" ပရမာနံ အယံ ပါရမီ - ပါရမီထိုက်သော အလုပ်များသည် မြင့်မြတ်သူတို့ အတွက်သာ ဖြစ်၏ "

Saturday, June 26, 2010

မြင့်မိုရ်တောင်နှင့် သဒ္ဓါ ပညာ တူမျှစေဖို့

ဟိုတနေ့က အွန်လိုင်းမှာ ဒကာတစ်ယောက်က လျောက်ထားတယ်၊ မြင့်မိုရ်တောင် တကယ်ရှိနိုင်ပါ့မလား တဲ့၊ တကယ်သိချင်လို့ မေးတာ လို့ပဲ ခံယူလိုက်ပါတယ်၊ စာရေးသူကလဲ ဖြေလိုက်တယ်၊ ကိုယ်တိုင်တော့ မမြင်ဖူးသေးပါ၊ သို့သော်လည်း ဈာန် မဂ်ဖိုလ်တွေကို ရအောင် ကျင့်ကြံအားထုတ်ပြီးရင်တော့ ဘယ်သူမဆို မြင်နိုင်ပါလိမ့်မယ်၊ အဲဒီလို ပေါက်မြောက်ပြီး ရှိတယ် လို့ ပြောဆိုတဲ့ ဘုရား ရဟန္တာတွေ စာပေမှာ အမြောက်အမြား ရှိခဲ့ပါတယ် လို့ ဖြေလိုက်ရော ဟုတ်မှာပါလေ တဲ့၊ သူ့စကားသံက ကျေနပ်သံတော့ မပေါ်သေးဘူး ထင်ပါတယ်၊ တကယ်တော့ ကိုယ်တိုင် မကျင့်ပဲ မြင်ချင်နေကြတဲ့ လူတွေပါလား လို့ ကရုဏာသက်မိတယ်၊ သူ့မေးခွန်းက ပြီးသွားပေမယ့် မပြီးနိုင်တာက ကိုယ်တိုင်ပါပဲ။

ဗုဒ္ဓဘာသာမှာက ကိုယ်တိုင် စိတ်ဝင်စားလို့ ကျင့်ချင်ရင် ကျင့်၊ မကျင့်လိုရင် နေပါ လို့ ဖွင့်ပေးထားတယ်၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘုရားရှိခိုးသည်ဖြစ်စေ၊ ရှိမခိုးသည်ဖြစ်စေ၊ ဘယ်သူမှ အတင်းအကျပ် မခိုင်းကြပါဘူး၊ ဒါကြောင့် စာရေးသူတို့ဝါဒကို ဒီမိုကရေစီဝါဒ လို့လဲ သတ်မှတ်ကြတယ်၊ နောက်ဆုံး ကုန်ကုန်ပြောရရင် လူသားရဲ့ စဉ်းစားတတ်တဲ့ ဦးနှောက်ရော၊ အသိဥာဏ်ကိုပါ စိတ်ကြိုက်တွေးခေါ်နိုင်ဖို့ open mind, open eyes, open brain ပေါ့၊ စိတ်ကြိုက်လေ့လာပါ၊ စိတ်ကြိုက် တွေးခေါ်ပါ၊ ပြီးရင် ကောင်းတာ လိုချင်တာကို သိမ်းထားပြီး မကောင်းတာတွေကို လွှင့်ပစ်လိုက်ပါ၊

သတိထားစရာက ကိုယ့်ရဲ့ ဦးနှောက်ကို ကောင်းတာ မကောင်းတာ စိတ်ရှုပ်စရာ စိတ်ညစ်စရာတွေကို အားလုံး သိမ်းဆည်းထားတဲ့ အမှိုက်ပုံးလိုမျိုးတော့ မဖြစ်စေနဲ့ လို့ သတိပေးချင်ပါတယ်၊ နောက်ပြီးတော့ ဗုဒ္ဓရဲ့ တရားတော်တွေထဲက ကိုယ့်ရဲ့ စရိုက် ၀ါသနာ ဗီဇနဲ့ သင့်လျော်မယ့် ကမ္မဋ္ဌာန်းတခုခုကို ကိုယ်တိုင် အားထုတ်ကြည့်ပါ၊

တချို့က ပြည့်ပြည့်စုံစုံ မလေ့လာပဲ ကိုယ်လေ့လာထားတာ အနည်းငယ်နဲ့ ရမ်းသန်းပြောနေကြတယ်၊ ကိုယ်တိုင် အကျင့်ကလဲ မပါတော့ လမ်းလွဲသွားတတ်ကြပြန်ရော၊ ဒါကိုပဲ သဒ္ဓါ နဲ့ ပညာ မညီမျှဘူး လို့ ပြောနိုင်ပါတယ်၊ တချို့က သဒ္ဓါတရား အားကောင်းတယ်၊ လှူချင်တာပဲ သိတယ်၊ သင့်တော်သလား မသင့်တော်သလား၊ အကုသိုလ်ဖြစ်မလား၊ ကုသိုလ်ဖြစ်မလား ၊ သာသနာတော်အတွက် တဦးတယောက်အတွက် အကျိုးများမလား၊ မများဘူးလား ဆိုတာ မစဉ်းစားနိုင်ဘူး၊ စဉ်းစားဥာဏ် ရှိစေဦးတော့ သတိလက်လွတ် ဖြစ်နေကြပြန်တယ်၊ ဆိုလိုတာက လှူချင်တာပဲ သိတယ်၊ ပညာ မပါဘူး၊ 
ဒါကြောင့် တလွဲကြည်ညိုတာမျိုး ဖြစ်တတ်ကြတယ်၊ ဒါနနဲ့ ပက်သက်ပြီး အကျိုးမများနိုင်တဲ့ အလှူဒါနတွေကို စာရေးသူရဲ့ လွဲနေတဲ့ ဒါနများ ဆိုပြီး ဒီနေရာမှာ ဖတ်ရှု့နိုင်ပါသေးတယ်၊

တချို့ကလဲ စဉ်းစားတွေးခေါ်တာ အားသန်တယ်၊ လေ့လာထားတာ သိထားတာ နည်းနည်းနဲ့ ဘုရားဟော တရားတော်တွေကို တရစပ် တွေးနေတာမျိုးပေါ့၊ ဥပမာ- ငရဲဆိုတာ ရှိနိုင်ပါ့မလား၊ နတ်ပြည်ဆိုတာလဲ မဖြစ်နိုင်ဘူး၊ မမြင်ရတဲ့ မြင့်မိုရ်တောင်ဆိုတာကလဲ ဘယ်ဆီမှန်း မသိ၊ စသည်ဖြင့် ပါဠိလေးတစ်လုံး ကို တွေးနေတာ များလာတော့ သူတို့ရဲ့ စိတ်ဟာ ဆိုက်ကို အတွေးသမားသက်သက် ဘက်ကို ဦးတည်သွားတယ်၊ ရတနာသုံးပါးကို ကြည်ညိုတဲ့ သဒ္ဓါတရားက ကပ်ပြီး ပါမလာခဲ့ဘူးပေါ့။

ဒီနေရာမှာ မြင့်မိုရ်တောင် ရှိ မရှိ အကြောင်းကို ဥပမာလေးနဲ့ပြောပါရစေ၊ ဆိုပါဆို့ မျှားပစ်ကွင်း တခုရဲ့ ရှေ့ကို ရောက်နေသူဟာ အကွာအဝေးတခုအထိ ဝေးနေသေးရင် သာမာန်မျက်စိနဲ့ ပစ်ကွင်းပစ်မှတ်ကို မြင်နိုင်သေးတယ်၊ နည်းနည်းချင်း နောက်ဆုတ်သွားပြီး မျက်စိတဆုံး ဝေးသွားပြီ ဆိုရင်တော့ မမြင်နိုင်တော့ဘူး၊ ကိုယ့်မျက်စိနဲ့ မမြင်နိုင်တာနဲ့ပဲ ဒီမျှားပစ်မှတ်ဟာ မရှိပါဘူး၊ မရှိနိုင်ဘူး၊ မဖြစ်နိုင်ဘူး လို့ သတ်မှတ်လို့ မရသလိုပါပဲ၊
ကိုယ့်ရဲ့ သာမာန်မျက်စိနဲ့ ( ထားပါတော့ )သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေရေး ကရိယာတွေနဲ့ မမြင်နိုင်ရုံနဲ့ မြင့်မိုရ်တောင်ကို မရှိနိုင်ဘူး ဆိုပြီး ဟောပြောခဲ့ကြတဲ့ ဘုရား ရဟန္တာတွေရဲ့ စကားတွေကို ဇွတ်ငြင်းနေတာ အံ့သြစရာ ကောင်းလှပါတယ်၊ ဒါကိုပဲ မျက်စိမှိတ် ငြင်းတယ် လို့ ခေါ်နိုင်ပါတယ်၊ တွေးကြည့်ရင်တော့ ရိုးရိုးရှင်းရှင်းလေးပါ၊

မြင်နိုင်တဲ့ နည်းလမ်းကျင့်စဉ်တွေကို ဘုရားရှင်က ဟောကြားခဲ့ပါလျက် ကျင့်စဉ်တွေကို ပစ်ပယ်ထားပြီး မဖြစ်နိုင်ဘူး လို့ ငြင်းနေကြတာ ဖြစ်မှာပါ။
အခုလဲ အဲဒီလို ဆိုက်ကို သမားတွေက ဒါန သီလ ဘာဝနာ သုံးပါးမှာ ဒါနထက်သီလက မြတ်တယ် ဆိုရင် ဒါန လုပ်ဖို့ မလိုတော့ပါဘူးလေ။ သီလပဲ စောင့်တော့မယ်၊ ဘာဝနာက ပိုမြတ်တယ် ဆိုရင် လှူဖို့ တန်းဖို့လဲ မလိုတော့ဘူး၊ သီလ ဆိုတာလဲ စောင့်ထိန်းစရာ မလိုတော့ဘူး၊ ၀ိပဿနာ တရားပဲ အားထုတ်တော့မယ် ဒီလို ဖြစ်လာတယ်၊
တကယ်တော့ သာသနာတော်ရဲ့ ဗုဒ္ဓစာပေတွေကို ပြည့်ပြည့်စုံစုံ အတိုင်းအတာ တခုအထိ လေးလေးနက်နက် လေ့လာ ထားသူဟာ အဲဒီလို တဖက်စွန်းရောက် ဖြစ်မသွားနိုင်ပါဘူး၊ ဒီနှစ်ခု balance မဖြစ်ဘူး ဆိုရင်တော့ အထက်က ပြောခဲ့သလို အစွန်းရောက်ပြီး လမ်းချော်သွားတတ်ပါတယ်၊


သဒ္ဓါ အားကြီး၊ ပညာနည်း(နီး) အချည်းနှီး ဖြစ်တတ်သည်၊
ပညာသာ များ၊ သဒ္ဓါ ပါး၊ အမှား ဖြစ်တတ်သည်၊
သဒ္ဓါ ပညာ တူမျှပါ မြန်စွာ နိဗ္ဗာန်တိုင်လိမ့်မည်၊ လို့ ရှေးရှေး ပညာရှိများက သတိပေး ဆုံးမစကားဆိုခဲ့ကြတယ်။

မြင့်မိုရ်တောင်နှင့် ပက်သက်သမျှ တွေးမိတာလေးတွေ ချရေးခြင်း ဖြစ်ပါတယ်၊ စာဖတ်ပရိသတ်များ open mind, open eyes, open brain တို့ဖြင့် မှန်ကန်တဲ့ ဘာသာရေး အသိအမြင်တွေကို ခံစားနိုင်ပါစေ- --

Thursday, June 24, 2010

လောကကို နွေးထွေးစေတဲ့ လက်အစုံများ

မိန်းမသားများအားလုံး ဗုဒ္ဓ၀ါဒီလူ့အဖွဲ့အစည်းအသင်းအပင်းမှ ရုတ်တရက် ထွက်ခွါသွားကြလျင် ခိုင်မာသော ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်း ကျန်ရစ်လိမ့်မည် မဟုတ်။ မိန်းမသားများသည် ဘာသာတရား တည်းဟူသော ခန္ဓာကိုယ်အတွက် နှလုံးသားကို ထည့်ပေးထားကြသူများ ဖြစ်သည်-ဟု အချို့ ပြောဆိုထားကြပါတယ်။

အချို့ အလျင်စလို ဝေဖန်တတ်သူများကတော့ “ဗုဒ္ဓ၀ါဒဟာ မိန်းမသားများအား ရန်လိုသောဝါဒ ဖြစ်တယ်” လို့ ပြောဆိုမှုများ ရှိခဲ့ဘူးတယ်။ အိန္ဒိယစာရေးဆရာ Hemacandra က အမျိုးသမီးများကို အထင်သေးစွာ “The torch lighting the way to hell, Narakamærgadværasya døpikæ” ဟု ရေးသားခဲ့ပြန်တယ်။

ဒါနဲ့စပ်ဆပ်လို့ မဃဒေ၀လင်္ကာမှာဖော်ပြထားတဲ့ အမျိုးသမီးများဆိုင်ရာလေးတွေကို အနည်းငယ်မျှ ဖော်ပြလိုပါတယ်။
(၁) ဌာနာဌာန၊ ညဏ်ချင့်ဆလော့၊ ကိစ္စနှစ်ပါး၊ အရာအားဖြင့်၊ ယောကျာင်္းမပြီး၊ မိန်းမပြီး၏။
(၂) လူတွင် ရှုပ်ထွေး၊ ကိုယ်ရေးပြည့်မှု၊ စုံတစ်ခုလည်း၊ ဗိုလ်ထုအများ၊ လက်ရုံးအားဖြင့်၊ ယောင်္ကျားဆောင်သီး၊ မပြီးကိစ္စ၊ တစ်ယောက်မျှပင်၊ မိန်းမရွက်ဆောင်၊ အောင်သည်တစ်မျိုး။ (၃) အမရာဒေ၀ီ၊ ဘေရီဓမ္မ၊ ဒိန္နာစသည်၊ အပ္ပကဟူ၊ နည်းငယ်မူကား၊ လူဝယ်ထိုသို့၊ မိန်းမတို့လည်း၊ မချို့ပညာ၊ ယှိတတ်စွာ၏။
(၄) ညဏ်လစ် ယောင်္ကျား၊ ယှိခဲ့ငြားသော်၊ ယောင်္ကျားတို့ထက်၊ ရုတ်တရက်ညဏ်၊ ပဋိဘာန်ဖြင့်၊ လျင်မြန်မချွတ်၊ ကြံစည် တတ်၏။
(၅) ကိစ္စတသီး၊ အရေးကြီး၍၊ မပြီးနိုင်က၊ ကြံမရသော်၊ မိန်းမကိုသာ၊ တိုင်ပင်ရာဟု၊ ပညာယှိများ၊ အစဉ်ကြားလျက်၊ ထင်ရှားမိန့် မှာ၊ ဥဒါန်းလာ၏။
မဃဒေ၀လင်္ကာသစ် ကျမ်းပြုဆရာတော်ဘုရားကြီး အသျှင်ဇ၀န၏ ပုံတော်( စာအုပ်ပါပုံကို ဓာတ်ပုံရိုက်ထားပါသည် )

