နတ်သက်ရှည်သည် ။

တတ်မှစားရသည် မဟုတ်ပါ ၊ နပ် လျှင်လဲ စားရပါသည်။
ငတ်မှလာဘ်မျှော်ဖြစ်သည် ၊ နပ်မှ နတ်ကတော်စစ်သည်။

လိပ်ပြာသိပ်မှ နတ်ကတော်ဖြစ်သည်မဟုတ်ပါ၊ ရိတ်စရာ ရိတ်လျှင်လဲ နတ်ကတော်ဖြစ်ပါသည်

ရေစင်သောက်မှဖြစ်သည်လဲမဟုတ်ပါ ၊ ရေသန့်သောက်လဲ ဖြစ်ပါသည် ။
လူလိုမှ နတ်လိုပါသည် ၊ အူစိုမှ အငတ်ပိုပါသည်။ မေးလ်တခုမှ ရရှိပါသည်၊ မည်သူ မည်ဝါရေးသည် ကို မသိပါ၍ သည်းခံဖတ်ရှု့ပါကုန်၊

Thursday, October 29, 2009

နတ်ကတော် အကြောင်း သိကောင်းစရာ


လောကမှာ ကိုးကွယ်စရာ အမျိုးမျိုး ရှိနေပေမယ့် ကိုယ့် ပတ်ဝန်းကျင်က မကောင်းလျင် မကောင်းသော စရိုက်များ ၀င်ရောက် ကူးစက်ပြီး စိတ်ကို ထိမ်းရင်းက မသိလိုက် မသိဘာသာ မကောင်းမှု့ကို လုပ်မိနေတတ်ပါသည်၊ အချို့ကျတော့လည်း မကောင်းမှန်း မှားမှန်း သိနေရင်းက စား ၀တ်နေရေးအတွက် ပြေလည်နေသောကြောင့် မချစ်သော်လည်း အောင့်ကာ နမ်းရတယ် ဆိုတာလို ဆက်လက်လုပ်ကိုင်နေမိတတ်ကြပေသည်၊ ဒါပေမယ့် ဘယ်လိုပဲ မှားနေပါစေ၊ မှားမှန်းသိရင် ပြင်စေချင်သော ဆန္ဒဖြင့် ဒီဆောင်းပါးကို မျှဝေဖြစ်တာပါ၊

အထူးသ
ဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားပါတယ် ဆိုတဲ့ မြန်မာပြည်မှာ နတ်ပွဲတွေ ပျော်ရွှင်ပွဲတွေ တရားဝင် ကျင်းပ နေတာတွေ ကြည့်ြ့ပီး စိတ်မကောင်းဖြစ်မိပါတယ၊် ရန်ကုန်မှာတုံးက ဒကာတစ်ယောက်က လျောက်ဖူးတယ်၊ နတ်ကတော်အလုပ်ကို စိတ်ပါလို့ ကြိုက်လို့ လုပ်တာမဟုတ်ပါဘူး တဲ့၊ စားဝတ်နေရေးအတွက် ပြေလည်နေလို့ ဆက်လက်လုပ်ကိုင် နေတယ် ဆိုပဲ၊

နောက်တယောက်ကတော့ မြန်မာပြည်မှာ ၀ါခေါင်လတိုင်း အကြီးအကျယ် ကျင်းပနေဆဲဖြစ်တဲ့ မတ္တရာ မြို့နယ်က တောင်ပြုံးနတ်ပွဲမှာ ရွှေဖျင်းကြီး ရွှေဖျင်းလေး နတ်ညီနောင် ရဲ့ အုတ်၂ ချပ်လပ် ဘုရားဂေါပက အဖွဲ့မှာပါတဲ့ လူတယောက်က ပြောဖူးတာကို သတိရမိလို့ ဖောက်သည်ချလိုက်ပါတယ်၊
သူ့မှာ သားသမီး ၆ ယောက်ရှိပါတယ် တဲ့၊ တနှစ် တနှစ် တောင်ပြုံး နတ်ပွဲကနေ ရတဲ့ ၀င်ငွေက မိသားစု အားလုံး ၈ ယောက် အလုပ်လုပ်စရာ မလိုပဲ ထိုင်စားလို့ရတယ် လောက်ငှတယ် လို့ ဆိုပါတယ်၊ မယုံနိုင်စရာ သတင်းလို့တောင် ထင်မိတယ်၊ ကိုယ်တိုင် နားဆက်ဆက် ကြားရလို့သာ ယုံလိုက်ရတာ - -အင်း တွေးလိုက်တိုင်း မျက်ရည်ဝိုင်း ဆိုတာလို ရင်မချိပါဘူး၊

ဒါကြောင့် နတ်ကတော်တွေ ဂိုဏ်းဆရာတွေကို အထင်ကြီး ကိုးကွယ်မိတာ မဖြစ်စေချင်လို့ပါ၊ အဲလို ကိုးကွယ်မိရင်လဲ မိမိရဲ့ သရဏဂုံ ပျက်တတ်ပါတယ်၊ အမည်ခံ ဗုဒ္ဓဘာသာ ပဲ ဖြစ်သွားမှာပါ၊ စေတနာစကားဆိုတာ ဘာလဲ သိဖို့အတွက် အောက်ပါ စကားတွေက နတ်ကတော် တယောက်ရဲ့ စိတ်ထား ဘ၀ သရုပ်မှန် အခြေအနေတွေကို ဖော်ပြနေပါတယ် - ခံစားကြည့်ကြပါ - မိတ်ဆွေ များ -
နတ်ကတော်လောကတွင်ကျင်လည်ရိုက်စား နတ်ကတော်ကြီးများရှေ့ နွားရှေ့  ထွန်ကျူးသည် မဟုတ်ပါ။ သိသမျှရေးရသော်နတ်ကတော်လုပ်နည်း နိသရည်းကား ..

၁။ အရူးထောင်လဲ အရောက်လှမ်းရမည် ၊ မမူးအောင်လဲအသောက်ကျွမ်းရမည် ။
၂။ ကနားထိန်းကိုလဲ ဖားရမည် ၊ အသားစိမ်းကိုလဲ စားရမည် ။
၃။ နတ်ဆိုင်းဆရာကိုလဲ အတီးကောင်းအောင်ကပ်ရမည် ၊ နတ်သမိုင်းစာကိုလဲ
အရွီးကောင်းအောင် ဖတ်ရမည် ။

၎။ လျှာထွက်အောင်လဲ အပြောမြိုင်ရမည် ၊ အသပြာထွက်အောင်လဲ အဟောပိုင်ရမည် ။
၅။ အပြောကျင့်က တစ်မနက်တည်းနှင့် မောနိုင်သည် ၊ အဟော သင့်က
တစ်ချက်တည်းနှင့်ထောနိုင်သည် ။

၆။ လေချဉ်ဆိုးကိုလဲ မထအောင် ကြံတတ်ရမည် ၊ ရေစင်ဖိုးကိုလဲ ရအောင် ဖန်တတ်ရမည် ။
၇။ သရဲလိုခြောက်ပြီး ကျားလောက်လဲ လျင်ရမည် ၊ ဆဲဆိုငေါက်ပြီး စားပေါက်လဲထွင်ရမည်

၈။ အဆန်းထွှင်ကာ ဓါးစတန့်လဲ ပြရမည် ၊ ရှမ်း ကရင် ဗမာ ကုလား ဒန့်စ်လဲ ကရမည် ။
၉။ ပွေးမန်းလဲ တတ်ရမည် ၊ အပေးအကမ်းလဲ ဖြတ်ရမည် ။
၁၀။ လောင်းကစားလဲ နွှဲရမည် ၊ အတောင်းအစားလဲ ရဲရမည် ။

၁၁။ ဇာတ်ခုံပေါ်လဲ ကြောင်ရဲရမည် ၊ နတ်ပုံတော်လဲ ပေါင်ရဲရမည် ။
၁၂။ ယတြာကိုလဲ ဆောင်ရမည် ၊ ပ၀ါကိုလဲ ပေါင်ရမည် ။
၁၃။ ဒေါင်းဖဲကိုလဲ ကပ်ထားရမည် ၊ ဗလောင်းဗလဲကိုလဲ တတ်ထားရမည် ။