ဒီတော့ စာပေများမှာ အမျိုးသမီးများနဲ့ ပတ်သက်လို့ အဆိုးအကောင်း ဝေဖန်သုံးသပ်ထားကြတာ အမျိုးမျိုးပါ။ ကျမ်းဂန်များမှာတော့ မိန်းမသားများကို ဖော်ညွှန်းရာမှာ“မာတုဂါမ”ဖြစ်ပါတယ်။ ဒါက ပါဠိဝေါဟာရပါ။ ဒီဝေါ ဟာရအဓိပ္ပါယ်က “မိခင်မျိုးနွယ်” ဒါမှမဟုတ် “ မိခင်အဖွဲ့အစည်း” လို့ ဆိုလိုပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓ၀ါဒမှာ မိန်းမသားတစ်ယောက်ဟာ မိခင်တစ်ယောက်အဖြစ် ဂုဏ်သိက္ခာရှိတဲ့နေရာကို ရရှိထားပါတယ်။ မိခင် တစ်ယောက်ကို နိဗ္ဗာန်သို့ တက်ရောက်ဖို့ ဒါမှမဟုတ် မြင့်မြတ်တဲ့နေရာကို တက်လှမ်းဖို့ သင့်လျော်တဲ့ လှေကား တစ်ခုအဖြစ် သတ်မှတ်ထားတာပါ။ ဇနီးမယားကိုလည်း လင်ယောင်္ကျားရဲ့အကောင်းဆုံးမိတ်ဆွေ ( ပရမာသခါ ) တစ်ဦးအဖြစ် ယူဆထားတာပါ။

မြင့်မြတ်တဲ့အမျိုးသမီးများရဲ့ အဖွဲ့အစည်းဖြစ်တဲ့ ဘိက္ခုနီသာသနာကိုတည်ထောင်ခွင့်ပြုခြင်းဟာ မဟာပဇာပတိ ဂေါတမီ၏ စွမ်းဆောင်မှုကြောင့်လို့ ဆိုရပါမယ်။ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းတည်ထောင်ခွင့်ရခြင်းဟာ အမျိုးသမီး တစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့်ဆိုယင်လည်း မှားမယ်မဟုတ်ဘူး။ မြတ်ဗုဒ္ဓဟာ အမျိုးသမီးများကို နှိမ့်ချမထားဘဲ သဘာဝရဲ့ အာနွဲ့သူများအဖြစ် အသိအမှတ်ပြုထားသလို အမျိုးသားနဲ့အမျို့သမီးတို့ရဲ့ အတွင်း ဓာတ်ခံသဘော မွေးရာပါ ကောင်းတဲ့စိတ်ကိုလည်း ကောင်းစွာသိတော်မူပါတယ်။ တကယ်တော့ လိင်ပိုင်းဆိုင် ရာကွဲပြားမှုဟာ လွတ်မြောက်မှုအတွက် တားမြစ်ချက်မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓရဲ့ဒေသနာတော်များကို ကြည့်ရှု့ လေ့လာမယ်ဆိုလျင် အမျိုးသမီးများကို သင့်တော်တဲ့နေရာ ပေးထားတာ တွေ့မြင်နိုင်ပါတယ်။

အရှင်သာရိပုတ္တရာနဲ့အရှင်မောဂ္ဂလာန်တို့ကို ဘိက္ခုသံဃာရဲ့အကြီးအကဲအမြတ်ဆုံးသာဝကများအဖြစ် သတ် မှတ်ခန့်အပ်ထားသလို ဘိက္ခုနီသံဃာမှာလည်း ရှင်မခေမာနှင့် ရှင်မဥပ္ပလ၀ဏ် ထေရီနှစ်ပါးတို့ကို အကြီးမြတ် ဆုံး ဘိက္ခုနီသာဝကများအဖြစ် သတ်မှတ်ခန့်အပ်ထားခဲ့တယ်။ ဘိက္ခုနီသံဃာ့အဖွဲ့အစည်းနဲ့ ဥပါသိကာ သာဝိ ကာမများမှာ မိဖုရားများ၊ မင်းသမီးများ၊ မြင့်မြတ်တဲ့အမျိုးသမီးများ၊ မုဆိုးမများ၊ သောကရောက်နေတဲ့ အမေများ၊ အကူအညီကင်းမဲ့နေတဲ့ အမျိုးသမီးများ၊ အဆုံးစွန်အားဖြင့် ပြည်တန်ဆာမများထိပါ အဆင့်အတန်း အမျိုးမျိုးမှ သာသနာ့ဘောင်ကို ၀င်ရောက်လာကြတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။ အဲဒီအထဲကမှ ပဋာစာရီ၊ ဓမ္မဒိန္နာ၊ ဘဒ္ဒါကာပိလာနိ၊ ၀ိသာခါ၊ သုပ္ပိယ၊ နကုလမာတာ၊ သာမာဝတီ၊ မလ္လိကာ၊ ခုဇ္ဇုတ္တရာ၊ သီရိမာ၊ အမ္ဗပါလီ၊ သုမနနဲ့ သုဘဒ္ဒါ စသူတို့ ဟာ ထင်ရှားသူများ ဖြစ်ပါတယ်။
ကျမ်းဂန်များမှာတော့ ရဟန်းတော်ပေါင်း ၂၆၄-ပါးကို အကြောင်းပြုထားတဲ့ ထေရဂါထာပေါင်း ၁၂၈၈-ခုရှိတာကို တွေ့ရပြီး ထေရီပေါင်း ၇၃-ပါးကို အကြောင်းပြုထားတဲ့ ထေရီဂါထာပေါင်း က ၅၃၄-ခု ရှိတာကို သိရှိရပါတယ်။

ကြီးကျယ်ကောင်းမွန်တဲ့ မိန်းမသားမရှိလျင် ဗုဒ္ဓ၀ါဒဆိုင်ရာဘာသာတရား မရှိနိုင်ပါဘူး။ မြတ်ဗုဒ္ဓရဲ့မယ်တော် ဖြစ် တဲ့ မိဖုရား မဟာမာယာဒေ၀ီဟာ သူမရဲ့သားဘုရားလောင်းတော်အတွက် သူမဘ၀ကို ပေးအပ်ခဲ့ရတယ်။ သူမ ဟာ မင်းသားငယ်ကို မွေးဖွါးပြီးတဲ့နောက် ရက်အနည်းငယ်မှာပဲ သူမဘ၀ကို အပြီးအပိုင် စွန့်လွှတ်ခဲ့ရတယ်။ ဒါပေမယ့် အခြားကောင်းမွန်မြင့်မြတ်တဲ့ မိန်းမသားတစ်ဦးဖြစ်သူ သူ့ရဲ့အဒေါ် မဟာပဇာပတိဂေါတမီက အမေ တစ်ယောက်ရဲ့နေရာကို ၀င်ယူပြီး နုးညံ့စွာ ဂရုတစိုက်ချစ်ခြင်းဖြင့် သူ့ကို မွေးမြူခဲ့ရပြန်တယ်။ ဒါ့ကြောင့် မြင့်မြတ် ကောင်းမွန်တဲ့ မိန်းမသားများသာမရှိလျင် မြတ်ဗုဒ္ဓဟာ လူသားတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်ဖို့နဲ့ မြတ်ဗုဒ္ဓ (သဗ္ဗညုတညဏ်ရှင်)အဖြစ် ပေါ်ပေါက်လာဖို့မှာ ဘယ်သောအခါမှ ဖြစ်လာမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်း လင်းလင်းတွေ့မြင်ရမှာပါ။ ဒါကပဲ သဘာဝတရားက ဖန်တီးပေးလိုက်တာပဲပေါ့။

ဒါနဲ့စပ်ဆပ်လို့ မိခင်ရင်းနဲ့ မွေးစားမိခင်တို့ကို ဥပမာတင်စားထားတဲ့ စာလေးကို သတိရမိတယ်။ အဲဒါကတော့ မိခင်ရင်းဟာ သူ့အမြစ်ကပေါက်လာတဲ့ သစ်ပင်ကို ရှင်သန်ဖွံ့ဖြိုးလာအောင် အာဟာရဖြစ်စေတဲ့ အစားအစာတွေ တိုက်ကျွေးပေးတဲ့ ရေပန်းနဲ့တူပါတယ်။ မွေးစားမိခင်ကတော့ ဟို--အမြင့်တိမ်တိုက်ထဲအရောက် ထိုးတက် သွား ပြီး အဝေးကြီးရောက်သည့်အထိ ခရီးဆန့်၊ ကန္တာရထဲက အထီးကျန်သစ်ပင်လေး ဖွံ့ဖြိုးစေဖို့ အာဟာရဖြစ် စေတဲ့ အစားအစာတွေ တိုက်ကျွေးပေးတဲ့ ရေပန်းနဲ့တူတယ်-တဲ့။
(A mother is likened unto a mountain spring that nourishes the tree at its root, but one who mothers another’s child is likened unto a water that rises into a cloud and goes a long distance to nourish a lone-tree in the desert.)

“ကောင်းမွန်မြင့်မြတ်သော အမေများမရှိလျင် ထိုနိုင်ငံ(ထိုအမျိုး)သည် ကြီးကျယ်သောနိုင်ငံ (ကြီးကျယ်သော အမျိုး)ဖြစ်မလာနိုင်ဘူး” ဆိုတဲ့အရာဟာ မှန်ကန်ဆဲပါ။ ပုံမှန်အားဖြင့်တော့ အလုပ်သို့သွားရခြင်း၊ သူ၏မိသားစု အတွက် စားစရာနဲ့ အခြားလိုအပ်ချက်များ ထောက်ပံ့ရခြင်းဟာ ဖခင်ရဲ့တာဝန်ဖြစ်တယ်ဆိုတာ အားလုံး လက်ခံ ထားကြပါတယ်။ ဒါပေမယ့် ကလေးကို ဂရုတစိုက်စောင့်ရှောက်ဖို့နဲ့ သူတို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာကို ပုံစံသွင်း ရခြင်းတို့ကတော့ မိခင်များသာ ဖြစ်ပါတယ်။ မိခင်များကပဲ သူတို့ရဲ့မိခင်ဘာသာစကားကို ပြောဆိုဖို့ သူတို့ရဲ့ ကလေးငယ်များကို သင်ကြားပေးရတာပါ။ ဒီတော့ လူသားတိုင်းဟာ အမေ့လျှာ-ကြောင့် ပြောဆိုကြတယ်လို့ ဆိုနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုယင် ကလေးငယ်ရဲ့ ပထမဆုံးဖြစ်တဲ့ စကားဟာ မိခင်ဖြစ်သူထံမှ သင်ယူရ ရှိခဲ့လို့ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မိမိလူမျိုးရဲ့ပင်ရင်းစကားကို မိခင်ဘာသာစကားလို့ ပြောဆိုကြခြင်း ဖြစ်ပါလိမ့်မယ်။

လူသားလောကကြီးမှာ ကြီးကျယ်တဲ့အောင်မြင်မှုကို ပြုလုပ်နိုင်သူ၊ မြင့်မားတဲ့ရိုသေလေးစားမှုကို ရရှိသူ အချို့ မိန်းမယောကျာင်္းများကို ဘယ်အချိန်မှာပဲကြည့်ကြည့် သူတို့ရဲ့မိခင်ဖြစ်သူဟာ အဲဒီအောင်မြင်မှုတွေအတွက် ယုံကြည်မှုအချို့ကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ လူသားတိုင်းဟာ ကလေးဘ၀က ရရှိခဲ့တဲ့ အယူအဆအတွေး အခေါ်များဟာ ဘ၀တစ်လျောက်လုံး သူတို့နဲ့အတူတကွပါသွားတာမျိုးပါ။ ဒါကို စိတ်ပညာရှင်များက ပြောပြခြင်း ဖြစ်ပါတယ်။ မိခင်များထံမှ ကောင်းမွန်မြင့်မြတ်တဲ့ ညွန်ကြားချက်များ ရရှိလျင်၊ အမှားအမှန်ကြားမှာ ခြားနားမှုကို ပြောကြားလျင်၊ မိသားစုများ၊ သူငယ်ချင်းများ၊ ကလေးငယ်ကိုယ်တိုင်အတွက် တာဝန်များကို ပြောကြားလျင် လူသားတိုင်း ဘ၀ရဲ့ဆုံးရှုံးမှုများကို ပြုလုပ်ခဲ့ကြမှာ မဟုတ်ဘူး တဲ့။

ကမ္ဘာလောကကြီးရဲ့အစိတ်အပိုင်းတော်တော်များမှား ဆိုးသွမ်းတဲ့သူငယ်များက ဖြစ်ပေါ်စေတဲ့ ဆင်းရဲ့ဒုက္ခများ စွာကို ကြားနေကြရတာပါ။ တိုင်းပြည်များစွာမှာ ငယ်ရွယ်နုပျိုတဲ့ လူငယ်များ ဆိုးသွမ်းရခြင်းအကြောင်းမှာ -
ဒီငယ်ရွယ်တဲ့လူငယ်များဟာ သူတို့ရဲ့မိဘများထံမှ သင့်လျော်တဲ့ ညွန်ကြားချက်ကို မရရှိခဲ့ဘူး-ဆိုတဲ့ အချက် ကြောင့် ဖြစ်တယ်လို့ တရားသူကြီးများနှင့်ရဲအရာရှိကြီးများက ပြောဆိုသုံးသပ်ကြပါတယ်။ ဒါ့ကြောင့် အချို့သူ များက “ဆိုးသွမ်းတဲ့ကလေးတွေ-လို့ ပြောဆိုဖို့ မသင့်ဘူး၊ ဆိုးသွမ်းတဲ့မိဘများ-လို့ ပြောဆိုသင့်တယ်”လို့ ယူဆ လာကြခြင်း ဖြစ်ပါတယ်။ ဒါဟာ ကိစ္စအားလုံးမဟုတ်လျင်တောင် အချို့ကိစ္စများမှာ မှန်ကန်နေပါတယ်။

ငယ်ရွယ်နုပျိုမှုကြောင့်ဖြစ်တဲ့ ကြမ်းတမ်းဆိုးရွားမှုများစွာမှာ ဆိုးသွမ်းတဲ့မိဘများက အမှားအယွင်းအားလုံးကို ဖြစ်စေခဲ့တာတော့ မဟုတ်ပါ။ ဒါပေမယ့် ကလေးဟာ မိဘမဲ့ကလေးဖြစ်တယ်ဆိုတဲ့အချက်နဲ့ ကောင်းတဲ့လမ်း ညွန်မှုကို ရရှိဖို့ အမေအဖေမရှိ ဆိုတဲ့ အချက်က မှားယွင်းစေခြင်း ဖြစ်ပါတယ်။ အားလုံးသော လူသားသတ္တ၀ါ များကို ညီအကိုမောင်နှမများအဖြစ် သတ်မှတ်ရမယ်ဆိုတာကို ဗုဒ္ဓဘာသာဆိုင်ရာက ပြောပြထားပါတယ်။ ဒါ့ကြောင့် မိဘမဲ့ကလေးများကို သူတို့ရဲ့ကိုယ်ကျင့်တရားဆိုင်ရာအတွက် ကောင်းတဲ့သတင်း အချက်အလက် များ၊ ကောင်းတဲ့အကူအညီဖြစ်စေမယ့် လမ်းညွန်ချက်များကို ပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

မျက်မှောက်ကမ္ဘာမှာ စစ်ပွဲနှင့်ပတ်သက်တဲ့ အဆက်မပြတ်ဖြစ်နေတဲ့ ကြောက်လန့်မှုများရှိနေတယ်ဆိုတာ အား လုံး သိရှိကြပြီး ဖြစ်ပါတယ်။ ကမ္ဘာလောကကြီးရဲ့ များစွာသောအစိတ်အပိုင်းများမှာ ဘာသာတရားကို မေ့လျော့ နေခဲ့ခြင်းကပဲ ဒီအခြေအနေအတွက် တစ်ခုသောအကြောင်းဖြစ်နိုင်ပါတယ်။ အမေများဟာ ဘာသာတရားမှာ တွေ့ရှိရတဲ့ ကြီးကျယ်မြင့်မြတ်တဲ့အမှန်တရားများကို သူတို့၏ကလေးများသို့ သင်ကြားမပေးတဲ့အခါ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးအဖြစ် မျော်လင့်ရန် ခက်ခဲပါလိမ့်မယ်။

လူသားအားလုံးနဲ့ပတ်သက်တဲ့ အကောင်းဆုံးဘာသာတရားရှိတယ်ဆိုတာကို ဗုဒ္ဓ၀ါဒီများက ယုံကြည်ကြပြီးသား ပါ။ ဒါ့ကြောင့် ဗုဒ္ဓ၀ါဒယုံကြည်မှုကို ရိုသေဖို့ ကလေးကိုစောင့်ရှောက်မွေးမြူတဲ့အိမ်၊ သန်မာတဲ့ကိုယ်ကျင့်တရား ရှိပုံပေါ်တဲ့ ကလေးရှိတဲ့အိမ်၊ ဘ၀နေထိုင်မှုပုံစံ အောင်မြင်မှုရရှိတဲ့အိမ်များဟာ ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်အဖြစ် တွေ့မြင်နေရတာပါ။

ယောကျာ်းများဟာ အလုပ်ကိစ္စများ၊ ငွေရအောင်ပြုလုပ်ခြင်း၊ ဟိုက်ဒရိုဂျင်ဗုံးကို ထုတ်လုပ်ခြင်း၊ စစ်ပွဲကို ဖန်တီး ခြင်း၊ စစ်ပွဲပြီးတဲ့နောက် တစ်ဖန်ကမ္ဘာကြီးကို ဖြောင့်မတ်အောင် ကြိုးစားခြင်းဖြင့် ပုံမှန်အားဖြင့် ဦးဆောင်မှုကို ယူလေ့ရှိတယ်ဆိုတာကို ဘယ်အချိန်မဆို ကမ္ဘာကြီးမှာ ဒီအတိုင်းတွေ့နေရတာပါ။
ဒါပေမယ့် မိန်းမသားအုပ်စု တစ်စုက စစ်ပွဲတစ်ပွဲကို စတင်ဖန်တီးခဲ့တယ်ဆိုတာကိုတော့ သံသယရှိစရာကောင်းတဲ့ ဝေါဟာရတစ်ခုပါ။ တကယ်တော့ ယောင်္ကျားသားတိုင်းဟာ မိခင်ဖြစ်သူက ချမှတ်ပေးထားတဲ့ ဥပမာများကို သတိရသင့်ပြီး ဖျက်ဆီး ကြမယ့်အစား ငြိမ်းချမ်းမှုအတွက် ကြိုးစားသင့်ကြတယ်။

ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းကို ကူညီသူ၊ လှုမှုရေးနဲ့ပတ်သက်တဲ့ တိုးတက်မှုများကို ပြုလုပ်စေသူ၊ လူသားမျိုးနွယ်ကို စောင့်ရှောက်တဲ့သူ၊ နုးညံ့ပြီးကူညီမှုကို ပေးတဲ့သူများဟာ မိန်းမသားများသာ ဖြစ်ပါတယ်။ ဆေးရုံအတွက်၊ မိဘမဲ့ကလေးများဂေဟာအတွက်၊ ဒါမှမဟုတ် မျက်မမြင် နားမကြားဂေဟာများအတွက် လိုအပ်တဲ့ မည်သည့်အချိန်ဖြစ်ဖြစ် ပုံမှန်အားဖြင့် အဲဒီအရာကို ဖြည့်ဆည်းပေးနေသူများမှာ လိုအပ်ချက်များကို ဂရုစိုက်ရတဲ့ လူ့အဖွဲ့အစည်းဖြစ်တဲ့ မိန်းမသားများသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် “မိန်းမသားများအားလုံး ဗုဒ္ဓ၀ါဒီလူ့အဖွဲ့အစည်းအသင်းအပင်းမှ ရုတ်တရက် ထွက်ခွါသွားကြလျင် ခိုင်မာသောဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်း ကျန်ရစ်လိမ့်မည် မဟုတ်။ မိန်းမသားများသည် ဘာသာတရားတည်းဟူသော ခန္ဓာကိုယ်အတွက် နှလုံးသားကို ထည့်ပေးထားကြသူများ ဖြစ်သည်”ဟု ပြောဆိုကြခြင်း ဖြစ်ပါတယ်။

အသက်ကြီးသူများနှင့်ဆင်းရဲသူများအတွက် လိုအပ်ချက်များ၊ ဘုရားကျောင်းကန်များအတွက် အသုံးအဆောင် များ အဲဒီအရာများအတွက် ထောက်ပံ့မှုအားလုံးဟာ မိန်းမသားများရဲ့ လုံးလစွမ်းပကားကြောင့် ဖြစ်တယ်ဆိုယင် လွန်လွန်းရာကျမယ့် အဆိုမဟုတ်ပါဘူး။ ဒါ့ကြောင့် “မိန်းမသားများသာ မရှိလျှင် အားလုံးသောဒါနသည် အဆုံးတစ်ခုသို့ လားရောက်လုနီးပါး ဖြစ်လိမ့်မည်”ဟု ပြောဆိုကြခြင်း ဖြစ်ပါတယ်။

တိုင်းပြည်အသီးသီးမှာ ကလေးများနှင့်တိရိစ္ဆာန်များကို ကြမ်းတမ်းစွာပြုမူခြင်းမှ တားမြစ်ရန် ဥပဒေများကို ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအတွက် မိန်းမသားများဟာ အချို့သောဥပဒေများကို ချမှတ်ရန် လုပ်ဆောင်ခဲ့တာပါ။ ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုမှာ ဆရာများဟာ မိန်းမသားများ ဖြစ်ပါတယ်။ ကလေးများရဲ့ ကောင်းမွန်မှန်ကန် တဲ့ ကိုယ်ကျင့်တရားဆိုင်ရာကို ပုံစံသွင်းရာမှာ အမေဖြစ်သူများကို ကူညီဖို့ဟာ သူတို့ရဲ့ တာဝန်အဖြစ် ခံယူထားကြတာပါ။

ကြက်ခြေနီအလုပ်ဆိုတာ သိတဲ့အတိုင်း ဘေးဒုက္ခရှိတဲ့ နေရာတော်တော်များများမှာ ဘယ်အချိန်ဖြစ်ဖြစ် ပြုလုပ် ရပါတယ်။
ဒီမြင့်မြတ်တဲ့ အဖွဲ့အစည်းတွေဟာ မြင့်မြတ်တဲ့ မိန်းမတစ်ယောက်စီ၏ တာဝန်သိစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ အလုပ်ရဲ့အကျိုးဆက် များ အသီးသီး ဖြစ်ပါတယ်။
သူတို့ထဲက ပထမတယောက်က  Florence Nightingle ပါ။ ကင်ဆာခံစားနေရတဲ့ လူနာထောင်ပေါင်း များစွာဟာ ဓာတ်ရောင်ခြည်ကုသမှုနဲ့ အချို့သောသက်သာမှုကို ရရှိခဲ့ပါတယ်။
အဲဒီရေဒီယမ်ကို ရှာဖွေသူ ကတော့ မိန်းမသားတစ်ယောက်ဖြစ်တဲ့ Madame Curie ဖြစ်ပါတယ်။
လူသားကျွန် ဘ၀စနစ်ကို ဖြတ်သိမ်းနိုင်ဖို့ လုပ်ဆောင်ခဲ့တဲ့သူများထဲမှာ မိန်းမသားတစ်ယောက် ပါဝင်ပါတယ်။ သူကတော့ Harrief Beechar Stow ဖြစ်ပါတယ်။ အိုမဲအိမ်မဲ့ ဖြစ်နေသူကလေးများကို ပြုစုစောင့်လျှောက်သူ မိန်းမသားတစ်ဦး ရှိပါတယ်။
သူက တော့ Mother teresa ဖြစ်ပါတယ်။ အခြားသော တိုင်းနိုင်ငံအသီးသီးမှာလည်း သူ့အစွမ်းနဲ့သူ ရှိနေကြတဲ့ မိန်းမသားများ များစွာရှိနေတာပါ။

ဒီတော့ ဘယ်ရှုထောင့်က ကြည့်ကြည့် အကြောင်းတခုကတော့ ကမ္ဘာလောကမှာ မိန်းမသားများရဲ့ လွှမ်းမိုး မှုဟာ များစွာအရေးကြီးတဲ့ လွှမ်းမိုးမှုဖြစ်တယ်ဆိုတာကို ကောက်ချက်ချဖို့ ခွန်အားဖြစ်စေခဲ့တယ် ဆိုတာ သမိုင်းဆိုင်ရာ အချက်အလက်တွေက ပြောပြပေးနေပါတယ်။ အချုပ်အားဖြင့်တော့ ယနေ့ ဆိုးသွမ်း ပေတေ ရမ်းကားနေတဲ့ လူငယ်တွေ တော်တော်များများဟာ မိဘ သို့မဟုတ် မိခင်ရဲ့ ရင်ခွင် ကနေ ကင်းကွာပြီး ဆိုဆုံးမမှု့ မေတ္တာကို မရရှိ မခံစားခဲ့ရတဲ့အတွက်ဆိုတာ သေချာပါတယ်။

“ လူတွင် ရှုပ်ထွေး၊ ကိုယ်ရေးပြည့်မှု၊ စုံတစ်ခုလည်း၊ ဗိုလ်ထုအများ၊ လက်ရုံးအားဖြင့်၊ ယောင်္ကျားဆောင်သီး၊ မပြီးကိစ္စ၊ တစ်ယောက်မျှပင်၊ မိန်းမရွက်ဆောင်၊ အောင်သည်တစ်မျိုး။ ”
“ ကိစ္စတသီး၊ အရေးကြီး၍၊ မပြီးနိုင်က၊ ကြံမရသော်၊ မိန်းမကိုသာ၊ တိုင်ပင်ရာဟု၊ ပညာယှိများ၊ အစဉ်ကြားလျက်၊ ထင်ရှားမိန့် မှာ၊ ဥဒါန်လာ၏ ”

စသည်ဖြင့် မိခင် မိန်းမသားများ၏ ပညာရှိပုံ အထင်မသေးသင့်ပုံ၊ ကိစ္စကြီးငယ် ကြုံလာခဲ့သော် မဖြေရှင်းနိုင်က ဖြတ်ထိုးဥာဏ် ပင်ကိုယ်ဥာဏ် ကောင်းမွန်သော မိန်းမသားများကို တိုင်ပင်သင့်ပုံတွေကို မန်လည်ဆရာတော်ဘုရားကြီးက ဘုရားဟော ကျမ်းဂန်တွေကို ထောက်ဆကာ မဃဒေ၀ လင်္ကာသစ်မှာ မှတ်တမ်းတင်တော်မူထားခဲ့ဖူးတယ်။
ကိုယ်မွေးထားတဲ့ သား သမီးကို စွန့်ပစ်တဲ့ မိခင် ဆိုတာ အယောက်တစ်ရာမှာ တစ်ယောက်မရှိနိုင်ပါဘူး၊ မိခင်ဆိုတာ နွေးထွေးတဲ့ မေတ္တာတွေကို ပေးနေတဲ့ ကိုယ့်ဘ၀တလျောက်လုံးကို ပြောင်းလဲပေးနိုင်တဲ့ လက်တစ်စုံပဲ ဖြစ်တယ် ဆိုတာ ယုံကြည် လက်ခံလျင်တော့ အဲဒီနွေးထွေးတဲ့ လက်တစ်စုံကို မပစ်ပယ်ကြပဲ နွေးထွေးစွာ ကြိုဆိုကြပါစို့လို့ တိုက်တွန်းစကား ဆိုပါရစေ။

မိခင်ရဲ့ မေတ္တာကို ရရှိပြီး ပညာဖြင့် လောက ကို အလှဆင်နိုင်ကြပါစေ --

မိခင် မေတ္တာ ဖော်ကျူးသော မူရင်းရေးသားသူ မောင်တင့်ယဉ် ၏ ပို့စ်အား ပြန်လည် ဖြည့်စွက် တင်ပြပါသည်။