၁၄။ ဂါတ်စာရေးလာမှ အာမခံရသည် ၊ နတ်မေးလာမှ ဆာသမျှနှံရသည် ။
၁၅။ အရပ်နူး ကိုလဲ အတည့်တွေးရမည် ၊ နတ်ရူးကိုလဲ တပည့်မွေးရမည် ။

ဆက်ရန် -

Tuesday, October 27, 2009

ဆုတောင်း ကဗျာ


ငယ်သူငယ်ချင်း ရောင်ရင်း၊
သုံးဆယ်တနှစ်၊ မွေးနေ့သစ်မှာ
ကျန်းမာရွှင်လန်း အပြုံးပန်းတွေနဲ့ ဝေပါစေ။
ဘ၀ဆိုတာ သေခြင်း၊
အလှဆိုတာ ယိုယွင်း၊
အနိစ္စသဘော၊
ဒုက္ခချောတတ်သော၊
လောကတံထွာ ဓမ္မတာကို၊
သေချာမြင်သိ၊
အမှန်တကယ်ရှိလေ၏လို့
အသိဥာဏ်ထင်လင်း၊
ဘ၀ကို ဖြိုခွင်းနိုင်သူဖြစ်ပါစေ။
( မနက်ဖြန် )
မွေးနေ့ အမှတ်တရ ကဗျာအတွက် ကျေးဇူးအထူးတင်ပါတယ် မနက်ဖြန်၊ မနက်ဖြန်တိုင်းအတွက် အမြဲတမ်း ငြိမ်းချမ်း သာသာနိုင်ပါစေ -

Stopwatch နာရီ ရဲ့  သတိပေးသံ ( သို့ ) မွေးနေ့ သံဝေဂ



ဒီညနေ အီးမေးလ်စစ်တော့မှ ဘုန်းဘုန်း (ပန်းကမ္ဘာ) ဆီက ပို့ လိုက်တဲ့ မွေးနေ့ အမှတ်တရ ကဗျာလေးဖတ်ရပြီး ဒီနေ့ ဘုန်းဘုန်း မွေးနေ့ မှန်း သိရပါတယ်။ ကြိုမသိတော့ ဘုန်းဘုန်းအတွက် မွေ့ နေ့ အမှတ်တရ ဖြစ်အောင်တစ်ခုခုရေးပေးဖို့ အချိန်မရလိုက်ဘူးဖြစ်သွားတယ်။ ဘုန်းဘုန်းနှင့် အွန်လိုင်းမှာတွေ့ တော့ မှီသေးတယ်။ အမှတ်တရဖြစ်အောင် ရေးပါလို့  တိုက်တွန်းတာနှင့် အခု ဒီပို့ စ်ကို ဘုန်းဘုန်းမွေးနေ့ အတွက် အချိန်မီ ကတိုက်ကရိုက် ရေးဖြစ်ပါတယ်။

ကျွန်တော့်မှာ အကျင့်တစ်ခုရှိပါတယ်။ ကောင်းလား မကောင်းလားတော့မသိပါဘူး။ ဘာလဲဆိုတော့ အကြောင်းအရာတစ်ခုကိုစဉ်းစားဖြစ်ရင် တစ်ဆုံးတွေးတတ်တာရယ်၊ ဆန့် ကျင်ဘက် ဖြစ်နိုင်ချေကို ချက်ချင်း တွေးတတ်တာရယ်၊ ကိုးရိုးကားယား တွေးပြီးပုံဖော်တတ်တာရယ်ပါ။ ငယ်ငယ်ကလေးဘ၀တုန်းက အဲလိုတွေးဖြစ်လို့  လူကြီးတွေ ကိုထုတ်ပြောမိရင်အဆဲခံထိတတ်ပါတယ်။ ဒီကောင် မဟုတ်တာတွေ လျှောက်ပြောတယ်ဆိုပြီးတော့။ ကြီးလာတဲ့အချိန်ကျတော့ ပါးစပ်ကတော့ထုတ်မပြောဖြစ်တော့ပါဘူး။ ဒါပေမယ့် ကိုယ့်ဖာသာတွေးပြီး ပြုံးစိပြုံးစိဖြစ်နေတတ်ပါတယ်။