Saturday, June 19, 2010

ကြက်ဖတိန်ညင် တောကိုဝင်

အတောင်သာလျှင် ၀န်ရှိသော ငှက်ကဲ့သို့ ဤအရှင်သည် သပိတ်တစ်လုံး၊ သင်္ကန်း သုံးထည်ဖြင့် တောရ ဆောက်တည်ရန် အမ်းမြို့ဘက် ထွက်ခဲ့သည်။ ဤအရှင်သည် ရှေးရှေးသော အရိယာ သူတော်ကောင်းများ ဆောင်လေ့ရှိသည့် ဓုတင် အကျင့်ကိုလည်း အာရုံကျ။ ရှေးရှေး သူတော်ကောင်းကြီး များကိုလည်း အားကျပြီး ထိုသူတော်ကောင်းကြီးများ လမ်းစဉ်အတိုင်း ကျင့်မည်ဟု ရှေး မဆွကတည်းက ဆုံးဖြတ်ထား၏။

ဓုတင် ဆိုသည်မှာ ကိလေသာကို ခါထွက်ကြောင်း ခေါင်းပါးစေသည့် အကျင့်တရားများ ဖြစ်သည်။ အကျဉ်းအားဖြင့် ဓုတင် ၁၃-ပါး ရှိသည်။

၁။ ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို စွန့်လျက် ပံ့သကူ သင်္ကန်းကို ဆောင်ခြင်းဟူသော ပံ့သကူ ဓုတင်၊
၂။ လေးထည်မြောက် သင်္ကန်းကို စွန့်လျက် သုံးထည်သော သင်္ကန်းကိုသာ ဆောင်ခြင်းဟူသော တိစီဝရိက် ဓုတင်၊
၃။ လာဘ်ပို လာဘ်လျှံကို ပယ်၍ ဆွမ်းခံ၍ရသော ဆွမ်းကိုသာ သုံးဆောင်ခြင်း (ပိဏ္ဍပါတ် ဓုတင်)
၎။ လျှပ်ပေါ်လော်လီ အိမ်စဉ်ကျော်၍ ခံယူခြင်းကို ပယ်လျက် အိမ်စဉ် မကျော်မလှပ် ရပ်၍ရသော ဆွမ်းကို သုံးဆောင်ခြင်း (သပဒါနစာရိက ဓုတင်)

၅။ နေရာအထူးထူး၌ စားခြင်းကို ပယ်လျက် တစ်ထိုင် တစ်နေရာတည်း၌ စားခြင်းကို ဆောင်ခြင်း (ဧကာသနိုက် ဓုတင်)
၆။ နှစ်ခွက်မြောက်သော ဆွမ်းဟင်းကို ပယ်၍ တစ်ခွက်တည်းနှင့်သာ သုံးဆောင်ခြင်း (ပတ္တပိုဏ် ဓုတင်)
၇။ ဆွမ်းစပြီး စားနေစဉ် ကပ်လာသော ဘောဇဉ်ကို တော်ပြီတန်ပြီ ဆိုပြီး ကပ်ယူစားခြင်းကို ပယ်ခြင်း (ခလုပစ္ဆာဘတ် ဓုတင်)
၈။ ဂါမ၀ါသီ ကျောင်းသင်္ခမ်းကို ပယ်၍ တောရကျောင်း၌ နေခြင်းကို ဆောက်တည်ခြင်း (အာရညကင် ဓုတင်)

၉။ အမိုး အကာရှိသော ကျောင်းကို ပယ်၍ လွင်တီးခေါင်၌ နေခြင်း (အဗ္ဘောကာသိက ဓုတင်)
၁၀။ သုဿာန် မဟုတ်သော နေရာကို ကပ်လျက် သုဿာန်၌ နေခြင်း (သုဿာန် ဓုတင်)
၁၁။ အမိုးအကာရှိသော ကျောင်းကို ပယ်လျက် သစ်ပင်ရင်း၌ နေခြင်း (ရုက္ခမူဓုတင်)
၁၂။ နေရာကောင်း ကျောင်းဆောင်ကို ပယ်၍ ဖြစ်စဉ်အတိုင်း နေခြင်း (ယထာသန္တတိ ဓုတင်)
၁၃။ အိပ်ခြင်းကို ပယ်၍ ထခြင်း၊ ထိုင်ခြင်း၊ စင်္ကြံသွားခြင်းကို ဆောင်ခြင်း (နိသဇ္ဇိ ဓုတင်) တို့ ဖြစ်၏။

ဤဓုတင်များကို ဆောင်ခြင်းဖြင့်-
(၁) အသက်မွေး စင်ကြယ်ခြင်း၊
(၂) ချမ်းသာကျိုး ရှိခြင်း၊
(၃) အပြစ်မရှိ၊
(၄) သူတစ်ပါးတို့အား ဒုက္ခမပေး၊
(၅) ဘေးမရှိ၊
(၆) သူတစ်ပါးကို မနှိပ်စက်၊
(၇) အမှန် ကြီးပွား၏၊
(၈) ကုသိုလ်တရား မဆုတ်ယုတ်၊
(၉) မာယာ စဉ်းလဲခြင်း မရှိ၊
(၁၀) သေခြင်းကို စောင့်တတ်၏၊

(၁၁) တောင့်တတိုင်း ပေး၏၊
(၁၂) သတ္တ၀ါ အားလုံးကို ဆုံးမတတ်၏၊
(၁၃) စောင့်စည်းသော အကျိုး ရှိ၏၊
(၁၄) လျောက်ပတ်သော အကျင့် ဖြစ်၏၊
(၁၅) ကိလေသာတို့ မမှီမကပ်နိုင်၊
(၁၆) ကိလေသာမှ လွတ်၏၊
(၁၇) ရာဂကုန်၏၊
(၁၈) ဒေါသကုန်၏၊
(၁၉) မောဟကုန်၏၊
(၂၀) မာန်တက်မှုကို ပယ်၏၊

(၂၁) ၀ိတက်ကို ဖြတ်၏၊
(၂၂) ယုံမှားသင်္ကာမှ ကူးမြောက်၏၊
(၂၃) အပျင်းကို ပယ်ဖျောက်၏၊
(၂၄) မမွေ့လျော်ခြင်းကို ဖျောက်၏၊
(၂၅) သည်းခံတတ်၏၊
(၂၆) အတုမရှိ မြတ်သော အကျင့်တည်း၊
(၂၇) မနှိုင်းယှဉ်အပ်သော ဂုဏ်ရှိ၏၊
(၂၈) နိဗ္ဗာန်သို့ ရောက်၏- ဟူသော အကျိုးထူး အကျိုးမြတ်များကို ရနိုင်ခြင်းကြောင့်လည်း ဤ မြတ်သော ဓုတင်အကျင့်များကို ကျင့်ရန် ဆောင်ရန် လျှို့ဝှက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မြောက်ဦးဆရာတော်၏ အတွေ့အကြုံများကို ပြန်လည်ကြည်ညိုဖော်ပြပါသည်။

Thursday, June 17, 2010

ဘ၀ကြမ်းကြမ်း ခရီးလမ်း

၁၉၈၈ ခုနှစ်က ဖြစ်ခဲ့သော အရေးအခင်း ကာလအတွင်း တွေ့ကြုံခဲ့ရသည်ကိုလည်း ဤအရှင်သည် မှတ်မှတ်ထင်ထင် ရှိနေသည်။
ထိုစဉ်က ဤအရှင်သည် မြောက်ဦးမြို့၊ ရတနာမာန်အောင် ကျောင်းမှာ သီတင်းသုံးနေသည်။ ဤအရှင်၏ ကျောင်းအနီးရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းမှ ဘုန်းကြီးတစ်ပါးက ဤအရှင်ကို ဆန္ဒပြပွဲ လိုက်ပါဖို့၊ တရားဟောဖို့ လာခေါ်သည်။
ဤအရှင်က လူကြားထဲမှာ စကားပြောရတာကို ကြောက်သည်။ နောက်ပြီး ဤအရှင်က လောကီလူတို့၏ ဓလေ့စရိုက် သဘာဝကို သိပ်နားမလည်။
လူကြားထဲ စကားမပြောတတ်။ ဆန္ဒပြပွဲမှာ ပြောရမှာက နိုင်ငံရေးစကား၊ နိုင်ငံရေးလည်း ဤအရှင် နားမလည်။ ထို့ကြောင့် ဤအရှင်က ငြင်းလိုက်၏။
သုံးရက်တိတိ ထိုဘုန်းကြီးက လာခေါ်သည်။
“ကိုယ်တော့မှာ ဒကာ၊ ဒကာမတွေ အများကြီး ရှိတယ်။ နောက်ခံအား ကောင်းတယ် လိုက်ခဲ့ပါ” ဟု ခေါ်သည်။ ဤအရှင်က မလိုက်။
“တပည့်တော် မလိုက်လို့ ဒကာ၊ ဒကာမတွေ လာမကြည်ညိုတော့ဘူး ဆိုရင်လည်း တပည့်တော် ဒီနေရာက ထွက်သွားရုံပါပဲ ဘုရား” ဟုပြောလိုက်တော့ ထိုဘုန်းကြီးလည်း လာမခေါ်တော့။

ထိုစဉ်က ဤအရှင် ကျောင်းတွင် တရားအားထုတ်ရန် ရောက်နေကြသော ဒကာ၊ ဒကာမ နှစ်ဆယ် အစိတ်ခန့် ရှိနေသည်။ ထိုဒကာ၊ ဒကာမကိုအကြောင်းပြု၍ ဖြစ်မည်။
“ရတနာမာန်အောင် ဘုန်းကြီး သပိတ်မှောက်ဖို့ ကိစ္စ လူသူ စုရုံးနေတယ်” ဟု ရဲစခန်းသွားတိုင်ကြောင်း သိရသည်။ည ၇-နာရီလောက်မှာ ရဲစခန်းက စခန်းမှူးနှင့် ရဲတွေ ရောက်လာကြသည်။
“လူတွေကို စုရုံးပြီး သပိတ်မှောက်ဖို့ ကြိုးစားနေတယ် ဆိုတာ မှန်ပါသလား” တဲ့။ ဤအရှင်ကို စစ်မေးသည်။
ဤအရှင်က မမှန်ကြောင်း၊ နိုင်ငံရေးကို စိတ်မ၀င်စားကြောင်း၊ ဘုန်းကြီးသိတာက တရားထိုင်မယ်၊ တရားပြမယ်၊ တရားဟောမယ်၊
အဲဒါကိုပဲ သိကြောင်း၊ အဲဒါကိုပဲ လုပ်နေကြောင်း ပြောလိုက်သည်။ ရဲတွေလည်း တွေတွေဝေေ၀ ဖြစ်သွားသည်။ သို့သော် ပြန်တော့ ပြန်သွားကြသည်။

နောက်တစ်ပတ်ခန့် အကြာတွင် စစ်သားတွေ ကျောင်းကို လာဝိုင်းသည်။ “သူပန်တွေ ရောက်နေကြောင်း သတင်းရလို့တဲ့”။
ဤအရှင်က အခြေအနေမှန်ကို ရှင်းပြလိုက်သည်။ သူတို့လည်း လှည့်ပြန်သွားကြသည်။ ဤမျှနှင့် ကိစ္စက မပြီးသေး၊ နောက်သုံးရက်ခန့်အကြာည ၈-နာရီ ခန့်တွင် ရဲနှင့်စစ်တပ် ကျောင်းကို
လာဝိုင်းကြပြန်သည်။ ဤအရှင်က တရားထိုင်သည့် ဂူထဲမှအထွက် သူတို့နှင့် တိုးသည်။ ဗိုလ်ကြီး ဆိုသူက-
“ရတနာမာန်အောင် ဆရာတော်လား” ဟု မေးသည်။
“ဟုတ်ပါတယ် ဒကာကြီး”
“အရှင်ဘုရားကို သူပုန်တွေနဲ့ ဆက်သွယ်တယ်၊ သပိတ်မှောက်ဖို့ လူတွေကို စည်းရုံးနေတယ်လို့ သတင်းရလို့ လာတာပါဘုရား”
ဤအရှင်က-
“ဒကာကြီးတို့ ဒီကိုလာတာ သုံးခါရှိပြီ၊ ဒကာကြီးတို့ ထင်ထားသလို၊ သတင်း ရထားသလို မဟုတ်ပါဘူး၊ အခု ဦးပဉ္ဇင်း တရားထိုင်ပြီးလို့ ထွက်လာတာပါ။
ဂူထဲလည်း ဒကာကြီးတို့ ရှာဖွေနိုင်တယ်၊ ဦးပဉ္ဇင်း ကျောင်းကိုလည်း ဒကာကြီးတို့ ရှာဖွေနိုင်တယ်၊ ရှိတဲ့ ဒကာ၊ ဒကာမတွေကိုလည်း မေးမြန်းစစ်ဆေးသွားကြပါ၊ ဦးပဉ္ဇင်းဟာ နိုင်ငံရေးလည်း
နားမလည်ဘူး၊ ကိုယ်နားမလည်တဲ့ အလုပ်ကိုလည်း ၀င်မလုပ်ဘူး၊ ဦးပဉ္ဇင်း အလုပ်က တရားထိုင်မယ်၊
ဒကာ ဒကာမတွေလာရင် တရားဟောမယ်၊ တရားပြမယ်၊ ဒီအလုပ်ကလွဲပြီး ဦးပဉ္ဇင်း ဘာမှ မလုပ်တတ်ဘူး၊ လုပ်လည်း မလုပ်ဘူး” ဟူ၍ပြောလိုက်လေသည်။
ဗိုလ်ကြီး ဖြစ်သူလည်း သံသယ ရှင်းသွားပုံရသည်။ ကျောင်းဝင်း၊ ကျောင်းပြင် စစ်ဆေးရှာဖွေကာ ပြန်ထွက်သွားသည်။ သည့်နောက် ဆန္ဒပြရန်လာခေါ်သော ဘုန်းကြီးကျောင်းဘက်ရှိရာ ထွက်သွားကြသည်။
နောက်ကျမှ သိရသည်မှာ ထိုဘုန်းကြီးကို သပိတ် ခေါင်းဆောင်မှန်း သိသွားသဖြင့်
ထိုဘုန်းကြီးလည်း ထွက်ပြေး တိမ်းရှောင်သွားသည်ဟု သိရသည်။

တခြား ဘုန်းတော်ကြီး တစ်ပါးကိုလည်း အာရုံထဲ မြင်ယောင်လာသည်။ ဤအရှင်တို့ ကျောင်းနားမှာ ရှိသည့် ဘုန်းကြီးကျောင်းမှ ဘုန်းကြီး ဖြစ်သည်။
ဤအရှင် ဆွမ်းခံကြွသည့်အခါ သူ့ကျောင်းရှေ့မှ ဖြတ်သွားရသည်။ တစ်နေ့မှာ ထိုဘုန်းကြီးက “ဟေ့- ဂေါတမလေး” ဟု လှမ်းခေါ်သည်။ ဤအရှင်က
လှည့်အကြည့်-
ပရိတ်တရားနာ တစ်ခုတွင် ထိုဘုန်းကြီးနှင့် ဤအရှင် ဆုံရသည်။ ထိုဘုန်းကြီးက ဤအရှင်အား “ဘာဖြစ်လို့ သာသနာတော်ကို ဖျက်နေတာလဲ” ဟုမေးသည်။
ဤအရှင်သည် မိမိထက် အသက်လည်းကြီး၊ ၀ါလည်းကြီးသော ဆရာတော်ပင် ဖြစ်၍ ရိုသေစွာပင် “တပည့်တော် သာသနာ မဖျက်ရပါဘုရား” ဟုလျှောက်သည်။
ထိုအခါ ဘုန်းကြီးက-
“ဖျက်နေတာပေါ့ဟ၊ ဘာဖြစ်လို့ ၀ါတွင်း ရဟန်းခံ ရှင်ပြု ပေးရတာလဲ၊ ၀ါတွင်းမှာ ငှက်တောင် အသိုက်မတင်ဘူး ကိုယ်တော်” ဟုပြောသည်။
ဤအရှင်က-
“ဆရာတော်ဘုရား တပည့်တော် ရဟန်းခံ ရှင်ပြုပေးတာ ကုသိုလ်လုပ်တာပါ ဘုရား၊ တပည့်တော်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရဟန်းခံ ရှင်ပြု ကုသိုလ်လုပ်တာပါ” ဟု ပြန်လျှောက်လိုက်သည်။
ထိုကိစ္စကို ဤအရှင်သည် မေ့မေ့ပျောက်ပျောက် ထားလိုက်သည်။ နောက်ပိုင်း၌ ထိုဘုန်းကြီးကို မတွေ့ရတော့။ ဟုတ် မဟုတ်တော့ မသိ၊ မာတုဂါမတစ်ဦးနှင့် လူထွက်သွားသလိုလို ကြားလိုက်ရသည်။
အမှန် ၀န်ခံရလျှင် ဤအရှင် ဖြတ်သန်းခဲ့ရသည့် ခရီးက ကြမ်းတမ်းလှသည်။ သို့သော် အခက်အခဲများလေ ပါရမီပြည့်လေဟု သဘောပိုက်ကာ အဆိုးလောကဓံမှန်သမျှကို ကြံ့ကြံ့ခံခဲ့သည်။

အိန္ဒိယနိုင်ငံ၊ ဒုက္ကရစရိယတောင်မှာ ဤအရှင် (၁၁) လကြာ တရား အားထုတ်ဖူးသည်။ တောင်ထိပ်ပေါ်တက်ပြီး ဤအရှင် တရားအားထုတ်နေစဉ် ထူးထူးခြားခြား ပြိတ္တာကြီး တစ်ကောင်ကိုတွေ့ရဖူးသည်။ သူမထွက်လာမီ ရှေးဦးစွာ ကျောက်တောင်ကြီး အောက်ထဲမှ အသံကြီးတစ်သံ ကြားရသည်။ 

ထိုအသံကြီးသည်တဖြည်းဖြည်း အပြင်ကို ထွက်လာပြီးကြည့်လိုက်သည့်အခါ ပြိတ္တာကြီးတစ်ကောင် 
ကျောက်တောင်ကို ဖောက်ထွက်လာနေခြင်း ဖြစ်သည်။ ပုံသဏ္ဌာန်ကခေါင်းမှာ ဒူးရင်းသီး ဆူးလိုမျိုးတွေနှင့် ဖြစ်သည်။ သူ့ကိုယ်က တီကောင်လိုပျော့စိစိကြီး ဖြစ်သည်။ တီကောင်တွေ ကလည်း တစ်ကိုယ်လုံးကို ထိုးနေသည်။
ရဟန်းကြီး၊ ငါက ဘုရားရှင် လက်ထက်တော်က လယ်သူဋ္ဌေး ဖြစ်ခဲ့ဖူးတယ်၊ ဘုရား ၀တ္တကမြေကို တစ်လံလောက် ကျောက်တိုင်စိုက်ပြီး ခိုးယူခဲ့မိလို့ ယခုလိုကျောက်ပြိတ္တာ ဖြစ်နေရတာပါ” 
 ဟု ပြောသံကိုလည်း ကြားမိသည်။ မေတ္တာပို့ပြီး အမျှဝေခြင်း မပြုမီမှာပင် ကျောက်တောင်ထဲ ပြန်ဝင်သွားသည်။
ဤအရှင်သည် “နှလုံးသွင်းမှား၊ အပါယ်သွား၊ နှလုံးသွင်းမှန်၊ နိဗ္ဗာန်စံ” ဟူသော စကားကို သတိရလိုက်သည်။
“လူတစ်သိန်း သေလို့ လူတစ်ယောက် ပြန်ဖြစ်ဖို့ ခဲယဉ်းသလို၊ နတ်တစ်သိန်း သေလို့ နတ်တစ်ယောက် ပြန်ဖြစ်ဖို့ ပို၍ ခက်ခဲသည်” ဟူသော စကားရှိသည် မဟုတ်လော။
မပြောမဖြစ် ပြောချင်သည့် အကြောင်းတစ်ခု ကိုလည်း တင်ပြလိုပါသေးသည်။ အခြားမဟုတ်၊ မာရ်နတ်၏ သမီးများ ဖြစ်ကြသော တဏှာ၊ ကရတိ၊ ရဂါ နတ်သမီး
သုံးပါးတို့၏ အသင်းဝင် မာတုဂါမများနှင့်လည်း ကြုံရ၏။
ဤအရှင်မှာ ဓမ္မရှိ၏။
သူတို့က အဓမ္မနှင့် တိုက်၏။
အဓမ္မကို ဓမ္မနှင့် ဤအရှင်သည် အောင်နိုင်ခဲ့ပါ၏။

ဗာရာဏသီ မိဂဒါဝုန်မှာ သီတင်းသုံးခဲ့စဉ်က ဖြစ်သည်။
မှတ်မှတ်ရရ နန္ဒိယသူကြွယ် ကျောင်းပျက်နေရာမှာ တရား အားထုတ်နေစဉ် ဖြစ်သည်။ ဤအရှင် ရှိရာသို့ မာတုဂါမသည် ရောက်လာ၏။ ရဲတင်းလှ၏။
ဖြားယောင်းမှုကလည်း ရိုင်းလှ၏။
ဤအရှင်သည် တရား အာရုံကိုသာ စူးစိုက်၍ ထားလိုက်၏။ ထို မာတုဂါမသည် ရှေ့မတိုးတော့ဘဲ တန့်သွား၏။ ပြီးတော့ တစ္ဆေသရဲကို တွေ့သလိုလို
နောက်ပြန်လှည့်၍ ပြေးသွား၏။
အဓမ္မကို ဓမ္မဖြင့် အောင်မြင်ခဲ့ခြင်း အတွက် ဤအရှင်သည် ကျေနပ်လှသည်။

မြောက်ဦးဆရာတော်၏ အတွေ့အကြုံများကို ဤနေရာမှ ပြန်လည်ကြည်ညိုဖော်ပြပါသည်။

Tuesday, June 15, 2010

သက်သက်လွတ်နှင့် ပါဏာတိပါတ သိက္ခာပုဒ် ပြဿနာ


အရှင်ဘုရား တရုတ် ကိုးရီးယား တိဗက် ထိုင်ဝမ် ဟောင်ကောင် ဂျပန်စတဲ့ မဟာယာနအနွယ်ဝင် ဗုဒ္ဓဘာသာများဟာ ကိုယ့်ကြောင့် တပါးသော သတ္တ၀ါတွေ မသေစေကြပါနဲ့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သက်သက်လွတ် စားသုံးကြပါတယ်၊
ဘုရားရှင်ကလဲ လူတွေ ခါးဝတ်ပုဆိုးကဲ့သို့ စောင့်ထိန်းအပ်တဲ့ ငါးပါးသီလ ထဲမှာ ပါဏာတိပါတ သိက္ခာပုဒ်ကို ထည့်သွင်းပညတ်ထားတော်မူပါတယ်၊ ရဟန်းတော်များ အပါအ၀င် မြန်မာဗုဒ္ဓဘာသာလူမျိုး တော်တော်များများဟာ အသားငါးကို စားသုံးနေကြတယ်။

တကယ်လို့ လူတွေ အားလုံးသာ အသားငါးတွေ အားလုံးရှောင်ကြဉ်ပြီး သက်သက်လွတ် စားကြမယ် ဆိုရင် သတ္တ၀ါတွေ သေချိန်မရောက်သေးပဲ မသေတော့ဘူးပေါ့ဘုရား၊ လူတွေက စားသုံးနေကြလို့သာ အသတ်ခံ နေကြရတာပါ၊ အဲဒီအချက်ကို တပည့်တော် နားမလည်နိုင်အောင်ပဲ ဖြစ်နေပါတယ်၊ ကျေးဇူးပြုပြီး ဖြေကြားပေးပါအုံးဘုရား - --

ကိုကျော်လွင်
Genting Highlands

ဂျွန်လ ၁၅ ၇က်နေ့က တောင်ပေါ်ဒေသကို ရောက်ရင်းနဲ့ ဒကာတစ်ယောက်က မေးလာတဲ့ မေးခွန်းလေးပါ၊ မေးချင်စရာ သိသင့်စရာလေးမို့ စိတ်ဝင်စားမိပါရဲ့၊
ဒကာရဲ့ မေးခွန်းထဲကလို လူတွေအားလုံး မစားသုံးကြဘူး ဆိုရင် အကောင်းဆုံးနည်းလမ်းပဲပေါ့၊ သတ္တ၀ါတွေ တိရိစ္ဆာန်တွေကိုလဲ ဇီဝိတဒါန ပေးလှူရာရောက်ပါတယ်၊ သို့သော်လည်း မြတ်စွာဘုရားရှင်အားလုံးသော်မှ ချွတ်လို့ မရနိုင်တဲ့လူတွေ ( တနည်းအားဖြင့် )ပါရမီ မပြည့်သေးတဲ့ လူတွေ ကို မချွတ်နိုင်ပါဘူး၊ ဆိုလိုတာက မတားမြစ်နိုင်ဘူး၊ ဒီတော့ ကမ္မဿကာ - သတ္တ၀ါတခု ကံတခုပဲ၊ ပြုသူအသစ် ခံရသူ အဟောင်း၊ ၀ဋ်ကြွေးရှိလို့ ခံကြရတာ - ဆိုပြီး မျက်နှာလွှဲထားတော်မူခဲ့ရတယ်၊

ဒီနေရာမှာ သက်သက်လွတ်အကြောင်းနဲ့ စားလိုက်တဲ့ အာဟာရက လူတယောက်ကို သစ္စာတရား ထိုးထွင်းသိနိုင်ဖို့ ကျေးဇူးပြုပုံဆိုပြီး အချက် ၂ ခုနဲ့ဖြေကြားပါမယ်၊ ရဟန်းတော်များမှာ သီးသန့် မစားအပ်တဲ့ အသားငါးများ ( ၁၀ )မျိုးရှိတယ်။

၁။ လူသား ( ဇာတ်တူသား ဖြစ်သောကြောင့် )
၂။ ဆင်သား ( ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်ပြီး အန္တရာယ်ကြိုတင်ကာကွယ်နိုင်အောင်လို့ )
၃။ မြင်းသား ( ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်ပြီး အန္တရာယ်ကြိုတင်ကာကွယ်နိုင်အောင်လို့ )
၎။ ခွေးသား ( စက်ဆုပ် ရွံရှာဖွယ် ဖြစ်လို့ )
၅။ မြွေသား ( စက်ဆုပ် ရွံရှာဖွယ် ဖြစ်လို့ )
၆။ ကျားသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ )
၇။ သစ်သား ( ။ )
၈။ ခြင်္သေ့သား ( ။ )
၉။ အောင်းသား ( ။ )
၁၀။ ၀ံသား ( ။ )
အထက်ပါ အသားကြီး ဆယ်မျိုးက လွတ်တဲ့ ကြက်သား ၀က်သားစတာတွေမှာလဲ အစွန်းသုံးပါး လွတ်ရင် ဘုန်ပေးနိင်တယ် လို့ ခွင့်ပြုထားခဲ့တယ်၊ အစွန်းသုံးပါး ဆိုတာက --

၁။ ဒိဋ္ဌမံသ - ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်တယ်လို့ မျက်စိနဲ့ တပ်အပ်မြင်ကာ ချက်ကပ်ထားတဲ့ ဟင်းလျာ၊
၂။ သုတမံသ - ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်ထားတယ် လို့ တဆင့်စကား ကြားကာ ချက်ထားတဲ့ ဟင်းလျာ၊
၃။ ပရိသင်္ကိတ မံသ - ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်ထားတယ် လို့ စိတ်က ယုံမှားရှိနေတဲ့ ဟင်းလျာ၊
တွေကို မဘုန်းပေးကောင်းပါဘူး၊ စားသုံးခဲ့ရင် အပြစ်ဖြစ်ပါတယ်၊ ဒါကြောင့် ကိုယ်နဲ့ သင့်လျော်တဲ့ ဆန္ဒရှိတဲ့ရဟန်းတော်တွေ စားလိုက စားနိုင်တယ်၊ မစားပဲ နေလိုက နေနိုင်ပါတယ် လို့ ကရုဏာတော်နဲ့ ခွင့်ပြုတော်မူခဲ့တယ်၊ လူတွေမှာတော့ ကိုယ်တိုင် မသတ်ရင် စိတ်ကြိုက် စားသုံးနိုင်ပါတယ်၊

နောက်တချက်က ကျယ်ပြောလှတဲ့ စကြာဝဠာကမ္ဘာကြီးထဲမှာ လူအမျိုးမျိုး စရိုက်အမျိုးမျိုးရှိနေတာကြောင့် ဘယ်လို တန်ခိုးရှင်ကမှ တိရိစ္ဆာန်တွေကို မသတ်အောင် မစားသုံးအောင် မတားမြစ်နိုင်ပါဘူး၊ ဘုရားရှင်က တားမြစ်နိင်တယ် ထားဦးတော့ - အဲဒီ အကုသိုလ်သမားတွေကို အချိန်ပြည့် တားဆီးနေရတာနဲ့ အကျိုးရှိတဲ့ မဂ်တရား ဖိုလ်တရားတွေကို ဟောဖို့ အချိန်ရှိမှာ လောက်ငှမှာ မဟုတ်တော့ဘူး၊ ဒါကြောင့်လဲ တ၇ားထူး ရနိုင်သူကို ပထမ ဦးစားပေး ရွေးချယ် ချေချွတ်တော်မူခဲ့တာပါ။