အခုလည်း ဘုန်းဘုန်းက မွေးနေ့ လို့ ပြောလိုက်တော့ ခေါင်းထဲချက်ချင်းရောက်လာတာ ဆန့် ကျင်ဘက် သေခြင်းတရားအကြောင်းပါဘဲ။ အမှန်က သေခြင်းတရားနှင့် ပတ်သက်ရင် တော်တော်လေး စိတ်ဝင်စားတတ်တာ ကျွန်တော့်အကျင့်တစ်ခုပါဘဲ။ တစ်နေ့ ကတောင် You Tube မှာ သေခါနီးလူတွေရဲ့ နောက်ဆုံးအချိန်မိနစ်ပိုင်းလေးတွေကို အမှတ်တရရိုက်ထားတာတွေ ရှာကြည့်ဖြစ်ပါသေးတယ်။ တော်တော်လေး သံဝေဂရမိပါတယ်။ သေတော့မယ်ဆိုတာ သိနေပြီဖြစ်တဲ့လူတွေရဲ့ နောက်ဆုံးမြင်ရတဲ့မြင်ကွင်း၊ သူတို့ တွေရဲ့  စိတ်ခံစားမှု၊ စိုးရိမ်ကြောင့်ကြဖြစ်နေမှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်နေရပါတယ်။

တကယ်တော့ နှစ်တိုင်းကျရောက်လာတဲ့ မွေးနေ့ ဆိုတာကို ကျွန်တော်ကတော့ Stopwatch နာရီရဲ့  သတိပေးသံလို့ မြင်ပါတယ်။ Stopwatch နာရီရဲ့ သဘောက ဥပမာ ၁၅မိနစ်စာ ချိန်ထားမယ်ဆိုရင် စစချင်းမှာ ၁၅မိနစ်ကနေစပြီး တဖြည်းဖြည်းစက္ကန့် လေးတွေလျော့လာပါတယ်။ တစ်မိနစ်ပြည့်တိုင်း တစ်ခါအသံပြုတတ်ပါတယ်။ ဒီလိုနှင့် သုညစက္ကန့် ဖြစ်တဲ့အခါကျတော့ အသံအရှည်ကြီးမြည်ပါတော့တယ်။ ကျွန်တော်တို့ ရဲ့ အသက်ရှင်မှုကလည်း အဲဒီသဘောတရားအတိုင်းလို့  ကျွန်တော်ထင်ပါတယ်။ မွေးတဲ့အချိန်ကနေ စလိုက်ပြီးတော့ သုညစက္ကန့် ဆိုတဲ့ဆီရောက်ဖို့ ခရီးနှင်နေကြတဲ့သူတွေချည်းပါဘဲ။

Stopwatch နှင့်မတူတာတစ်ခုက သူက စစချင်း ဘယ်နှစ်မိနစ်၊ ဘယ်နှစ်နာရီကို Setting လုပ်ထားတယ်ဆိုတာ မြင်ရပေမယ့် ကျွန်တော်တို့ တွေကတော့ ကိုယ့်ဘ၀ကို Setting ဘယ်လောက်လုပ်ထားသလဲဆိုတာ မသိနိုင်၊ မမြင်နိုင်ကြပါဘူး။ ဒီလိုနှင့် မွေးလာတဲ့နေ့ ကစလို့ တစ်နှစ်ပြည့်လို့ မွေးနေ့ တစ်ခါရောက်ရင် ဘယ်နှစ်နှစ်မြောက်မွေးနေ့ ဆိုပြီး Alarm သံတစ်သံကြားရမှာဖြစ်ပါတယ်။ တကယ်တော့မွေးနေ့ ဆိုတဲ့နေ့ ဟာ သတိလက်လွတ်ပျော်ဖို့ ထက် “မင်းသေဖို့  ပိုနီးလာပြီနော်” လို့  သတိပေးလိုက်တဲ့ နေ့ တစ်ခုလို့  (Alarm သံတစ်ခုလို့ ) ကျွန်တော်တော့မြင်ပါတယ်။