ဒုတိယအချက်ဖြစ်တဲ့ အာဟာရက တရားထူးရဖို့ ကျေးဇူးပြုပုံကတော့ ဘုရားရှင်သက်တော်ထင်ရှား
ရှိစဉ်အခါက ရဟန်းတော် အပါး ( ၆၀ ) ဟာ မြတ်စွာဘု၇ားဆီက ကမ္မဋ္ဌာန်းတောင်းပြီး သာဝတ္ထိနဲ့ ဝေးလံတဲ့ တောရွာတရွာမှာ ၀ါဆိုခဲ့ကြတယ်၊ အဲဒီရွာက ဒကာမကြီးတယောက်ကလဲ သိပ်ကြည်ညိုလွန်းလို့ အစစအရာရာ လှူဒါန်းပေးတယ်၊
တနေ့တော့ ကိုယ်တော်တွေ တရားအားထုတ်နေတာကို ကြည့်ပြီး တပည့်တော်လဲ အားထုတ်လို့ ရနိုင်ပါသလား လို့ မေးလိုက်တာ ရနိုင်တယ် ဆိုတာနဲ့ ၃၂ ကောဋ္ဌာသ ကမ္မဋ္ဌာန်းတောင်းပြီး အချိန်ပြည့် အားထုတ်နေသတဲ့၊
မကြာခင်မှာပဲ ဒကာမကြီးက သုံးမဂ် သုံးဖိုလ် ဆိုက်ပြီး လောကီ ဈာန် အဘိညာဉ်နှင့်တကွ အနာဂါမ်အရိယာ ဖြစ်သွားတယ်၊ တရားထူးရတာနဲ့ တပြိုင်နက်ထဲ - -
" ငါ့ သားတော်တွေ ငါ့လို တရားထူး ရနေကြပြီလား - ဘယ်လို အဆင့် ရောက်နေကြပြီလဲ "လို့ ကြည့်လိုက်တော့ အားလုံး ဟာ ပုထုဇဉ်တွေပဲ ရှိသေးတာကို အဘိညာဉ်နဲ့ မြင်တွေ့လိုက်ရတော့ စိတ်မကောင်းဖြစ်သွားတယ်၊
ဘယ်လိုတွေကြောင့် တရားထူးမရနိုင်ကြတာလဲ လို့ ဆက်လက် ဆင်ခြင်ကြည့်ပြန်တော့ --
သေနာသန သပ္ပါယ - နေရာထိုင်ခင်း အအေး အပူ ရာသီဥတု တွေတော့ မျှတကြပါတယ်၊
ပုဂ္ဂလ သပ္ပါယ - တပါးနဲ့ တပါး လည်းပဲ အမျက်ဒေါသ စတာတွေမရှိပဲ ချစ်ချစ်ခင်ခင် နေကြ မျှတကြပါတယ် -
ဘောဇန သပ္ပါယ - စားသုံးနေရတဲ့ အာဟာရကတော့ မမျှတကြဘူး၊
ဒီနေ့ အချဉ်လေး စားချင်တဲ့ ဆန္ဒရှိပေမယ့် အချဉ်ကို မစားရဘူး၊ အချိုကို တောင့်တပြန်တော့ အစပ် အခါး အရသာရှိတဲ့ ဟင်းတွေ ကို စားရပြန်တယ်၊ ဒီလိုနဲ့ စားချင်တာက တခြား စားနေရတာက တမျိုး ဆိုတော့ မမျှတဘူး ဖြစ်နေတယ်၊
အဘိညာဉ်နဲ့ ဆင်ခြင်ပြီးတဲ့ နောက်နေ့မှာတော့ ရဟန်းအပါး ၆၀ ဆန္ဒ ရှိနေကြတဲ့ ဆွမ်း ခဲဖွယ် ဘောဇဉ် ဟင်းလျာ မှန်သမျှကို စီစဉ် ဆက်ကပ် ပြီး အရှင်ဘုရားတို့ အလိုရှိသမျှ လိုအပ်သလောက် ဘုန်းပေး
သုံးဆောင်တော်မူကြပါဘုရား ဆိုပြီး လှူဒါန်းခဲ့သတဲ့၊

ရဟန်းဘ၀ ဆိုတာကလဲ သပိတ်ထဲ ရောက်လာတာ လောင်းလှူလိုက်တာကိုပဲ ဘုန်းပေးနေကြရတာကိုး၊ ဂျီးများလို့ မရဘူးပေါ့၊ ဟင်းချို ပူပူလေး သောက်ချင်ပေမယ့် လှူတဲ့သူက အေးတိအေးစက် လှူပြန်ရင် သပ္ပါယ မဖြစ်ပြန်ဘူး ၊ ဒါကြောင့်လဲ ရဟန်း ဆိုတဲ့ အဓိပ္ပါယ်ကို (ဘိက္ခတိ ယာစတီတိ ဘိက္ခု )- တောင်းရမ်း အလှူခံပြီး အသက်မွေးရတဲ့ ဘ၀မို့ ဘိက္ခု ခေါ်သတဲ့၊
နောက်တမျိုးက( ပရဒတ္တူပ ဇီဝီ )- သူတပါး ဆိုတဲ့ ဒကာ ဒကာမတွေအပေါ်မှာ မှီပြီး အသက်မွေးရတဲ့ ပုဂ္ဂိုလ်တွေ လို့ ဆိုပြန်သေးတယ်၊ ဒါက ထားပါတော့ -
ဒီနောက်မှာ လိုအပ်တဲ့ အစာ အာဟာရကို သုံးဆောင်ပြီး ဘောဇန သပ္ပါယ မျှတနေကြတဲ့ ရဟန်းတော်တွေဟာ တရားအားထုတ်လိုက်တာ သမာဓိတွေ အဆင့်ဆင့် တက်ကာ တည်ကြည်ပြီး အပါး ( ၆၀ ) လုံး ပဋိသမ္ဘိဒါ လေးပါး ဈာန် အဘိညာဉ်အားလုံးနှင့်တကွ ရဟန္တာ ဖြစ်သွားကြတယ်၊

ရဟန္တာဖြစ်ကြတာနဲ့ တပြိုင်နက်ထဲ အဘိညာဉ်နဲ့ ဆင်ခြင် ကြည့်ပြန်တော့ --
 " အော် -- ငါတို့ အားလုံးရဲ့ မယ်တော်ကြီး မာတိက မာတာ ဟာ ငါတို့ အပေါ်မှာ သိပ်ပြီး ကျေးဇူးများတာပဲ၊ သူရှိနေလို့သာ ငါတို့ တရားထူးရနိုင်ပေတယ် "- လို့ ကျေးဇူးကို မြင်တော်မူကြပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြ၇သတဲ့၊
ဒီနေရာမှာ အကယ်၍များ တရားအားထုတ်နေသူအားလုံးအတွက် လိုအပ်တဲ့ ဘောဇန သပ္ပါယ ကို မရခဲ့လျင် တရားထူး မရနိုင်ဘူး ဆိုတာ ထင်ရှားနေပါတယ်၊ အသားငါးတွေ ကို ရှောင်ကြဉ်ဖို့ စွဲကိုင်နေလျင် ထိုရဟန်းတော်များ ရဟန္တာဖြစ်နိုင်ဦးမည် မဟုတ်ပေ။

ဒါကြောင့်လဲ ယခုအခါ ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမများက ဘုန်းကြီး ၇ဟန်းတော်များကို ဆွမ်းကပ်သည့်အခါ ချို ချဉ် စပ် အခါး၊ အဖန် အရသာ စသည်ဖြင့် သစ်သီးဝလံ ခဲဖွယ်ဘောဇဉ် စုံစုံလင်လင် ဆက်ကပ်နေကြသည်ဟု စာရေးသူက ထင်မြင်မိပါတယ် ၊

တင်ပါ့ ကျေးဇူးတင်ပါတယ်ဘုရား၊ ကျေနပ်ပါတယ် တဲ့။

နည်းမှန် လမ်းမှန်ဖြင့် တရားထူးတရားမြတ်ကို ထိုးထွင်းသိမြင်နိုင်ကြပါစေ --

အရှင်သုနန္ဒာလင်္ကာရ ( ပန်းကမ္ဘာ )
ကျမ်းကိုး၊
မဟာဝဂ္ဂပါဠိ၊ ၀ိနယပိဋက၊
အညတရဘိက္ခုဝတ္ထု
ဓမ္မပဒ၊ စိတ္တ၀ဂ္ဂ၊

TAN SRI ( DR.) LIM GOH TONG တည်ထောင်ခဲ့တဲ့  Genting Highlands  ကို 1964 ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တာ ဆိုတော့ နှစ်ပေါင်း ၄၅ နှစ် သက်တမ်းရှိခဲ့ပြီ

Friday, June 11, 2010

ဘုံဘေတခွင် ရောက်ခဲ့သမျှ အပိုင်း ၅

ကျောင်းကိစ္စတွေ ပြီးစီးလို့ နောက်ထပ် အလည်ရောက်ဖြစ်ခဲ့တာက အဲဒီနိုင်ငံရဲ့ ပညာရေး မြို့တော်လို့ သမုတ်ထားတဲ့ Pune ( သူတို့အခေါ် ပနား) ပုနေးမြို့ပါ၊ တောင်ပေါ်မြို့ ဖြစ်တာနဲ့အညီ သန့်ရှင်းသပ်ရပ်ပြီး နေချင်စရာကောင်းပါတယ်၊ ရာသီဥတု သာယာပြီး မြန်မာပြည်က ပြင်ဦးလွင် မြို့လောက်ပဲ အပူချိန် ရှိမယ် ထင်တယ်၊ တောင်ကြီး ကလော အောင်ပန်း တို့လောက်လဲ မအေးပြန်ဘူး၊

ကျယ်ဝန်းတဲ့ University Of Pune ပုနေးတက္ကသိုလ်ကို လေ့လာဖြစ်ခဲ့ပေမယ့် ဘာသာရပ်တခုအတွက် ဋ္ဌာနတွေ တည်နေရာအဆောင်တွေက ဝေးလံ တာကြောင့် စုံအောင် မရောက်ဖြစ်ခဲ့ဘူး၊ ဘွဲ့နှင်းသဘင်အဆောင်နဲ့ ဂျယကာ စာကြည့်တိုက်၊ သိပ္ပံပညာဋ္ဌာန၊ ရုက္ခဗေဒဋ္ဌာန၊ နည်းပညာဋ္ဌာန၊ စီးပွားစီမံ ဋ္ဌာန၊ ဇီဝနည်းပညာဋ္ဌာန၊ စတဲ့ မှတ်မိတာတွေလောက်ပဲ ရောက်ဖြစ်ခဲ့တယ်၊


တောင်ပေါ် ပုနေးမြို့လေးရဲ့ သဘာဝ အလှများ


ပြုပြင်နေဆဲ တက္ကသိုလ်ထဲက ဘွဲ့နှင်းသဘင် ခန်းမ လို့ ဆိုပါတယ်

ဘွဲ့နှင်းသဘင် အဆောက်အဦးရဲ့ ကျောက်စာ မော်ကွန်း

“ နက္ခတ္တံ ပဋိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ။
အတ္ထော အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာတိ။”

နက္ခတ်ကောင်းကို စောင့်ပြီးမှ လုပ်မယ် ဆိုတဲ့ လူမိုက်ကို ကောင်းကျိုးချမ်းသာ အခွင့်အလမ်းတွေက မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားလိမ့်မယ်၊ ကောင်းတဲ့အလုပ်ကို လုပ်နေသူအတွက် အမြဲတမ်း နက္ခတ်ကောင်း ရှိနေမှာပါပဲ၊ ကောင်းကင်မှာ သွားနေတဲ့ နက္ခတ်တွေက ကိုယ့်အကျိုးစီးပွားအတွက် ဘာမှ လုပ်မပေးနိုင်ပါဘူး ။
(ဧကနိပါတ်၊ နက္ခတ္တဇာတက)


 ဂျယကာ စာကြည့်တိုက်

သိပ္ပံနှင့် နည်းပညာ ဋ္ဌာန

ဇီဝဗေဒ ဋ္ဌာန အဆောက်အဦး အချို့

အခါကောင်းကို စောင့်နေရင် ပြီးဆုံးနိုင်မှာ မဟုတ်တော့ဘူး ဆိုတော့ ပြီးပြတ်အောင် လုပ်မယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖြစ်ခဲ့ပါတယ်။
အိန္ဒိယမြေကို ကြာကြာ မနေချင်တဲ့ စာရေးသူတယောက် အခုတော့ ကွာလာလမ်ပူ Kepong ကပုန်းကျောင်းက ဆရာတော် ဒေါက်တာ အရှင် ဣန္ဒက ရဲ့ နွေးနွေးထွေးထွေး ကြိုဆိုမှုနဲ့အတူ မြန်မာပြည်ကို ပြန်ရောက်နေသလိုပဲခံစားမိပါရဲ့။ ကွာလာလမ်ပူကိုရောက်မှပဲ အိန္ဒိယခရီးစဉ်အကြောင်း ပြန်ရေးဖြစ်ပါတယ်။ မြန်မာအစားအစာတွေနဲ့ ဝေးနေခဲ့တာ ကြာပြီဆိုတော့ အစားအစာတွေကို ဘုန်းပေးရတိုင်း အစားအသောက် ရှားပါးပြီး ဘ၀တက်လမ်းအတွက် ဖြစ်သလို ပညာသင်နေကြရတဲ့ မြန်မာရဟန်းတော် နောင်တော် ညီတော်များကို အကြိမ်ကြိမ် ဦးညွတ်ရင်း -- --

Thursday, June 10, 2010

ဘုံဘေတခွင် ရောက်ခဲ့သမျှ အပိုင်း ၎

ဘ၀မှာ “ ငြိမ်းချမ်းမှု့ကို ရှာတွေ့ထားသူ တယောက်အတွက် ပညာရေး ဆိုတာက မလိုအပ်တော့ပါဘူး” လို့ ဦးနှောက်အသိက ရှိနေပေမယ့် တိုးတက်ပြောင်းလဲနေတဲ့ အိုင်တီ ခေတ်ကြီးထဲမှာ လူမှု့ ပန်းဝန်းကျင်နဲ့ မကင်းနိုင်ပြန်တော့လဲ ပန်းတိုင်ကို မရောက်သေးသမျှ ဆက်လျောက်ရအုံးမယ် ထင်ပါရဲ့၊

ငယ်စဉ်ကတည်းက ဘယ်လို ဘွဲ့တွေ ဒီဂရီတွေ ရရင်ဖြင့် တော်ပါပြီ ကျေနပ်ပါပြီ လို့ ထင်ထားခဲ့တယ်၊ ထင်ထားတဲ့အတိုင်းကြိုးစားပြီး ရလာပြန်တော့လဲ ကျေနပ်တင်းတိမ်ရောင့်ရဲ့မှု့က မရပ်နိုင်ပြန်ဘူး၊ ကိုယ်တယောက်ထဲလား လို့ လိုက်ရှာကြည့်ပြန်တော့ မဟုတ်ဘူးပဲ၊ လူတိုင်း လူတိုင်း ရှင်တိုင်းရဟန်းတိုင်း ပုထုဇဉ်မှန်သမျှ အတူတူပဲကိုး၊
ဒါကြောင့်လဲ မြတ်စွာဘုရားက ဦနော လောကော၊ လောကလူသားတွေ အားလုံးဟာ အမြဲတမ်း လိုနေကြတာချည်းပဲ၊ တခုရလာပြန်တော့ တခုက လိုနေသေးပြန်တယ်၊ ကိုယ်ပိုင်ကား စီးနိုင်သူက ကိုယ်ပိုင် တိုက်နဲ့ ခြံဝင်းလေးနဲ့ နေချင်ပြန်တယ်၊ ဒေါ်လာ ငါးထောင် ချမ်းသာနေသူက သောင်းဂဏန်း
လောက် လိုချင်နေပြန်တယ်၊ တဲ့၊
အတိတ္တော တဏှာဒါသော၊ ရဟန္တာမဖြစ်သေးသမျှ ဘယ်တော့မှ ရောင့်ရဲတယ်လို့ မရှိနိုင်ဘူး၊ သတ္တ၀ါအားလုံးဟာ လိုချင်မှု့တဏှာရဲ့ ကျွန်တွေပဲ၊ တဏှာ စေခိုင်းရာ လုပ်နေကြရတယ် ။ ရဋ္ဌပါလ သတို့သားကို ဆုံးမ ဟောကြားထားတဲ့ ဒီဒေသနာလေးကို တွေးတွေးပြီး ကိုယ့်ကိုယ်ကို သတိနဲ့ ဆုံးမနေရပြန်တယ်၊ ဘ၀ဇာတ်ခုံပေါ်မှာ လူဖြစ်နေရတော့လည်း ဘ၀နေ၀င်ချိန် အထိ ဆက်လက် ကပြရုံပဲ ရှိတော့မပေါ့။ ရုန်းကန် လှုပ်ရှားနေရတာပဲ လူ့ဘ၀မဟုတ်လား၊ ရပ်တန့်နေရင် ထိုင်နေရင် တခြား လူတွေက ကျော်တက်သွားလိမ့်မယ်၊

“ If you do nothing, There will be nothing ”
ဘာမှ မလုပ်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတဲ့ အိန္ဒိယ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ ရဲ့ စကားကို ကြားယောင်မိတော့ ထိုင်နေရမှာလဲ ခက်နေပြန်ရော --

အခုတလော အိန္ဒိယနိုင်ငံ ဘုံဘေမြို့က တက္ကသိုလ်မှာ ကျောင်း ဂျွိုင်းဖို့ ကိစ္စနဲ့ စာရေးလိုက် စာဖတ်လိုက် စူပါဗိုက်ဆာနဲ့ တွေ့စရာ ဆွေးနွေးစရာ ရှိရင် ဆွေးနွေးလိုက်နဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်သွားရင်း တလခွဲနီးပါး လောက် ကြာသွားတာ သတိမထားမိလိုက်ဘူး၊

တကယ်တော့ ကျောင်းအပ်တဲ့ကိစ္စက အဲဒီလောက်အထိ မကြန့်ကြာသင့်ပါဘူး၊ ဒါပေမယ့် ကုလားတွေရဲ့ ရက်ချိန်းကိုတော့ တော်တော်လန့်နေပါပြီ၊ သူတို့ရဲ့ မနက်ဖြန် လာခဲ့ လို့ ပြောလိုက်ရင် နောက်ထပ် အနည်းဆုံး ၃ ရက် ဖြစ်ချင်ဖြစ်မယ်၊ တပတ် ဖြစ်ချင်ဖြစ်မယ်၊ ၅ မိနစ်လောက် စောင့်ပါ ဆိုရင် သေချာပြီ နောက်ထပ် နာရီဝက်လောက် ဖြစ်နေလိမ့်မယ်၊ စာရေးသူကတော့ တလ ကျော်ကျော်နဲ့ အဆင်ပြေသွားလို့ တခြား ကျောင်းသားတွေက ကံကောင်းတယ် လို့ ပြောကြတယ်၊ ကိုယ်တိုင်တော့ အဲလို မထင်မိဘူး၊ ကိုယ့်ရဲ့ ခန္တီပါရမီ အစမ်းသပ် ခံနေရတယ် လို့ပဲ သဘောထားမိတယ်။ နောက်ထပ် သုံးနှစ်လောက် ဒုက္ခခံရအုံးမယ် ဆိုတာ တွေးမိတော့ ပျော်တောင် မပျော်နိုင်ရှာဘူး၊

တချို့ဒေါက်တာ ကျောင်းသားတွေများ ကျောင်းအပ်ဖို့ကိစ္စအတွက် ၃ လလောက် စောင့်နေရတာတောင် အဆင်မပြေချင်သေးဘူး၊ တကယ်တော့ လုပ်စရာ အစီအစဉ်က သိပ်မများပေမယ့် အထက်ကပြောသလို နေ့ရွှေ့ ညရွှေ့ လုပ်နေတော့ မကြာသင့်ပဲ ကြာနေတာပါ၊ စာရေးသူတို့ မြန်မာလူမျိုးတွေက သိပ်ဒေါသ အားကြီးကြတာပဲ၊ အဲဒီလူတွေကို အိန္ဒိယပို့ထားရင် ကောင်းမယ် ထင်တယ်၊ သူတို့ရဲ့ ခန္တီပါရမီ ဘယ်လောက် အတိုင်းအတာအထိ ဖြည့်ဆည်းနိုင်မလဲ လို့ တခါတလေ တွေးမိပါရဲ့၊ ဒါကလဲ ကောင်းစေချင်တဲ့ဘက်ကို ဦးတည်ပြီး ပြောတာပါ၊
နည်းပညာနဲ့ ပညာရေးကို ဦးစားပေးထားပေမယ့် လူဥိးရေ များလွန်းတဲ့အတွက်ကြောင့် လူတန်းစား
အားလုံးကို တန်းတူညီမျှ ဖြည့်ဆည်းပေးနိုင်ဖို့ တော်တော်ကြိုးစားကြရအုံးမယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အနေအထိုင် အစားအသောက်စတာတွေက အင်တာနေရှင်နယ် တန်းဝင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားတာတောင် မသေချာနိုင်ဘူး၊ 

 ဟိန္ဒူဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဂျနာတ့် ရုပ်တု

စာရေးသူနဲ့  စူပါဗိုက်ဆာ ဒေါက်တာ Lalita  Namjoshi  လလိတာ နမ်ဂျိုရှီ

ချီးကျူးစရာက လောဘ အားကြီးကြပေမယ့် ဒေါသ ထွက်တာကို မတွေ့ရသလောက်ပဲ၊ မှတ်မှတ်ရရ တရက်မှာ အဆောင်မှာ နေကြတဲ့ အင်ဂျင်နီယာ ကျောင်းသားတွေထဲက တယောက်နဲ့ တယောက် ရန်ဖြစ်ကြတာ ဘာပြောကောင်းမလဲ မြန်မာတွေဆို ထိုးကြ ကြိတ်ကြနဲ့ အနည်းဆုံး ဆေးခန်းပြေး၇မှာ သေချာတာပေါ့၊ ဒီမှာတော့ ပါးစပ်က အဆောင် ပွင့်ထွက်သွားအောင် အော်နေပေမယ့် တယောက်မှ လက်မပါကြဘူး၊ လက်ပါရင် စပြီးထိုးကြိတ်သူက အရှုံးဆိုပဲ၊ ဒါကို အကြောင်းသိနေတဲ့ ဘေးက ကျောင်းသားတွေက တယောက်မှ ဂရုမစိုက်ကြဘူး၊ ဖျန်ဖြေပေးစရာလဲ လိုမှ မလိုတာပဲလေ၊ တကယ်အံ့သြစရာပါပေ၊
ဘုံဘေမြို့ K J Somaiya College မှ Deperment  OF  Engineering



တက္ကသိုလ် အတွင်းမှ အဆောက်အဦးအချို့

ဘာသာရေးနဲ့ပက်သက်လို့ ဟိန္ဒူဘာသာကို အများဆုံး ကိုးကွယ်ကြပေမယ့် မင်္ဂလာကိစ္စမှာတော့ မိန်းကလေးက တင်ပြီး တောင်းရတာ ဆိုတော့ မြန်မာအတွေးနဲ့ သိပ်ပြီး ဘ၀င်မကျလှဘူး၊ ပညာတတ်တဲ့ ယောင်္ကျားလေးဆိုရင် နှုန်းထားဘယ်လောက်၊ ပိုက်ဆံချမ်းသာတယ် ပညာတတ်တယ် ဆိုတဲ့ ယောင်္ကျားလေးကို လက်ထပ်လိုတဲ့ မိန်းကလေးမိဘတွေကတော့ ကိုယ့်သမီး အိမ်ထောင်ချပေးဖို့ ရှာပေတော့ပဲ၊ တချို့များ ၂ ကြိမ် ၃ ကြိမ် စေ့စပ်ပြီး တင်တောင်းတာတောင် ယောင်္ကျားလေးဘက်က ငြင်းလိုက်လို့ အဆင်မပြေတာတွေ ကြားရသေး၊ နောက်ဆုံးတော့ မျက်နှာပူရတာက မိဘတွေပါပဲ၊ ဒါကြောင့်လဲ တချို့ အိန္ဒိယက ဗုဒ္ဓဘာသာမိဘတွေက သူတို့ သမီးကို ယဉ်ကျေးလိမ္မာသူနဲ့ အိမ်ထောင် ကျစေဖို့ ဆာဒူးခေါ် ဘုန်းကြီးတွေကို ဆုတောင်းပေးပါ လို့ အကြိမ်ကြိမ် ဆုတောင်းနေတတ်ကြတယ်။

ဆက်ပါအုံးမည် - -

Monday, June 7, 2010

လူမှု့ရေးနှင့် သိမ်မွေ့သော ပါဏာတိပါတများ


အရှင်ဘုရား၊ မေးလျောက်စရာတခု ရှိလို့ပါဘုရား၊ တပည့်တော်တို့ အနောက်နိုင်ငံတွေမှာ
လူမျိုးမရွေး ဘာသာမရွေး နိုင်ငံမရွေးပဲ ( ကန်တော့ပါရဲ့ ) အလိုမတူပဲ မုဒိန်းကျင့်ခံနေရတဲ့ မိန်းကလေးငယ်တွေ ဟာ နောက်ဆက်တွဲအနေနဲ့ ငယ်ငယ်ရွယ်ရွယ်မှာ ကိုယ်ဝန်ဆောင်ရခြင်း ဒုက္ခတွေကို ခံစားနေရပါတယ်၊ တကယ်တော့ သူတို့ဟာ ငယ်ရွယ်သူများ ဖြစ်ကြတဲ့အတွက် တချို့များ ၁၃ နှစ် အရွယ်လောက်မှာပဲ ကိုယ်ဝန်ဆောင်မိခင် ဖြစ်နေကြရတာမို့ တတ်သိနားလည်တဲ့ လူကြီးတွေက နည်းလမ်းတွေ ဘာတွေ ပြောပြပြီး အဲဒီကိုယ်ဝန်ကို ဖျက်ချပေးရပါတယ်၊ မသိနားမလည်သေးတဲ့ ကလေးတွေ ဖြစ်တဲ့အတွက် လူကြီးတွေက မျက်နှာလွှဲနေလို့လဲ မဖြစ်ပြန်ဘူးဘုရား၊

ဒီတော့ ဖခင်မပေါ်တဲ့ ကလေးကို မွေးဖွားခဲ့ပြန်ရင်လဲ လူ့အသိုင်းအ၀ိုင်းထဲမှာ ဘယ်လိုမှ မျက်နှာပြလို့ မရပြန်ဘူး၊ တပည့်တော်တို့ မြန်မာလူမျိုးတွေမှာဆို ပိုဆိုးပါတယ်၊ တကယ်ပဲ ပတ်ဝန်းကျင် အပြင်ဘက် ရောက်သွားတော့တာပါ၊ ပတ်ဝန်းကျင်ကလဲ လူမှု့ရေးကို အဓိကထားပြီး သူ့ကို ၀ိုင်းဝန်းကူညီ
ပေးကြရပါတယ်၊ ကိုယ်ဝန်အရင့်အမာ မဖြစ်သေးရင် နည်းမျိုးစုံနဲ့ ဖျက်ဖို့ အကူညီပေးရပြန်တယ်ဘုရား၊

နောက်တချက်က မဖျက်ပဲ မွေးဖွားလာခဲ့ရင်လဲ လက်ခြေ မသန်မာတဲ့ ကလေးတွေ၊ ဦးနှောက် ပုံမှန်မဟုတ်တဲ့ကလေးတွေ၊ မျက်စိမမြင်၊ နားမကြား၊ ဆွံ့အနေတဲ့ကလေးတွေ စသဖြင့် ပုံမှန် မဟုတ်တဲ့ ကလေးတွေကို မိခင်ဝမ်းတွင်းမှာကတည်းက အာထရာဆောင်း နဲ့ ကြည့်တဲ့အခါမှာ ကြိုတင် သိနေမြင်နေကြရပါတယ်၊ အဲဒီတော့ ဒီလို ကလေးတွေ မွေးလာပြန်ရင်လဲ လူ့လောက ထဲမှာ သူတို့ကို ပြုစုယုယနေရတာနဲ့ မိဘတွေမှာ တခြားအလုပ်မလုပ်နိုင်တော့ပါ၊