ကျွန်တော်တို့ အားလုံးဟာ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘယ်လိုသေရမလဲဆိုတာ သိမှမသိနိုင်ကြတာဆိုတော့ လုပ်စရာရှိတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ မိမိအတွက်၊ သူတစ်ပါးအတွက် အကျိုးဖြစ်စေမယ့် ကိစ္စအားလုံးကို အခုလက်ရှိအသက်ရှင်နေတဲ့အချိန်မှာ အချိန်မဆွဲ၊ အချိန်မဖြုန်းဘဲ စိတ်အား၊ ခွန်အား၊ ၀ီရိယအားအပြည့်နှင့် တစ်စိုက်မက်မက်လုပ်နေသင့်ပါတယ်။ ဒါမှသာ တစ်ချိန်ချိန် သေခြင်းတရားက ကိုယ့်ဆီရောက်လာပြီး “လာသွားစို့ ” လို့ ခေါ်တဲ့အချိန်မှာ ပေါ့ပေါ့ပါးပါးဘဲ “အိုကေလေ၊ Ready ဘဲ။ သွားတာပေါ့” ဆိုတဲ့ ပုံစံမျိုးလုပ်လို့ ရမှာဖြစ်ပါတယ်။

အချိန်မဆွဲဖို့ ၊ လုပ်စရာရှိတာကို လုပ်ဖို့ နှင့်ပတ်သက်ပြီး မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတော်လည်း တရားတော်ထဲမှာ အထင်အရှားရှိနေပါတယ်။ အဲဒီအဆုံးအမကို ကျွန်တော်ကတော့ တော်တော်လေးကို သဘောကျနှစ်သက်မိလို့  ခဏခဏနှလုံးသွင်းဖြစ်ပါတယ်။ ဘုန်းဘုန်းအတွက်လည်း မြတ်စွာဘုရားရဲ့  အဲဒီအဆုံးအမတော်ကိုဘဲ တပည့်တော် မွေးနေ့ လက်ဆောင်အဖြစ်အမှတ်တရ ပေးလိုက်ပါတယ်ဘုရား။

အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကောဇညာ မရဏံ သုဝေ။

နဟိနော သင်္ဂရံတေန၊ မဟာသေနေန မစ္စုနာ။

(မြတ်ဗုဒ္ဓ)

Ajjeva kiccam atappam.

Ko janna maranam suve.

Na hi no sangaran tena.

Mahasenena maccuna.

(Lord Buddha)

သုဝေ= မနက်ဖြန်အခါ၌..

ဇီဝိတံဝါ= အသက်ရှင် နေရဦးမည်ကိုလည်းကောင်း...

မရဏံဝါ= သေရဦးမည်ကိုလည်းကောင်း...

ကောဇညာ= အဘယ်သူသိနိုင်ပါအံ့နည်း...

ဣတိ= ဤသို့နှလုံးသွင်း၍...

အာတပ္ပံ= ကိလေသာတို့ကို ပူလောင်စေတတ်သော ဝိပဿနာအားထုတ်မှုကို...

အဇ္ဇေဝ= နက်ဖြန် သန်ဘက် နေ့ရက်မရွှေ့ ယနေ့ပင်လျှင်...

ကိစ္စံ= မဆိုင်းမရပ် ပြုလုပ်အပ်၏...

ဟိ= နက်ဖြန် သန်ဘက် သေမည်ရှင်မည် မသိနိုင်ခြင်းအကြောင်းကား...

မဟာသေနေန= ရေ မီး လက်နက်စသည်ဖြင့် သေစေနိုင်ကြောင်းများစွာရှိသော...

တေနမစ္စုနာ= သေမင်းဟုခေါ်သော သေခြင်းတရားနှင့်...

နော= ငါတို့အား...

သင်္ဂရံ= ရက်ချိန်းပေးထားခြင်း တံစိုးလက်ဆောင်ပေးထားခြင်း...

နအတ္ထိ= မရှိချေ...

တသ္မာ= ထို့ကြောင့်...

သုဝေ မရဏံ= မနက်ဖြန် ရှင်ဦးမည် သေဦးမည်ကို...

ကောဇညော= ဧကန်တိတိ အဘယ်သူ သိနိုင်ပါအံ့နည်း...။

(သင်တို့ အချိန်ပြည့် နှလုံးသွင်းရမည်)

Do not procrastinate, do what should be done today, we don't know whether we will be still alive tomorrow.

Today, now, do what should be done, try to accomplish.


ဘုန်းဘုန်း အသက်ရာကျော်ရှည်လို့  သာသနာ့အကျိုး၊ လောကလူသားများအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးရွက်ဆောင်နိုင်ပါစေကြောင်း တပည့်တော် မေတ္တာပို့ ဆုတောင်းပါတယ် ဘုရား။

ရိုသေစွာ ရှိခိုးဦးတင်လျက်
ဝိမုတ္တိသုခ

မွေးနေ့ကဗျာ နဲ့ ဆောင်းပါး ရေးစပ်ပေးတဲ့ ဖိုးသား နှင့် ကိုဝိမုတ္တိသုခ ကို ဒီနေရာလေးကနေ ဘုန်းဘုန်းက ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်၊ မွေးနေ့မှာ ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှု့ အားလုံးတို့၏ အဖို့ဘာဂကို လည်း သတ္တ၀ါ အားလုံးအတွက် အမျှပေးဝေလိုက်ပါတယ်၊ မေတ္တာ များစွာ ဖြင့် - --

ဘုန်းဘုန်း

* မွေးနေ့ ဆုတောင်း *




မွေးနေ့မွေးရက် ကုသိုလ်ဆက်

ဘုန်းဘုန်းအတွက် ဖြစ်ပါစေ။

မွေးနေ့ မှသည် ရှေ့သို့ချီ

များကျိုး ပီပီ ထမ်းနိုင်စေ။

မွေးနေ့မှာပင် ပြန်ဆင်ခြင်

မကောင်းမှုတွေ ကြဉ်နိုင်စေ။

သာသနာ့ အကျိုး မိမိကျိုး

ရှေ့ဆက်၍လည်း ကြိုးနိုင်စေ။

ပန်းတစ်ပွင့်အသွင် တင်စားချင်

နမ်းရှိုက်လျှင်လည်း သင်းပါစေ။

ပင်ယံပင်မြင့် စွယ်စုံတင့်

ရင်နင့်အောင်လည်း မွှေးပါစေ။

ပန်းကမ္ဘာမှာ လန်းဖြာစွာ

ချမ်းချမ်းသာသာ ရေးနိုင်စေ။

လွယ်ကူကျန်းမာ လျှင်မြန်စွာ

မဂ်ဖိုလ်ချမ်းသာ ရပါစေ။

မွေးနေ့ကဗျာ ရေး၍သာ

စိတ်မှာပူဇော် ဦးတင်ပေ။

ဖိုးသားပြုသမျှ ကုသလ

လက်ဆောင်အဖြစ် အမျှဝေ။

ဘုန်းဘုန်း ကျန်းမာချမ်းသာစေ။

သက်ကျော်ရာကျော် ရှည်ပါစေ။

( ၂၇ . ၁၀ . ၀၉ ) နေ့တွင် ကျရောက်သော ဘုန်းဘုန်း ဦးသုနန္ဒာလင်္ကာရ၏ ၃၁ နှစ်ပြည့် မွေးနေ့အား ရည်မှန်း၍ ပူဇော်ရေးသားလိုက်ပါတယ် ဘုရား။

ရိုသေလေးစားစွာ ဦးတင်လျက်

ဖိုးသား

Monday, October 26, 2009

မွေးနေ့ကို ဖြတ်သန်းခြင်း




လူ့ဘ၀ကို ရောက်လာတာ တော်တော်ကြာပြီပဲ၊

အချိန်တွေ ကုန်လွန်ပြီး ဘာတွေကို ပိုင်ဆိုင်ခြဲ့ပီ လဲ၊

နောက်ထပ်ရော နေဖို့ ဘယ်လောက် ကျန်သေးသလဲ၊

မွေးနေ့ဆိုတာ အသက်ပေးပြီး လူ့လောကထဲကို ခေါ်ဆောင်ခဲ့တဲ့

မိဘတွေကို ကျေးဇူးဆပ်သင့်တဲ့နေ့ပါ၊

တကယ်တော့ ဇရာဖက်ကို ရွေ့နေတာရော သင်သတိထားမိသလား၊

သေမင်းနဲ့ နီးဖို့ နေရာ ရွှေ့ပေးလိုက်ရတယ်ဆိုရင် ပိုမှန်လိမ့်မယ်၊


ငယ်ရွယ်စဉ်ကတော့ ငါဟာ ငယ်သေးတယ် ဆိုပြီး၊

ငယ်ဂုဏ် ဆိုတဲ့ ယောဗ္ဗနမာန် မျိုး၊

သန်မာတယ် အရာရာကို လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ အာရောဂျမာန် နဲ့၊