ဒါကို ကြိုတင်ဖြေရှင်းထားမှ သူတို့ဘ၀ အနာဂါတ် မှာသာယာပြီး ချမ်းမြေ့နိုင်ပါမယ်၊ တပည့်တော် သိချင်တာက အဲဒီလို အနှိပ်စက်ခံ မိခင်လောင်း အမျိုးသမီးလေးတွေ ကို ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့တဲ့အခါ လူမှု့ရေး အရ လူကြီးတယောက်အနေနဲ့ ကူညီပေးမိပါတယ်၊ အဲဒီလို ကူညီတာဟာ ပါဏာတိပါတကံ ထိုက်ပါသလား ဘုရား --
သိလိုသူ
ဒကာမတစ်ဦး

မေးသင့်တဲ့ မေးခွန်း၊ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ၊ သိပ္ပံပညာ နည်းပညာတွေ ထွန်းကားပြီး ရုပ်ဝါဒ ဆန်လာတဲ့ ဒီနေ့ ခေတ်ကြီးထဲမှာ သိမ်မွေ့နူညံ့ပြီး စဉ်းစားရခက်စေတဲ့ မေးခွန်းမျိုးပေါ့၊ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဆိုတာ ဒါမျိုး အခြေအနေ ထင်ပါရဲ့၊ နားလည်လွယ်အောင် ဘုရားဟော တရားတော်တွေကို ထောက်ဆ ဖြေပေး၇ရင်ဖြင့် ပါဏာတိပါတကံ ထိုက်တယ် လို့ပဲ အတိုချုပ် မှတ်ရပါမယ်။ဘာကြောင့်လဲဆိုတော့ ပါဏာတိပါတအကုသိုလ်ကံမှာ လူသားကို ဖြစ်စေ ၊ တိရိစ္ဆာန်တွေကို ဖြစ်စေ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် သေစေတဲ့ အခါမှာ အောက်ဖော်ပြပါ အင်္ဂါ ၅ ချက် စုံတယ်ဆိုရင် ကံမြောက်တော့တာပါပဲ၊

ပါဏာတိပါတ အင်္ဂါ ၅-ပါး
(၁) ပါဏ- သက်ရှိထင်ရှား သတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ- သက်ရှိသတ္တ၀ါဟု စိတ်က သိနေခြင်း၊
(၃) ဃာတ စိတ္တ- သတ်လို သေစေလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ- သေအောင် ပါးစပ်ဖြင့်လည်းကောင်း၊ ကိုယ်တိုင်အားထုတ်၍လည်းကောင်း လုလ္လပြု ခြင်း၊
(၅) မရဏ- ကိုယ့်ပယောဂကြောင့် တဖက်သား သေသွားခြင်း။

ယခုခေတ်အခါ ကိုယ်ဝန်ဖျက်ချဖို့အတွက် ကိုယ်ဝန်ကျဆေးပေးခြင်း၊ ဘယ်လိုပုံစံ လုပ်ရင်ဖြင့် ကိုယ်ဝန်ကျစေနိုင်တယ် စသဖြင့် မိမိပါးစပ်က နည်းလမ်းပြကာ ပြောဆိုနေစဉ်ပင် စိတ်ကလဲ ကိုယ်ဝန်ကျစေ ( တနည်းအားဖြင့် သေစေလိုတဲ့ စေတနာက ပြဋ္ဌာန်းနေတဲ့အတွက် ) ကိုယ်တိုင် သတ်သလိုပါပဲ၊ ဒါကြောင့် အကုသိုလ် မဖြစ်လိုလျင် ဝေေ၀းရှောင်နိုင်လေ အကုသိုလ်ကင်းလေ လို့ပင် ဆိုရပါလိမ့်မည်၊ 

နောက်ရှောင်လွှဲနိုင်တဲ့ တနည်းကတော့ နစ်ဦးသား စပ်ယှက်ပြီးချိန်မှနောက် ( ၇ ) ရက်ကျော်လွန်လျင် ကလလရေကြည်တည်တယ် လို ဆိုပါတယ်၊ အဲဒီအချိန်မှာ ကိုယ်ဝန်သန္ဓေသား အသက် ၀ိဥာဉ် ရှိနေပြီ လို့ မြတ်စွာဘုရားရှင် ဟောတော်မူထားတာကြောင့် အဲဒီ ၇ ရက်အတွင်း ဆေးစား ဆေးထိုးလုပ်ရင်ဖြင့် 
ပါဏာတိပါတကံ ကို ရှောင်နိုင်ပါမယ်။ ယခုခေတ် ဆေးဆရာဝန်များကတော့သန္ဓေသား ၄ လ ပြည့်မှ
အသက်ဝိဥာဉ် ရှိတယ်၊ ဥပမာ နှလုံးခုန်လာတယ် အသက်ရှုလာတယ် လို့ ဆိုပါတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက် ဘုရားဟောသည့်အတိုင်းကြိုတင်ကာကွယ်တာက အသေချာ
ဆုံးလို့ ယုံကြည်ပါတယ်၊

ဒါကြောင့်လဲ ၇ဟန်းတော်များရဲ့ပါရာဇိက ၄ ပါး အပြစ်ကြီး အာပတ်ကြီးထဲမှာ လူတယောက်
အသက်ကို ဘယ်လိုအကြောင်းကြောင့်မှ မသတ်ရဘူး၊ နောက်ဆုံး ပါးစပ်နဲ့ သတ်ခိုင်းတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို သတ်သေချင်သူရဲ့ အနားမှာ ကတ်ကြေး ဒါး သံချွန် စသည် ထားပေးတာပဲ ဖြစ်ဖြစ် မလုပ်ကောင်းဘူး၊ သေမည့်သူကို အားပေးအားမြှောက်လဲ မပြောရဘူး၊
ရဟန်းတော်များဟာ ကိုယ်ဝန်ဆောင်မိခင်သည်ကိုလဲ ဘယ်ဆေးကို သောက်လိုက်၊ ဘယ်လို လုပ်လိုက်ရင် ကိုယ်ဝန်ကျစေရမယ် စသည်ဖြင့် ယောင်လို့တောင် ပါးစပ်နဲ့ မပြောကောင်းဘူး၊ ကိုယ်ပြောတဲ့အတိုင်း သန္ဓေလောင်းကလေး သေလို့ကတော့ ရဟန်းဘ၀ ဆုံးရှုံးတော့ပါတာပါပဲ။ ဒါကြောင့် ပါဏာတိပါတအပြစ်ဟာ ထင်ရှားသိသာတယ် လို့ ထင်ရပေမယ့် သိပ်ပြီး နူညံ့တဲ့ အကုသိုလ်ဆိုလဲ မမှားပါဘူး၊
လူမှု့ရေးတခုကိုသာ ကြည့်ရင် ခွင့်လွှတ်နိုင်စရာ လို့ ထင်ရပေမယ့် အပြစ်ဟာ အပြစ်ပါပဲ၊ ဒီနေရာမှာ ကိုယ်တိုင်သတ်ပုံ ၊ သေစေပုံ နည်းလမ်းတွေကို ဗဟုဿုတအဖြစ် ရှာဖွေထုတ်နှုတ်တင်ပြလိုက်
ပါတယ်။
ပါဏာတိပါတကံ ၏ ပယောဂအမျိုးအစား ၈-ပါး
(၁) ဥဒ္ဒိဿ ပယောဂ-သေစေလိုသော သတ္တ၀ါကို စိတ်မှတ်၍ သတ်ဖြတ် ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ- ဘာကောင်သေသေ၊ တကောင်ကောင် သေရင် ပြီးရော စိတ်မျိုးဖြင့် သတ်ဖြတ်ခြင်း၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ- သူတပါးကို သတ်ခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် သေစေခြင်း၊
(၆) ထာဝရ ပယောဂ- တွင်းတူးထားကာ တွင်း၌ကျ၍သေစေခြင်း၊ ဆေးဝါး အစီအရင် စသည်ဖြင့် သတ်ခြင်း၊
(၇) ၀ိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီအရင်တို့ဖြင့် သေအောင်သတ်ခြင်း၊
(၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိတန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်း။
ပါရာဇိကဏ် အဋ္ဌကထာ ဒု ။

ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး
ဤနေရာ၌ ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာအမျိုးမျိုးဖြင့် လာရှိသော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌကထာလာ သင်္ချာ ၂၃-ပါးကို ပြဆိုပါမည်၊

(၁) ခြေလက် စသော ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) ခန္ဓာကိုယ် အချိုးအစား မကျခြင်း၊
(၃) နုံနှေး လေးဖင့်ခြင်း၊
(၄) ခြေ, လက်, ဖ၀ါး, မညီညာခြင်း၊
(၅) ရုပ်ဆိုးခြင်း ၊
(၆) အသားအရေ မွဲခြောက်ခြင်း၊
(၇) အသားအရေ ကြမ်းထမ်းးခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ ချိုချိုသာသာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင် ကြင်နာမည့်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပြိုကွဲ ပျက်စီးခြင်း၊
(၁၃) ထိတ်ထိတ်လန့်လန့် ဖြစ်နေရခြင်း၊
(၁၄) လက်နက်, အဆိပ် သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂဖြင့် မသေသင့်ပဲ သေရခြင်း၊
(၁၆) တွေဝေ ထုံထိုင်း ဖျင်းအခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) စက်ဆုပ်ဖွယ် ရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကွသော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ ဗျာပါဒ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) ကိုယ်တိုင်လဲ အသက်တိုခြင်း။

ဗုဒ္ဓတရားတော်အရ မိခင်ဝမ်းတွင်းမှ သန္ဓေသားကလေးဟာ ကိုယ်လက် အင်္ဂါ ချို့တဲ့သည်ဖြစ်စေ ကောင်းသည်ဖြစ်စေ၊ ဘ၀အဆက်ဆက်က ဆည်းပူးခဲ့တဲ့ သူ့ရဲ့ အကုသိုလ်ကံအတိုင်း အကျိုးပေးတယ်လို့ပဲ မှတ်ရပါမယ်၊ ကိုယ်ကတော့ လုလ္လပြုပြီး သတ်ဖို့ အားမထုတ်သင့်ပါဘူး၊

အထက်ပါအချက်အလက်တို့ကိုထောက်ရှု့သောအားဖြင့်ယခုခေတ်တွင်မရှူ့မလှဝေဒနာခံစားနေရ
သော လူနာအား ထိုးဆေးထိုးကာ အနားပေးစေခြင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ ခွင့်ပြုမိန့်စသည်ရယူကာ ဖျက်ချစေခြင်း၊ လူမှုရေး ပရဟိတ လုပ်နေသူတိုင်း မကင်းနိုင်သော NGO အဖွဲ့အစည်း၊ UniCef စသောအဖွဲ့အစည်းများလဲ သတိထားသင့်တယ် လို့ စာရေးသူကတော့ သတိပေးလိုပါတယ်၊
ဥပမာ - တရားသူကြီးက သေဒဏ် ကျခံရမယ့် တရားခံကို မလွှဲမရှောင်သာလို့ ဒီလူကို အနားပေးလိုက်ပါ လို့ မျက်နှာအမူအယာရော စကားနဲ့ပါ ချိုချိုသာသာ အမိန့်ချလိုက်ပေမယ့် တဖက်သားမှာတော့ မသေချင်ပဲ သေရတော့မှာပါ၊ တရားခံသေတာနဲ့တပြိုင်နက် တရားသူကြီးဟာလဲ သတ်ပေးသူနဲ့ အတူတူ ပါဏာတိပါတကံ အလိုလို ထိုက်သွားပါပြီ၊

 ဒါကြောင့် နုးညံ့သိမ်မွေ့တဲ့ ပါဏာတိပါတတွေကို အတတ်နိုင်ဆုံး ရှောင်လွှဲကာ လူမှု့ဒုက္ခတွေကို ဖြေရှင်းနိုင်ကြပါစေ လို့ မေတ္တာစကားဖြင့် နိဂုံးချုပ်လိုက်ပါတယ်။

Friday, June 4, 2010

တော်ဝင် ပန်း


သူလျှင်မရှိ၊ လွမ်းသတိနှင့်၊
သူရှိပါက ရှိလျှက်တ- သည်၊
ငွေလမျက်နှာ ပွင့်ပါ၏ ။

သူမပွင့်ခင်၊ စိတ်ကူးယဉ်ရ၊
သူလျှင်ပွင့်က တော်ဝင်စွဟု၊
ဆံစဦးမျှင်၊ ထိပ်မှာဆင်သည်
သဇင်မျက်နှာ ကြီးပါဘိ ။

လတွင်အလင်း၊ ဇင်မင်းရနံ့၊
ကိန်းပျံ့နှံ့တည် ပိုင်ဆိုင်သည်ကြောင့်၊
လူပြည်ဌာန၊ လူ့စိတ္တတွင်
ထာဝရနေရာ ယူထားသည်။
မြိုင်တက္ကသိုလ်၊ ဝင်နားခိုသည့်၊
ရွယ်ပျိုနုမျစ် တပည့်ချစ်၊

လူဖြစ်လေရ၊ ဒုလ္လဘ၌
ဖြည့်ကြရောင်ဝါ၊ လထက်သာသည်၊
ပညာအလင်း ကိုယ်မှာဝင်းစေ၊
ဇင်မင်းဆယ်ဆ၊ မျှမကသည့်
စာဂအကျင့်၊ မွှေးသဖြင့်လျှင်၊
အခွင့်ထိုက်တန် နေရာမှန်၌
သက်ပန်ရာပြည့် တည်စေသတည်း။ ။

တက္ကသိုလ် ဘုန်းနိုင်
 ကဗျာလေး သိမ်းထားချင်လို့ တင်လိုက်တာပါ၊ ပန်းအကြောင်း ကောင်းကောင်းမသိပါဘူး၊ သဇင်ပန်းလား သစ်ခွပန်းလားကို မခွဲတတ်သေးဘူး၊ အဲလောက် တော်ပါတယ်။

Wednesday, June 2, 2010

သာသနာ့အလံ တီထွင်သူ အမှန်

(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်

(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုကော့ ( H.S. Olcott )

ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။ 
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။

၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။

စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)

စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ

သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်

သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။

အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။

ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။

စူးရှသော စိတ်ကူးဥာဏ် ရှိခဲ့သော စီ ပီ ဂုဏ၀ဍ္ဎန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။
အရှင်စန္ဒောဘာသ(ရွှေဘို)ရေးသားသော `သာသနာ့အလံတော်´ စာအုပ်နှင့် ဒီဝက်ဆိုက် မှ မှီငြမ်းရေးသားပါသည်။