ငါ မသေနိုင်သေးပါဘူး မသေသေးပါဘူး ဆိုတဲ့ ဇီဝိတမာန်တွေ အားလုံး

ခုတော့ သေမင်းနဲ့ တနှစ် နီးချိန်မှာ ပြိုလဲခဲ့ပေါ့၊


ခန္ဓာကိုယ်နဲ့ ပက်သက်လို့ နှစ်ပေါင်း ၂၅၀၀ ကျော်က ၊

အလှမာန်ယစ်ပြီး တရားမနာချင်တဲ့၊

ရာဇဂြိုလ် အလှဒေ၀ီ မိဖုရားခေမာ ကို သတိရမိရဲ့၊

ဂေါတမ ဗုဒ္ဓက ရုပ်တရား အပြစ်တွေချည်း ဟောနေတာ၊

တရားမနာချင်ပါဘူး ဆိုပြီး အရှိတရား ( ဇရာ ) ကို လက်မခံချင်သူ၊

နောက်ဆုံးတော့ ဇရာကို မတွန်းလှန်နိုင်ပဲ၊

အကျွတ်တရား ရခဲ့သူပေါ့၊


မနှစ်ကထက် ဒီနှစ်မှာ ငါ ဟာ - -

အကုသိုလ်နည်းပြီး ကုသိုလ်ကောင်းမှု့တွေ များလာသလား ?

ကိုယ်စိတ်ဆင်းရဲတာတွေ လျော့ပြီး ချမ်းသာမှု့ ပီတိတွေ များလာသလား ?

လောဘ ဒေါသ အ၀ိဇ္ဇာ နည်းပြီး ဒါန သီလတွေ ပိုလုပ်နိုင်လာသလား ?

လူမှု့ရေး ဘာသာရေး သာသနာရေး( စီးပွားရေး ) ကိစ္စတွေမှာ

လစ်ဟင်းတာတွေ နည်းပြီး ပိုလုပ်နိုင်လာသလား ?

အတ္တ ပရ အတွက် အရင်ကထက် ကျေနပ်အောင် ဆောင်ရွက်နိုင်လာသလား ?

နောက်ဆုံးပန်းတိုင်အတွက် အသိ နဲ့ အကျင့် တထပ်တည်းကျဖို့

အချိန်တွေ လျော့ရဲ လာသလား၊ ပိုကျင့်ကြံ လာနိုင်သလား -?

အမေ့ဂုဏ်ကို အာရုံပြု ဒီနေ့တော့ စိစစ်ရအုံးမည်၊


အားလုံးချုံလိုက်တော့ --

ဘ၀ဆိုတာ ပိုင်ဆိုင်နေရတဲ့ လက်ရှိအနေအထားလေးမှာ စိတ်ကိုတည်ငြိမ်

အေးချမ်းစွာထားပြီး ကျေနပ်စွာ ဖြတ်သန်းနေနိုင်ဖို့ပဲ မဟုတ်လား၊

နောင်လာမယ့် မွေးနေ့တိုင်းအတွက် ကောင်းမွန်တဲ့ သမိုင်းမှတ်တိုင်လေး

ရေးထိုးနိုင်ရင် ကောင်းသော ဖြတ်ကျော်ခြင်းပဲပေါ့။

စာကြွင်း၊ ကဗျာအရ မိမိကိုယ် မိမိ စိတ်ချမ်းသာစရာ အဖြေကို ပေးနိင်ခဲ့သော ( ၂၇ . ၁၀ . ၀၉ ) နေ့တွင် ကျရောက်သော မိမိ၏ ၃၁ နှစ်ပြည့် မွေးနေ့အား

အမှတ်တရ အဖြစ် ရေးဖွဲ့ပါသည်။

LinkWithin

Related Posts Plugin for WordPress, Blogger...